SJ WorldNews - шаблон joomla Авто

ကြက်ငှက်တုပ်ကွေး ရောဂါ မကူးစက်စေရန် ကာကွယ်နည်းများ

Saturday, 30 June 2018 11:31 Written by  font size decrease font size decrease font size increase font size increase font size

ကြက်မွေးမြူရေးခြံများ၌ ဥစားကြက်များ ဥနှုန်းကျလာခြင်း၊ အစာစားနှုန်းကျလာခြင်း၊ ဝမ်းအပျော့သွားပြီး ရေသောက်နှုန်းပိုလာခြင်း၊ မျက်ရည်နှင့်နှာရည်များကျလာတတ်ခြင်း၊ ဦးခေါင်း၊ မျက်နှာ၊ အမောက်၊ ပါးပျဉ်း များ ဖောရောင်လာခြင်း စသောလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာဒေသ အာဏာပိုင် အဖွဲ့အစည်း သို့မဟုတ် တိရစ္ဆာန်ဆေးကု ဆရာဝန်ထံ ချက်ချင်းအကြောင်းကြားရန်၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပတ် သက်၍ လိုက်နာသင့်သည့် အချက်များအား မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (FAME) နှင့်မြဝတီအဖွဲ့တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-

မေး။။ ဆရာရှင့် ကြက်ငှက်တုပ်ကွေး ရောဂါဟာ ကြက်တွေ၊ ငှက်တွေကနေ ကျွန်မတို့ လူတွေဆီိကို မကူး စက်အောင်ဘယ်နည်းဘယ်ပုံ နေထိုင်ပြုမူလုပ်ကိုင်ရမယ် ဆိုတာ သိပါရစေ။

ဖြေ။။ ကြက်ငှက်တုပ်ကွေး H5N1ဗိုင်းရပ်တွေလူကို မကူးစက်ဖို့ ဂရုစိုက်ရာမှာ ကြက်တစ်မျိုးတည်းသာမကဘဲ ဘဲတို့၊ ငန်းတို့၊ ကြက်ဆင်တို့၊ ငုံး၊ ရစ်၊ ခိုနဲ့ သဘာဝကျေးငှက်အားလုံး ပါဝင်ပါတယ်။ ဒီနေရာမှာ အဓိက အုပ်စု လေးခုခွဲပြီးပြောချင်ပါတယ်။ (၁) ကြက်မွေးမြူရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဆောင်ရွက်နေရသူတွေ၊ (၂) မွေးမြူရေးလုပ်သားတွေရဲ့ မိသားစုဝင်တွေ၊ အတူနေသူတွေ၊ (၃) ကြက်၊ ဘဲ၊ ငှက်ရောင်း ဝယ် ဖောက်ကားသူတွေနဲ့ ဈေးမှာ ကြက်သား၊ ဘဲသားရောင်းဝယ်သူတွေ၊ (၄) အိမ်ရှင်မများနဲ့ အိမ်ရှိစားသုံးသူများဆိုပြီး ခွဲပြောရင် ပိုပြီးရှင်းလင်းမှာ ဖြစ်ပါတယ်။

မေး။။ ကြက်၊ ဘဲ မွေးမြူတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုးကာကွယ်ရမယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ။။ (၁) ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ငှက်စသည်ဖြင့် မွေးမြူကြတဲ့ မွေးမြူရေးလုပ်ငန်းရှင်၊ လုပ်သားအားလုံးဟာ ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကို လက်လှမ်းမီသရွေ့ လေ့လာကြဖို့ အရေးအကြီး ဆုံးဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ ဖော်ပြတာတွေကိုလည်း အတတ်နိုင်ဆုံး လေ့လာကြစေချင်ပါတယ်။ ဒါမှသာ ဘယ်လို နေထိုင်ပြုမူရမယ်ဆိုတာ ပိုပြီးသဘောပေါက် နားလည်နိုင်မှာဖြစ်ပါတယ်။ (၂) ကြက်ငှက်တုပ်ကွေးရောဂါလို့  သံသယဖြစ်ဖွယ်ကြက်များ သေဆုံးမှုကို သိသိချင်း နီးစပ်ရာဒေသ အာဏာပိုင်အဖွဲ့အစည်း ဒါမှမဟုတ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဝန်ထမ်းများဆီကို ချက်ချင်းအကြောင်းကြားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရောဂါမပြန့်ပွားအောင် အချိန်မီထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မေး။။ ကြက်ခြံတစ်ခြံမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်/မဖြစ်ဘူးဆိုတာ ဘယ်လိုအချက်တွေကြည့်ပြီး ပြောနိုင်ပါသလဲဆရာ။

