SJ WorldNews - шаблон joomla Авто

UMFCCI က ဖွဲ့စည်း ထားသည့် SME နှင့် စက်မှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

Sunday, 04 February 2018 11:09 Written by  font size decrease font size decrease font size increase font size increase font size

အာဆီယံစီးပွားရေးအ သိုက်အဝန်းဖြစ်သည့် ( ASEAN Economic Community -AEC) ဝင်ရောက် လာချိန်တွင် ပြည် တွင်း၌ အများဆုံး လုပ်ကိုင်နေကြသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အနေဖြင့်  ယှဉ်ပြိုင်နိုင်စွမ်း ရှိ၊ မရှိ မည်ကဲ့သို့ ကြိုတင်ပြင်ဆင် ထားသင့်သည်များနှင့် ပတ်သက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်  (UMFCCI) က  ဖွဲ့စည်း ထားသည့်   SMEနှင့် စက်မှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  ဒေါက်တာအောင်သိန်းအား တွေ့ဆုံ မေးမြန်းခဲ့သည်များကို  ဖော်ပြလိုက်ပါသည်။

၂ဝ၁၈ ခုနှစ်မှာ  အာဆီယံစီးပွားရေး အသိုက်အဝန်းဖြစ်တဲ့ (AEC) ဝင်လာမယ် ဆိုတော့ ပြည်တွင်းက  (SME) လုပ်ငန်းတွေ အနေနဲ့  ပြည်ပလုပ်ငန်းတွေကို  ယှဉ်ပြိုင်နိုင်မှုရှိပါ့မလား။

AEC ဝင်လာတယ်ဆိုတာ မနေ့တစ်နေ့ ကမှ   ဝင်လာတာ မဟုတ်ပါဘူး။   AEC မတိုင်မီ အာဆီယံဒေသတွင်း လွတ်လပ်သော  ကုန်သွယ်မှုဧရိယာ (ASEAN  Free Trade  Area-AFTA) ထူထောင်မယ်ဆိုပြီး   ၁၉၉၇  ခုနှစ်က တည်းက  ကြေညာ၍ နှစ်အလိုက် အကောက်ခွန်နှုန်းထား  လျော့ချဆောင်ရွက် ပေးမယ်ဆိုပြီး နိုင်ငံ အချင်းချင်း  သဘောတူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။  အဲဒီလိုဆောင်ရွက်ရာကနေ   နောက်တစ်ဆင့် အနေနဲ့ AEC ကို ဆောင်ရွက်တာဖြစ်ပါတယ်။

ဒီကနေမှ ၂ဝ၁၈  ခုနှစ်နှောင်းပိုင်းလောက်မှာ  အာဆီယံနိုင်ငံတွေက ကုန်စည်တွေ အနေနဲ့ အကောက်ခွန် သုည ရာ ခိုင်နှုန်းနဲ့ ဝင်လာမှာပါ။

ပြည်တွင်းက  SME လုပ်ငန်းတွေအနေနဲ့  ဘယ်လို အခြေအနေတွေ   ရှိလာနိုင်ပါသလဲ။

အာဆီယံနိုင်ငံတွေ အချင်းချင်းက ကုန်သွယ်တဲ့အခါ အကောက်ခွန်ဆိုတဲ့ အတားအဆီးက မရှိတော့ဘူးဖြစ် ပါတယ်။  အဲဒီ အတွက် အာဆီယံကဝင်တဲ့  ကုန်ပစ္စည်းနဲ့ ပြည်တွင်းကထုတ်တဲ့ ကုန်ပစ္စည်းက ယှဉ်ပြိုင်မှု  ပိုမိုပြင်း ထန် လာနိုင်ပါတယ်။ ဒီအတွက် ပြင်ဆင်မှု အားနည်းပြီး လုံးဝမပြင်ဆင်ထားတဲ့ SME လုပ်ငန်းတွေကတော့ အင်မတန် ခက်ခဲတဲ့စိန်ခေါ်မှုတွေကို  တွေ့ကြုံလာနိုင် ပါတယ်။

