SJ WorldNews - шаблон joomla Авто

ငယ်ဘဝကတည်းက မန်ယူမှာ ကစားဖို့ပဲ အိပ်မက် မက်ခဲ့တယ်

Monday, 29 January 2018 09:33 Written by  font size decrease font size decrease font size increase font size increase font size

မန်ယူ တိုက်စစ်မှူးသစ် ဆန်းချက်ဇ်နှင့် အင်တာဗျူး

ဇန်နဝါရီ ၂၂ ရက်မှာ အာဆင်နယ်အသင်းကနေ မန်ယူကို ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်လစာဖြစ်တဲ့ တစ်ပတ်လစာ ပေါင်သုံးသိန်းခွဲ၊ ပုံရိပ်အသုံးပြုခ တစ်ပတ် ပေါင်တစ်သိန်းနဲ့ အပိုဆုကြေး တစ်ပတ်ပေါင် တစ်သိန်း လေးသောင်းလေးထောင် စုစုပေါင်း ပေါင်ခြောက်သိန်းဝန်းကျင်နဲ့ တရားဝင်ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို မန်ယူအသင်းက ဗီဒီယိုမှတ်တမ်း အင်တာဗျူး ရိုက်ကူးပြီး အ သင်းတရားဝင် ဝက်ဘ်ဆိုက် လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်ကို တင်ဆက်ပြသခဲ့ပါတယ်။ မန်ယူကစားသမားအဖြစ် ပထမဆုံးအကြိမ်အဖြစ် ဆန်းချက်ဇ်ရဲ့ အင်တာဗျူးအစီအစဉ်မှာ သူကငယ်စဉ်က တည်းက မန်ယူအသင်းမှာ အထင်ကရကျောနံပါတ်ဖြစ်တဲ့ နံပါတ်(၇)ကို ဝတ်ဆင်ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့ကြောင်း၊ မန်ယူကို ဖာဂူဆန်နည်းပြစဉ်ကာလက ပြောင်းရွှေ့ရောက်ရှိဖို့ နီးစပ်ခဲ့သေးကြောင်း၊ အခု တစ်သက်တာမက်ခဲ့ရတဲ့ အိပ်မက် တွေ ဖြစ်လာတာကြောင့် ဘဝရဲ့ အပျော်ဆုံးအခိုက်အတန့်ကို ရရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆန်းချက်ဇ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မန်ယူကစားသမားအဖြစ်  သတ်မှတ်နိုင်ပြီဆိုတော့ ဘယ်လိုခံစားရလဲ။

ကျွန်တော်ကလေးဘဝကတည်းက မက်ခဲ့ရတဲ့အိပ်မက်က မန်ယူအသင်းမှာ ကစားခွင့်ရရေးလို့ အမြဲပြောခဲ့ပါတယ်။ အခုဒီအသင်းကို ရောက်တော့မှ ပြောတာမျိုး မဟုတ်ပါဘူး။ ကလေးဘဝကတည်းက မန်ယူမှာ ပဲ ကစားချင်ခဲ့ပြီး ဒီအကြောင်းကို ဖာဂူဆန်နဲ့ တစ်ခါဖွင့်ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့ မိနစ် ၂ဝ လောက် စကား ပြောခဲ့ကြတယ်။ မန်ယူက အင်မတန်အင်အားကြီးပြီး သြဇာကြီးမားတဲ့ အသင်းဖြစ်တာကြောင့် အခုဒီအသင်း ကို ရောက်လာရလို့ မန်ယူအသင်းရင်ဘတ် တံဆိပ်ကို ကြည့်ပြီး ဆံပင်မွေးတွေ ထောင်လာရပါတယ်။

မန်ယူအသင်းမှာ ဘယ်လိုအောင်ပွဲမျိုး ရနိုင်မယ်လို့ ထင်ပါသလဲ။

ဒီအသင်းမျိုးက ရှိသမျှအောင်မြင်မှုမျိုးကို ရနိုင်တဲ့ အသင်းပါ။ အသင်းရဲ့တံဆိပ်က ဒါကို ပြောပြနိုင်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြီးမားလှတဲ့အသင်း ဖြစ်တာကြောင့် ဒီအသင်းကို ကျွန်တော်ရောက် လာရခြင်း မှာ  ပရီးမီးယားလိဂ်၊  ချန်ပီယံလိဂ်နဲ့ယှဉ်ပြိုင်ရမယ့် ပွဲတိုင်းမှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ပါတယ်။

ဖာဂူဆန်နည်းပြအဖြစ် ရှိနေစဉ်က ဆန်းချက်ဇ် မန်ယူကိုရောက်ဖို့  အခွင့်အရေးရခဲ့တယ်ဆို။ အဲဒီအချိန် ကတည်းက မန်ယူမှာကစားဖို့ သန္နိဋ္ဌာန်ချထားတာလား။

အလုံးစုံမှန်ပါတယ်။ ကျွန်တော့်ကို ဒီအသင်းက အမြဲတမ်း သူတို့ရဲ့အနီရောင်နဲ့ စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်ပါတယ်။ အခုပြောတဲ့စကားတွေက နှလုံးသားထဲက ပြောတဲ့စကားတွေပါ။ လူတိုင်းက အိပ်မက်ပြဇာတ်ရုံ လို့ ခေါ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းကို ရောက်လာရလို့ အလွန်ကျေနပ်မိပါတယ်။