ဖြေ။။ ကြက်ခြံတစ်ခြံမှာ ကြက်တွေအစုလိုက်၊ အပြုံလိုက်သေမှ သိတယ်ဆိုရင်တော့ အတော်လေးနောက် ကျသွားပြီလို့ ဆိုပါတယ်။ ပထမဆုံးကြက်တစ်ကောင် နှစ်ကောင်စသေပြီဆိုတာနဲ့ ချက်ချင်းအရေးတယူ ဆောင်ရွက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကြက်တွေ မသေသေးတဲ့ ခြံတွေမှာလည်း နေ့စဉ် တစ်နေ့ သုံးကြိမ်လောက် စောင့်ကြည့်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ early detection of case ကို ရမှာဖြစ်ပါ တယ်။ ကြက်တွေစပြီးမသေခင်မှာ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ -

- ဥကြက်များမှာ ဥနှုန်းကျလာပါတယ်။

- အစာစားနှုန်း လျော့ကျလာပါတယ်။

- ဝမ်းအပျော့သွားပြီး ရေသောက်နှုန်းပိုလာပါတယ်။

- မျက်ရည်နဲ့နှာရည်များ ကျလာတတ်ပါတယ်။

- အသက်ရှူခက်ခဲတဲ့ လက္ခဏာတွေ တွေ့လာရပါတယ်။

- ဦးခေါင်း၊ မျက်နှာ၊ အမောက်၊ ပါးပျဉ်းတွေ ဖောရောင်လာပါတယ်။

- ခြေထောက်နဲ့ ခြေဆစ်များမှာ သွေးယိုစီးမှုတွေဖြစ်ပြီး အနီစက်အပြောက်များ ပေါ်လာတတ်ပါတယ်။

 ဒီလိုလက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ H5N1ကိုသံသယဝင်လို့ရပါတယ်။

မေး။။ ကြက်ခြံထဲမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်သားတွေ အနေနဲ့ ခြံထဲကိုဝင်တဲ့အခါ ဘယ်လိုမျိုး ဝင်ရောက်ဆောင်ရွက်သင့်တယ်ဆိုတာလဲ သိပါရစေ။

ဖြေ။။ အရေးကြီးတာက ခြံထဲကိုဝင်မယ်ဆိုရင် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေး ဝတ်စုံဝတ်ဆင်ပြီးမှ ဝင်ရမှာဖြစ်ပါတယ်။ ဒီဝတ်စုံဝတ်ခြင်းဖြင့် ဗိုင်းရပ်ပိုးတွေဟာ ခန္ဓာကိုယ်နဲ့တိုက်ရိုက်မ ထိတွေ့တော့တဲ့ အတွက် ကူးစက်နိုင်ခြင်းမရှိတော့ပါ။ ဒီဝတ်စုံဝယ်လို့ မရခဲ့ရင်လည်း အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပြီး ခြေ ထောက်မှာ ရော်ဘာဖိနပ်အရှည်(မြွေအန္တရာယ် ကင်းအောင်ဝတ်တဲ့ ဖိနပ်မျိုး) ရော်ဘာလက် အိတ်၊  ဦးထုပ်နဲ့ နှာခေါင်းစည်းကို သေသေချာချာဝတ်ဆင်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။