လက်ရှိမှာရော  ပြည်တွင်းကို  အပြိုင်ဝင်လာမယ့် ပြည်ပလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်နိုင်မယ့်  SME အရေ အတွက် တွေက ဘယ်လောက်ရှိပါသလဲ။

အတိအကျပြောဖို့ ခက်ပါတယ်။ လုပ်ငန်း တစ်ခုနဲ့ တစ်ခု၊ စင်တာတစ်ခုနဲ့  တစ်ခုက မတူပါဘူး။ ဒါပေမဲ့  နိုင်ငံတော်ပိုင်းရော၊  UMFCCI  အသင်းအဖွဲ့တွေရော၊ စက်မှုဇုန်တွေမှာရော ဆက်တိုက်  AFTA  ဖြစ်ကတည်းက AFTA  AEC အသိပညာပေး ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လို SME လုပ်ငန်းတွေများပြီး  ဘယ်ကဏ္ဍက   အလုပ်အကိုင်အခွင့် အ လမ်း အများဆုံး ဖန်တီးပေးနေတယ်ဆိုတာ ပြောပြပေးပါ။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ   ကုန်ပစ္စည်းထုတ်လုပ်တဲ့ အပိုင်းရော၊ ကုန်သွယ်မှုပိုင်း၊ ဝန်ဆောင်မှု ပိုင်းပါ သုံးခု စလုံးပါပါတယ်။  အရေအတွက်အားဖြင့် ပြောရမယ်ဆိုရင် ကုန်သွယ်မှုနဲ့ ဝန်ဆောင် မှုလုပ်ငန်းပိုင်းက  ပိုများတယ်။  ဒါပေမဲ့ အလုပ်ခန့်ထားနိုင်မှုအနေနဲ့ပြောရရင် ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍက အများဆုံးဖြစ်ပြီး ဝန်ဆောင်မှု ကဏ္ဍက ဒုတိယအများဆုံး၊ လူနည်းနည်းနဲ့  ကုန်သွယ်မှုပမာဏ အများဆုံးလုပ်ရတဲ့   ကုန်သွယ်မှု ကဏ္ဍကတော့  အလုပ်ခန့်ထားမှုအနည်းဆုံးပါပဲ။

ပြည်တွင်းက   SME လုပ်ငန်းတွေအနေနဲ့ ဖွံ့ဖြိုး တိုးတက်ဖို့ ဘာတွေလိုအပ်ပါသလဲ။ ပြည်ပ နိုင်ငံတွေနဲ့ ယှဉ်ရင်    အား နည်းချက် တွေရှိပါသလား။

ပြည်တွင်း SME လုပ်ငန်းတွေအနေနဲ့ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့ တရားမဝင်ကုန်သွယ်မှု တွေကြောင့်  SME ကုန်ထုတ်လုပ်သူတွေနဲ့   SME  ကုန်သွယ်မှုပြုလုပ်သူတွေကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

ပြည်တွင်း   SME လုပ်ငန်းတွေအနေနဲ့  ငွေကြေး အရင်းအနှီး လိုအပ်တာတွေရှိတယ်။   ဈေးကွက် အားနည်း ချက်တွေ ရှိတယ်။ နောက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာလည်း  အားနည်းပြီး နည်းပညာ လည်း အားနည်းတာ ရှိပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေ ဝင်ရောက် လာတဲ့အတွက်   SME လုပ်ငန်းတွေကို ထိခိုက်စေတယ်ဆိုတာ ရှင်းပြပေး ပါဦး။

တရားမဝင်ဝင်ရောက်မှုဆိုတာ အထူးသဖြင့်  စားသောက်ကုန်၊ ဆေးဝါးက  ပိုဆိုးပါတယ်။ အခုလို တရားမဝင်နည်း နဲ့ ဝင်လာ တဲ့ စားသောက်ကုန်၊ ဆေးဝါးတွေက လူတွေရဲ့  အသက်အန္တရာယ်ကို  ထိခိုက်စေ နိုင်ပါတယ်။   တရားဝင် တင်သွင်းလာတဲ့ စားသောက်ကုန်ဆို   ဘယ်နိုင်ငံက  ဘယ်ကုမ္ပဏီထုတ်တယ်။   အထဲမှာပါပြီးသား။

