SJ WorldNews - шаблон joomla Авто

ပြည်သူများ သန့်ရှင်းလတ်ဆတ်သည့် အသားများ စားသုံးနိုင်ရေး နေ့စဉ်အသား ထုတ်လုပ်ရုံများမှ ကျန်းမာ ရေးနှင့် ညီညွတ်သော အသားများ ထုတ်လုပ်ပေးနေ

Thursday, 25 January 2018 12:19 Written by  font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့မှာရှိတဲ့ပြည်သူတွေ သန့်ရှင်းလတ်ဆတ်တဲ့ အသားတွေ စားသုံးနိုင်အောင် ဘယ်လိုမျိုး ဆောင်ရွက်ပေးနေပါသလဲ။

ကျွန်မတို့ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနရဲ့ရည်မှန်းချက်တာဝန်က လေးခုရှိပါတယ်။ ပထမရည်မှန်းချက်က ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်ပြီး စားသုံးဖို့သင့်တဲ့ အသားတွေ  ထုတ် လုပ် ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီအတွက် နေ့စဉ်အသားထုတ်လုပ်ရုံတွေမှာ သန့်ရှင်းလတ်ဆတ်  ကျန်းမာ ရေးနဲ့ညီညွတ်စွာ စားသုံးသင့်တဲ့အသားတွေကို ထုတ်လုပ် ဖြန့်ဖြူးပြီးကော်မတီပိုင် ဈေးတွေမှာ ပြည်သူ တွေနေ့စဉ် လုံလောက်စွာဝယ်ယူရရှိဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

ဆရာမတို့ဌာနအနေနဲ့ သားသတ်ရုံ ဘယ်နှရုံရှိပါသလဲ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနမှာ ထုတ်လုပ်နေတဲ့ အသားထုတ်လုပ်ရုံ ငါးရုံရှိပါတယ်။ ရွာသာကြီးမှာ အမဲ၊ သိုး၊ ဆိတ်အသား ထုတ်လုပ်ဌာနခွဲရုံရယ်၊  ဝက်အ သားထုတ်လုပ်ရုံရယ်ဆိုပြီး နှစ်နေရာရှိပါတယ်။ လှိုင်သာယာမွေးမြူရေးဇုန်မှာ အမဲ၊ သိုး၊ ဆိတ်အသား ထုတ် လုပ်ရုံရှိပါတယ်။အင်းစိန်မြို့နယ် ရွာမမှာ ဝက်အသားထုတ်လုပ်ရုံနဲ့ ရွှေပြည်သာမှာ သိုး၊ ဆိတ် အသား ထုတ်လုပ်ရုံရှိပါတယ်။

အသားထုတ်လုပ်ရုံတွေမှာ အသားတွေကို ကျန်းမာရေးနဲ့ ညီညွတ်မှုရှိအောင် နေ့စဉ် ထုတ်လုပ်နေပုံကို ပြောပြပေးပါဦး။

အသားထုတ်လုပ်ရုံတွေမှာ တာဝန်ကျတဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေရှိတယ်။ အသားထုတ်လုပ်ရုံတွေကို ရောက်ရှိလာတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်က တိရစ္ဆာန်အရှင်တွေကို တာဝန်ကျတဲ့ ဆရာဝန်တွေက အသား မထုတ်လုပ်မီ ကျန်းမာရေးကိုစစ်တယ်။ အဲဒါက အသားမထုတ်လုပ်မီ တိရစ္ဆာန်အရှင်တွေကို စစ်ဆေးတယ်။ အဲဒီလိုစစ်ဆေးပြီးမှ တိရစ္ဆာန်အရှင်တွေ ကူးစက်ရောဂါမရှိဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ အသားထုတ် လုပ်နိုင်တဲ့ အနေအထားလည်းရှိတယ်ဆိုရင် တိရစ္ဆာန်တွေကို နှစ်ရက်အနားပေးပြီးမှ အသားထုတ်လုပ်ပါတယ်။ အသားထုတ်ပြီးတဲ့အခါမှာ အသားခြမ်းတွေကို တာဝန်ကျတဲ့ ဆရာဝန်က  စားသုံးဖို့ သင့်တဲ့ အသား၊ အတွင်းကလီစာ၊ ခေါင်း၊ ခြေထောက်တွေကို ထပ်စစ်ဆေးပြီး စားသုံးဖို့ မသင့်ဘူးဆိုရင် ပယ်ပါတယ်။  စားသုံးဖို့သင့်တဲ့ အသားတွေကို အိန္ဒိယနိုင်ငံ Gujarat မှာယူတင်သွင်းတဲ့ Carmoisine Fooddye ကိုအ သုံးပြုပါတယ်။ အသုံးပြုပြီးတော့မှ အသားမှာ တံဆိပ်ဆွဲပေးပြီး လုပ်ငန်းရှင်တွေက ကော်မတီပိုင်ဈေးထဲမှာ ဈေးသည်တွေဆီ ဖြန့်ဖြူးပြီး ဈေးအသီးသီးမှာ ရောင်းချပါတယ်။