ကြက်ခြံထဲကနေ ထွက်လာပြီးရင် ခြံထဲမှာ ဝတ်တဲ့အဝတ်ကို အိမ်အထိဝတ်မလာရပါဘူး။ ခြံအနီးအနားမှာ အဝတ်လဲခန်းတစ်ခုထားပြီး  မိမိရဲ့ခြံထဲမဝင်မီဝတ်တဲ့ အဝတ်အစားနဲ့ ပြန်လဲသင့်ပါတယ်။ changing room လို့ခေါ်ပါတယ်။ ခြံထဲမှာဝတ်တဲ့အဝတ်အစားတွေ ဖိနပ်တွေလည်း နေ့စဉ်လျှော်ဖွပ်ဖို့လိုပါတယ်။ ရေချိုးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဝတ်လဲပြီးတာနဲ့ လက်ကိုဆပ်ပြာနဲ့ သေသေချာချာဆေးဖို့ အရေးကြီးပါတယ်။ ဖြစ်နိုင်ရင်မျက်နှာ ပါဆပ်ပြာနဲ့ ဆေးကြောသန့်စင်ရပါမယ်။ တစ်နေ့တာ လုပ်ငန်းခွင်ပြီးရင်တော့ ရေချိုးသန့်စင်ပြီးမှ အိမ်ကိုပြန်သင့် ပါတယ်။ကြက်ခြံထဲကို စက်ဘီး၊ ဆိုက်ကား၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ် စတဲ့ဘီးတပ်ယာဉ်တွေ မဝင်သင့်ပါဘူး၊ ခြံနဲ့ခပ်လှမ်းလှမ်းမှာသာရပ်ပြီး သယ်ပို့ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကြက်ရဲ့မစင်တွေ ဘီး မှာကပ်ပြီးပါသွားခဲ့ရင် ဘီးသွားတဲ့လမ်းတစ်လျှောက်လုံးမှ ရောဂါပိုးတွေပြန့်သွားနိုင်လို့ ဖြစ်ပါတယ်။ အထူးသ ဖြင့် အိမ်ကို ပြန်လာခဲ့ရင် အိမ်ကလူတွေကို ကူးစက်နိုင်လို့ပဲ ဖြစ်ပါတယ်။

ခြံထဲမှာကြက်အသေတွေ့ရင် လက်အိတ်စွပ်ထားတဲ့ လက်နဲ့သာ ကိုင်ရပါမယ်။ ဒီအတိုင်းလက်နဲ့ လုံးဝမ ကိုင်ရပါဘူး။ ပြီးရင် ပလတ်စတစ်အိတ်ထဲမှာထည့် ကြိုးနဲ့အလုံပိတ်ပြီးမှ သယ်ဆောင်ရပါမယ်။ သက် ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဌာနကိုပို့ပြီး H5N1 ဗိုင်းရပ်ပိုးကြောင့်သေဆုံးတာဟုတ်၊ မဟုတ် စစ်ဆေးစေရပါမယ်။ တကယ်လို့ ဓာတ်ခွဲခန်းက H5N1ပိုးတွေ့တယ်ဆိုရင်တေ့ ဒီခြံထဲမှာရှိတဲ့ ကြက်တွေကို စနစ် တကျဖျက်ဆီးရ မှာဖြစ်ပါတယ်။ H5N1 မဟုတ်ဘဲ ရိုးရိုးတုပ်ကွေးပိုးဖြစ်တယ်ဆိုရင်တော့ ကျန်တဲ့ကြက်တွေကို ဖျက်ဆီးစရာ မလိုပါ။ စနစ်တကျကာကွယ်ဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မေး။။ တကယ်လို့ ကြက်ဟာတစ်ကောင်တည်း သေတာမဟုတ်ဘဲ ရာနဲ့ချီပြီးတစ်ပြိုင်တည်း သေရင်ကော ဒီကြက်အားလုံးကို ပို့ရမှာလားဆရာ။