ဒီပြောင်းရွှေ့မှုမှာ မော်ရင်ဟိုက ဘယ်လောက် အရေးပါသလဲ။

ကျွန်တော်က မန်ယူအသင်းအတွက် အရေးပါမယ့် သူလို့သူပြောခဲ့တဲ့စကားက အလွန်အရေးကြီးပါတယ်။ ကျွန်တော့်ကို မန်ယူအသင်းက အကောင်းဆုံးစောင့်ရှောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကို အလိုရှိတဲ့ အသင်းကိုလာပြီး ကျောနံပါတ် (၇) ဝတ်ဆင်ခွင့်ရတာကြောင့် ဒီဂုဏ်က ကြီးမြတ်လှပါတယ်။ နောက်ထပ်အ ရေးကြီးတာက ကစားသမားတစ်ဦးက အသင်းရဲ့ချစ်မြတ်နိုးမှု ရရှိဖို့လိုခြင်းပါပဲ။ အီတလီ မှာရော စပိန်မှာပါ အောင်မြင်မှုတွေရခဲ့ပြီးတဲ့ မော်ရင်ဟိုလို နည်းပြမျိုးက ကျွန်တော့်ကိုလိုချင်ခဲ့လို့ ကျေနပ်မိပါတယ်။

မန်ယူမှာ ကျောနံပါတ် (၇)က သမိုင်းတွင်ပြီး ဂန္ထဝင် ကစားသမားတွေ ဝတ်ဆင်ခဲ့တာပါ။ ဒီနံပါတ်က ဘယ်လောက်အရေးပါခဲ့သလဲ။ ဂျော့ခ်ျဘတ်စ်၊ ကန်တိုနာ၊ ဘက်ခမ်း၊ စီရော်နယ်ဒိုတို့ ခြေရာ ဆက်ခံမယ် ဆိုတဲ့ ရည်မှန်းချက်မျိုး ရှိခဲ့လား။

သူတို့က အရင်ဒီကျောနံပါတ်နဲ့ အောင်မြင်ခဲ့တဲ့သူ တွေအကြောင်းပြောကြတယ်။ ကျွန်တော့်ရဲ့ အိပ်မက်က တော့ ဒီကျောနံပါတ်ဝတ်ဆင်ပြီး မန်ယူအတွက် ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ ကို င်မြှောက် ဖို့ပါပဲ။ ဒီအိပ်မက်အကောင်အထည် ပေါ်နိုင်အောင် ကျွန်တော်အကောင်းဆုံး ကြိုးစားပြီး ဆုဖလားတွေ အ များကြီး ရယူသွားချင်ပါတယ်။

မော်ရင်ဟိုက လက်ရှိယူနိုက်တက်အသင်းက ပေါင်းစည်းညီညွတ်မှု အရှိဆုံး အသင်းလို့ ပြောထားပါတယ်။  ဒီကစားသမားတွေနဲ့ မိသားစုသဖွယ် ရှေ့ခရီးဆက်ဖို့ ဘယ်လိုများ စိတ်ကူးထားသလဲ။

ဆုဖလားတွေရယူဖို့ဆိုတာ အဝတ်လဲခန်းထဲမှာ မိသားစုလိုရှိနေဖို့က အရေးကြီးတာပါ။ ကျွန်တော် စပိန်မှာ  ကစားခဲ့တုန်းကလည်း အဝတ်လဲခန်းထဲမှာ စည်းလုံးမှုရှိခဲ့ကြလို့ အောင်မြင်မှုတွေ အများအပြား ရခဲ့ တယ်။ နောက်တစ်ချက်က အသင်းတစ်သင်း အောင်မြင်ဖို့ အမြဲတမ်းကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ပြီး အင်အားဖြည့်တင်းဖို့ လိုတယ်ဆိုတာပါပဲ။ ကျွန်တော် အခုဒီအသင်းကို ရောက်လာပြီဖြစ်လို့ အစွမ်း ကုန်ကြိုးစားမှာပါ။

ဆန်းချက်ဇ်က မန်ယူမှာ ပထမဆုံး ကစားခွင့်ရတဲ့ ချီလီနိုင်ငံသားဖြစ်တော့ ကိုယ့်နိုင်ငံက ပရိသတ်တွေကို ဘာပြောချင်သလဲ။

မန်ယူရဲ့ ပထမဆုံး ချီလီနိုင်ငံသားဖြစ်ရခြင်းက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် အခုထိ ကျွန်တော့်အိမ်၊ ကျွန်တော့်မြို့က လမ်းတွေပေါ်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေသလိုပဲလို့ ခံစားမိနေ တယ်။ အမေကလည်း ဘောလုံးကစားရင် ပျော်ရွှင်နှစ်သက်မှုကို အဓိကထားပါလို့ ပြောခဲ့တယ်။

ကမ္ဘာတစ်ဝန်းက မန်ယူပရိသတ်တွေအတွက် ပြောချင်တဲ့ စကားလက်ဆောင်လေး ပြောပါဦး။

ဆန်းချက်ဇ် မန်ယူကိုရောက်လာပါပြီ။ သူက ဆုဖလားအားလုံးရရှိနိုင်ဖို့ ဆာလောင်မွတ်သိပ်နေသူပါ။ ပရီးမီးယားလိဂ်၊  ချန်ပီယံလိဂ်ဆုဖလားတွေက အဓိကပေါ့။ မန်ယူပရိသတ်အားလုံး ဆန်းချက်ဇ် ရောက်ရှိ လာခြင်း အတွက် ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ဇေယျာ

Read 259 times
Rate this item
(0 votes)
Last modified on Monday, 29 January 2018 09:46