အသားထုတ်လုပ်ရုံတွေကနေပြီး တစ်ရက်ကို အသားဘယ်လောက် ထုတ်လုပ်ပါသလဲ။

နေ့စဉ် အသားထုတ်လုပ်မှုကတော့ ပျမ်းမျှ ရွာသာကြီး အမဲ၊ သိုး၊ ဆိတ်အသား ထုတ်လုပ်ဌာနခွဲရုံက  တစ်နေ့ကို နွားကောင်ရေ ၂ဝဝ ဝန်းကျင် ပိဿာချိန် ၂ဝ၆ဝဝ ၊ တစ်နေ့ကို သိုးနဲ့ဆိတ်က ကောင်ရေ ၂ဝဝ ကျော်နဲ့  ပိဿာချိန် ၃၅ဝဝ ဝန်းကျင်၊ လှိုင်သာယာမွေးမြူရေး ဇုန်ကနေ တစ်နေ့ကို နွားကောင်ရေ ၂ဝ ဝန်းကျင် ပိဿာချိန် ၂၃ဝဝ၊ သိုးနဲ့ ဆိတ်က ကောင်ရေ ၂၄ဝ ဝန်းကျင်  ပိဿာချိန် ၃၇ဝဝ၊  ရွှေပြည်သာ သိုး၊ ဆိတ်အသား ထုတ်လုပ်ရုံက သိုးနဲ့ ဆိတ်ကောင်ရေ ၅ဝ ဝန်းကျင် ပိဿာချိန် ၈ဝဝ ကျော်၊ ရွာသာကြီး အသား ထုတ်လုပ်ရုံက ဝက်ကောင်ရေ ၄ဝဝ ခန့် ပိဿာချိန် ၁၉ဝဝဝ ကျော်၊ ရွာမ ဝက်အသားထုတ်လုပ်ရုံက ဝက်ကောင်ရေ  ၉ဝဝ ဝန်းကျင် ပိဿာချိန် ၃၆ဝဝဝ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်အတွင်းက ပြည်သူတွေစားသုံးနိုင်ဖို့ ထုတ်လုပ်ပေးနေပါ တယ်။

ဈေးကွက်ထဲကို ဝင်ရောက်နေတဲ့ အေးခဲအသားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုထိန်းချုပ် ပါသလဲ။

၂ဝ၁၁ ခုနှစ်မှာ တစ်ကြိမ်၊၂ဝ၁၅ ခုနှစ်မှာ တစ်ကြိမ်၊ ကြည့်မြင်တိုင် ကမ်းနားဈေး နတ်စင်လမ်းမှာ ပျံကျ ရောင်းတဲ့  အေးခဲကြက် အသည်းအမြစ်တွေကို စစ်ဆေးလိုက်တော့ ကလီစာတွေက အရောင်ပြောင်းပြီး ပြာ နှမ်းနေလို့   စားသုံးဖို့မသင့်တော့ဘူး။ တကယ်လို့  ထိုင်းဘက်က တရားမဝင် သယ်ဆောင်လာတဲ့လမ်းမှာ ရေခဲရိုက်လာမယ်။ လမ်းခရီးတစ်လျှောက်မှာအအေးမလွတ်စေဖို့ ရေခဲမလွတ်ဖို့လိုပါတယ်။ သယ်လာတဲ့ လမ်းတစ်လျှောက်မှာ တစ်ခုခုဖြစ်တယ်ဆိုရင် ဖြန့်ဖြူးရောင်းချတဲ့ဈေးတွေမှာ ကျွန်မတို့က ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးသိမ်းဆည်းပြီး ဆေးဖျန်းပြီး မြေမြှုပ်ဖျက်ဆီးပါတယ်။

ပြည်သူတွေအနေနဲ့ အသားတွေကို ဘယ်လိုစားသုံး သင့်ပါသလဲ။

လူတိုင်းက နေ့စဉ်ချက်ပြုတ်စားတဲ့အခါ အသားတွေက သန့်ရှင်းလတ်ဆတ်ဖို့၊ ဘေးအန္တရာယ်ကင်းဖို့၊ ကျန်းမာရေးနဲ့  ညီညွတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေ့ချင်းပြီး ထုတ်လုပ်တဲ့ အသားတွေကို စားသုံးတာ အ ကောင်းဆုံးပါ။

Read 24 times
Rate this item
(0 votes)
Last modified on Thursday, 25 January 2018 12:38