ဖြေ။။ ရာနဲ့ချီသေရင်တော့ H5N1ဖြစ်ဖို့အလားအလာ အလွန်ပဲများပါတယ်။ ပို့တဲ့အခါမှာ နမူနာအနေနဲ့သာ နှစ်ကောင်၊ သုံးကောင်လောက်ရယ် သုံးတဲ့အသုံးအဆောင် ပစ္စည်းတွေကိုသာ ပို့ဖို့လိုပြီး ကျန်တာတွေကို တော့ တစ်ခါတည်းမီးရှို့ဖျက်ဆီး ဒါမှမဟုတ် မြေထဲမှာ စနစ်တကျမြှုပ်ပြီး ဖျက်ဆီးရပါမယ်။ ဒီလိုလုပ်တဲ့ အခါမှာ လက်နဲ့မထိဖို့ နှာခေါင်းထဲကို အမှုန်အမွှားမဝင်ဖို့ရန် အလွန်ပဲ အရေးကြီးပါတယ်။ ကြက်မှာရှိတဲ့  ဗိုင်းရပ်တွေဟာ နှာခေါင်းကနေတစ်ဆင့် အလွယ်တကူ ဝင်ရောက်နိုင်လို့ပဲ ဖြစ်ပါတယ်။ နှာခေါင်းစည်း ထူထူတပ် လက်အိတ်ဝတ်ပြီးမှ ကိုင်တွယ် ဖျက်ဆီးသင့်ပါတယ်။

ကြက်ခြံတစ်ခြံမှာ ကြက်တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ ဖြစ်တဲ့နေရာမှာ ရပ်ဆိုင်းသွားအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကြက်တွေအားလုံး သတ်ပစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုသတ်တဲ့အခါမှာ စနစ်တကျရှိဖို့ အလွန်အရေး ကြီး ပါတယ်။  ကြက်နာကျတဲ့အကောင်တွေကို ဖမ်းပြီး သတ်ရတာလွယ်ပေမယ့် ကျန်တဲ့ကြက်အကောင်းတွေကို လိုက်ဖမ်းတဲ့အခါမှာ ကြက်တွေက ပျံတဲ့အကောင်ကပျံ၊ ပြေးတဲ့အကောင်က ပြေးဖြစ်ရင် ဗိုင်းရပ်ေ တွဟာ လေထဲမှာပြန့်လွင့်ကုန်ပြီး  ဖမ်းတဲ့လူကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အခုသေတဲ့လူတွေကိုကြည့်ရင် ဒီလိုမျိုးသေတဲ့လူတွေ ပါဝင်တာကို တွေ့ရပါတယ်။

ဒါကြောင့် ကြက်ခြံထဲဝင်တာကအစ ကြက်အရှင်တွေကို ကိုင်တွယ်ရာမှာ အထူးသတိထားဖို့ လိုပါတယ်။  ကြက်ခြံမှာ လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ယောက်ဟာ တုပ်ကွေးလက္ခဏာများ ပေါ်လာရင် H5N1 ဟုတ်၊ မဟုတ်သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီး ဌာနကိုပြပြီး အမြန်ဆုံးစစ်ဆေး ကုသခံယူဖို့ ဖြစ်ပါတယ်။

မေး။။ ကြက်ခြံတစ်ခြံမှာ သေတဲ့ကြက်ကို ဓာတ်ခွဲခန်းပို့ပြီး စမ်းသပ်နေစဉ်မှာ ကျန်တဲ့ကြက်တွေကို ဈေးမှာပို့ပြီး ရောင်းမယ်ဆိုရင် ရပါသလားဆရာ။ မသေခင်မှာ ရောင်းချရတော့ ဆုံးရှုံးမှုနည်းနိုင်တာပေါ့ ဆရာ။