နောက်တစ်ခါ နိုင်ငံတော်က သတ်မှတ်ထားတဲ့  အခွန်အခပေးသွင်းပြီး   သယ်လာတဲ့ အတွက် ဒီအပေါ်မှာ အခြေခံ ဈေး သတ်မှတ် ရတာဖြစ်တယ်။  တရားမဝင်သယ်လာတဲ့ ကုန်စည်တွေက    အခွန်အခမပေးတော့ နိုင်ငံအတွက်လည်း   နစ်နာသလို   အရည် အသွေးလည်းမတူတဲ့အတွက်    ဈေးနှုန်းချင်းလည်း   တန်းတူထား မရောင်းနိုင်ပါဘူး။

တရားမဝင်ကုန်စည်တွေ ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး နယ်စပ် ဝင်ပေါက်တွေမှာ တားဆီးကာကွယ် လုပ်ဆောင် ထားတာတွေ ရှိပါသလား။

နယ်စပ်ဂိတ်တွေမှာ ဒါတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်တာ အရင်တုန်းက Mobile Team ဆိုပြီးရှိခဲ့ပါတယ်။ အဲဒီ အချိန် ဖမ်းဆီး စစ်ဆေးခဲ့တာက အထိုက်အလျောက်တော့ ထိရောက်မှုရှိခဲ့တယ်။    ဒီနောက်ပိုင်းမှာ တော့ Mobile Team အရင်ကလို မရှိတော့ဘူးကြားတယ်။   ဒါပေမဲ့  သူတို့ ချက်ပွိုင့်လိုမျိုး စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်တယ်လို့ပြောပါတယ်။  ဒါပေမဲ့ ရှိတော့ ရှိနေသေးတယ်။   ဘယ်လိုဆက်လုပ်သင့် တယ်ဆိုတဲ့အနေအထား ကတော့   သက်ဆိုင်ရာတာဝန်ရှိသူတွေ  ပိုသိလိမ့်မယ်လို့ ထင်ပါတယ်။

SME လုပ်ငန်းတွေ   ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေဆက်လုပ်သွားဖို့ရှိပါသလဲ။

SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်  ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စက်မှုကဏ္ဍအများဆုံးရှိ နေတာ ကြောင့် စက်မှု လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။  ဒါကြောင့်    ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်အတွက် ကြီးကြပ် ကော်မတီတွေဖွဲ့ပြီး စက်မှုဇုန်တွေ  ဖွံ့ဖြိုးတိုးတက်အောင် အဆင့်မြှင့်တင် ဆောင်ရွက် ပေးနေပါတယ်။

SME ကဏ္ဍတွေအနေနဲ့    အရင်နှစ်တွေနဲ့စာရင်   လုပ်ကိုင်မှု အခြေအနေတွေ ဘယ်လောက်တိုးတက်မှုရှိ လာသ လဲ။ သုံးသပ်ပြောကြားပေးပါဦး။

လောလောဆယ်အခြေအနေကို  နှိုင်းယှဉ်ရရင် မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်း အရေအတွက်ထက်   မှတ်ပုံမတင် ထားတဲ့ SME လုပ်ငန်းအရေ အတွက်က ပိုများတေယ်။ နောက်တစ်ခါ မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်းတွေ အနေနဲ့လည်း သူတို့ရဲ့ လုပ်ငန်းတွေ  ဘယ်လောက်တိုးတက်တယ်၊ ပြောင်းလဲမှု ဘယ်လို အခြေအနေ ရှိတယ်၊ဘယ်လိုအခြေအနေ အကျိုးအကြောင်းကြောင့် ပိတ်သိမ်းခဲ့ရတယ် ဆိုတာတွေကို တင်ပြ လာခြင်း မရှိတဲ့အတွက်  အတိအကျ ပြောဖို့ ခက်ပါတယ်။

Read 10 times
Rate this item
(0 votes)
Last modified on Sunday, 04 February 2018 11:15