ဖြေ ။ ။ ဓာတ်ခွဲခန်းကိုပို့ပြီး စမ်းသပ်နေဆဲ ကာလမှာ ကြက်တွေကို ဘယ်လိုမှမရွှေ့ မပြောင်းဘဲထားဖို့ လိုပါတယ်။ ဒါမှရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ H5N1 သာဖြစ်ခဲ့ရင် ဈေးကိုပို့တဲ့ လမ်းတစ်လျှောက်လုံးမှာ ဗိုင်းရပ်ပိုးတွေဟာ တစ်လမ်းလုံးပျံ့ကုန်မှာ ဖြစ်ပါတယ်။ ပြီးရင် ဈေးမှာရှိတဲ့ ကြက်၊ ဘဲတွေကိုလည်း အားလုံးကူးစက်ကုန်မှာ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းက အဖြေကိုစောင့်လို့ H5N1 ဆိုရင် ကြက်ခြံ တစ်ခုလုံးမှာရှိတဲ့ ကြက်တွေအားလုံးကို စနစ်တကျ ဖျက်ဆီးမြေမြှုပ်ပြီး ပိုးသတ်ဆေးများ ပက်ဖျန်းရမှာဖြစ်ပါ တယ်။ ဒီလိုမျိုးလုပ်တဲ့အတွက် နိုင်ငံတော်တော် များများမှာ အစိုးရအနေနဲ့ ခြံသမားတွေကို ပူးပေါင်း ဆောင်ရွက်မှုကြောင့် နစ်နာမှုမရှိစေအောင် လျော်ကြေးပေးလေ့ရှိပါတယ်။ ဒီလိုအလှူရှင်နိုင်ငံတွေလည်း အသင့်ရှိပါတယ်။ တကယ်လို့ ရိုးရိုးရောဂါကြောင့် သေတာဆိုရင်တော့ ကျန်တဲ့ကြက်တွေကို ဖျက်ဆီးစရာမလိုပါ။ ခါတိုင်းလိုပဲ သက်ဆိုင်ရာ ကျွမ်းကျင်သူ တိရစ္ဆာန်ဆေးကုဆရာဝန်များကနေ ထိရောက်တဲ့ကုသမှုများ ပေးမှာဖြစ်ပါတယ်။

မေး ။ ။ နောက်ထပ်ဂရုပြုရမယ့် အချက်လေးတွေလည်း ဆက်ပြောပါဦးဆရာ။

ဖြေ။။ မိမိတို့ခြံမှာရှိတဲ့ ကြက်၊ ဘဲ၊ ငုံးစသည်တို့ကို တောရိုင်းငှက်များ၊ ဆောင်းခိုငှက်များနဲ့ ထိတွေ့မှုမရှိအောင် ကာကွယ်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဆောင်းခိုငှက်တွေမှာ H5N1 ရောဂါပိုးတွေပါလာနိုင်လို့ပဲ ဖြစ်ပါတယ်။- နောက် ကြက်၊ ငုံး၊ ဘဲ၊ ဝက်စသည်ဖြင့် အမျိုးအစားမတူညီတဲ့ သတ္တဝါတွေကို မွေးမြူရာမှာ သီးခြားစီထားပြီး မွေးရပါမယ်။အတူတူပူးတွဲထားခြင်းဖြင့် antigenic shift ဖြစ်ပြီး ဗိုင်းရပ်မျိုးဆက်သစ်ေ တွ   ပေါက်ပွားနိုင်ပြီး အန္တရာယ်များလို့ပဲ ဖြစ်ပါတယ်။

- တစ်ခြံခြံက ကြက်၊ ဘဲတွေ ဝယ်ယူတင်သွင်းမယ်ဆိုရင် ခြံထဲကို တိုက်ရိုက်မရောဘဲ နှစ်ပတ်လောက် သီးခြားခွဲထားရပါမယ်။တကယ်လို့ ကိုယ်သွားခဲ့တဲ့ခြံက H5N1 ဗိုင်းရပ်ရှိခဲ့ရင်အဝတ်အစားနဲ့ ခန္ဓာကိုယ်မှာ ကပ်ပါလာပြီး မိမိခြံမှာရှိတဲ့ ကြက်ငှက်များကို ကူးနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကို Quarantine လုပ်တယ် လို့ခေါ်ပါတယ်။ နှစ်ပတ်ပြည့်လို့ ဘာမှမဖြစ်မှ မိမိခြံထဲကို သွင်းသင့်ပါတယ်။

- ကြက်ခြံလုပ်သားများအနေနဲ့ တခြားကြက်ခြံများသို့ သွားရောက်ခြင်း၊ ကြက်၊ ဘဲဒိုင်များသို့သွား ရောက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဒါမှတစ်နေရာကနေတစ်နေရာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

- မိမိရဲ့ကြက်ခြံထဲကို တခြားသူစိမ်းတွေ၊ အထူးသဖြင့် ကလေးသူငယ်တွေ ဝင်ရောက်ခြင်းကနေ တားမြစ်ထားရမှာ ဖြစ်ပါတယ်။ကလေးတွေဟာ ရောဂါရရင် သေဆုံးမှုနှုန်းမြင့်မားလို့ပဲ ဖြစ်ပါတယ်။

မေး။။ ကြက်ခြံကလုပ်သားတွေရဲ့မိသားစုဝင်တွေ၊ အတူနေသူတွေဟာ တခြားသူတွေထက်စာရင် ဘယ်လို လိုက်နာဆောင်ရွက်သင့်ပါသလဲဆရာ။

ဖြေ။။ ကြက်ခြံမှာ အလုပ်လုပ်သူတွေနဲ့ အတူနေတဲ့သူတွေဟာ တခြားသူတွေထက်စာရင် ကူးစက်ခံရဖို့  အလားအလာပိုများပါတယ်။

ဥပမာ - အဖေလုပ်တဲ့သူက ကြက်မွေးမြူရေးခြံမှာလုပ်ရင် ကြက်ခြံမှာဝတ်တဲ့ အဝတ်အစားကို အိမ်ကိုယူမလာတာ အကောင်းဆုံး ဖြစ်ပါတယ်။  ဘာလို့လဲဆိုတော့ ဒီအဝတ်အစားတွေ ဖိနပ်တွေကနေ ဗိုင်းရပ်ပိုးေ တွ ပါလာနိုင်လို့ပဲ ဖြစ်ပါတယ်။ ကြက်ခြံမှာဝတ်တဲ့ အဝတ်အစားကို တကယ်လို့ အိမ်ကိုပြန်ယူလာမယ်ဆို ရင်တောင် သီးခြားပလတ်စတစ်အိတ် ဒါမှမဟုတ် ခရီးဆောင် အလုံပိတ်အိတ်မျိုးနဲ့သယ်ပြီး အိမ်ရောက် တာနဲ့ လျှော်ဖွပ်ရမှာဖြစ်ပါတယ်။ လျှော်ဖွပ်ရာမှာလည်း အိမ်ရဲ့မိသားစုဝင်တွေ ဝတ်တဲ့အဝတ်နဲ့ အတူတူမလျှော်ဘဲ သီးခြားလျှော်ဖို့လိုပါတယ်။ ကောင်းတာက ရေနွေးနဲ့ပြုတ်လျှော်နိုင်ရင် ပိုကောင်းပါတယ်။ ပြီးရင်ခြံလုပ်သား အနေနဲ့ အနည်းဆုံး ခြေဆေးလက်ဆေးလုပ်ရပါမယ်။ အကောင်းဆုံးကတော့ ခေါင်းကနေစပြီး ရေချိုးဖို့ဖြစ်ပါတယ်။ ရေချိုးသန့်စင်ပြီးမှ အိမ်ကလူတွေနဲ့ လက်ပွန်းတတီး နေသင့်ပါတယ်။

ဥပမာ - အလုပ်ကပြန်လာပြီး အဝတ်မလဲဘဲ၊ လက်မဆေးဘဲ အိမ်ကကလေးကို ကောက်ချီပြီး နမ်းရှုပ်လိုက်ရင် ကိုယ်မှာကပ်နေတဲ့ ဗိုင်းရပ်တွေက ကလေးဆီကို ချက်ချင်းကူးပြီး ကလေးဟာ ရက်ပိုင်းအတွင်းမှာပဲ သေဆုံးနိုင်ပါတယ်။

မေး။။ ဈေးမှာရောင်းဝယ်တဲ့သူတွေ အနေနဲ့ရော ဘယ်လိုမျိုးပြုမူ ဆောင်ရွက်သင့်ပါသလဲဆရာ။

ဖြေ ။။ အရေးအကြီးဆုံးကတော့ ကြက်နဲ့ဘဲကို အတူထားပြီး မရောင်းဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဘဲမှာ ရှိတဲ့ဗိုင်းရပ်ပိုးဟာကောင်းတဲ့ ကြက်တွေကို အလွယ်တကူဝင်နိုင်လို့ပဲ ဖြစ်ပါတယ်။ သေဆုံးတဲ့ ကြက်ခြံမှ ကြက်များကို ဈေးကွက်မှာတင်ပြီး မရောင်းမိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါခြံမှ ကြက်များမှာ ရောဂါပိုးကူးစက်ပြန့်ပွားမှု ရှိ၊ မရှိစိစစ်ပြီး ရောဂါကူးစက်ခြင်း မရှိကြောင်း သေချာမှ သာမန်အားဖြင့် နှစ်ပတ်ကျော်လောက်ကြာမှ ရောင်းချသင့်ပါတယ်။

ကြက်များကို တစ်နေရာမှတစ်နေရာသို့ သယ်ရာမှာ စနစ်တကျ လုံလုံခြုံခြုံသယ်ဖို့ လိုပါတယ်။ စက်ဘီး နောက်မှာ ကြက်ကိုပြောင်း ပြန်ချိတ်သယ်တာမျိုး မလုပ်သင့်ပါဘူး။ဒီလိုလုပ်ခဲ့လို့  ကြက်မှာရောဂါရှိခဲ့ရင် ဗိုင်း ရပ်ပိုးတွေဟာ တစ်လမ်းလုံးဖြန့်ဖြူးပြီးသားဖြစ်မှာ ဖြစ်ပါတယ်။ ကြက်တွေကို ကိုင်တွယ်ရာမှာ လက်နဲ့တိုက် ရိုက်မကိုင်ဘဲ လက်အိတ်၊ နှာခေါင်းစည်းစည်းဖို့ လိုအပ်ပါတယ်။ အစာမစားမီနဲ့ အလုပ်ခွင်မှပြန်လာပြီး တိုင်း လက်ကိုဆပ်ပြာနဲ့ သေသေချာချာဆေးဖို့ လိုအပ်ပါတယ်။

မေး။ ။ အိမ်မှာချက်ပြုတ် စားသောက်တဲ့အိမ်ရှင်မတွေအနေနဲ့ရော ဘယ်လိုများ ပြုမူဆောင်ရွက်သင့်ပါသလဲ။

ဖြေ ။။ အိမ်ရှင်မတွေအနေနဲ့ ဈေးကဝယ်လာတဲ့ကြက်သား၊ ဘဲသားတွေကို ကိုင်တွယ်တဲ့အခါမှာ တစ်ခါသုံး ပလတ်စတစ် လက်အိတ်တွေစွပ်ပြီးမှသာ ကိုင်တွယ်သင့်ပါတယ်။ အသားခုတ်တဲ့ဓားတို့ စဉ်းတီ တုံးတို့ကို လည်းခုတ်ပြီးတာနဲ့  သေသေချာချာ ဆေးကြောသန့်စင်ရပါမယ်။  ကြက်သား၊ ဘဲသားတွေ ကိုင်ပြီးရင် လက်ကိုလည်း ဆပ်ပြာနဲ့သေသေချာချာ ဆေးကြောဖို့ အရေးကြီးပါတယ်။

ကြက်ဥ၊ ဘဲဥတွေကို ကြော်ရင်လည်းအတွင်းက အနှစ်ပါ ကျက်အောင်ကြော်ဖို့ လိုပါတယ်။ ဟင်းချက်တဲ့အ ခါမှာ သေသေချာချာ ကျက်အောင်ချက်ရင် 70 .C ကျော်ရင် ပါလာတဲ့ရောဂါပိုးတွေ သေကုန်လို့ ပြဿနာ မရှိပါ။

အဆိုပါကြက်သားကို စားလို့ရပါတယ်။ အဓိကကူးစက်တာက စားလို့မဟုတ်ဘဲ လက်မှာကပ်ပါတဲ့ပိုးကို နှာ ခေါင်းတစ်ဝိုက် ပွတ်တိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းထဲကိုဝင်ပြီး ကူးစက်တာဖြစ်ပါတယ်။ မြဝတီ

Read 197 times
Rate this item
(0 votes)
Last modified on Saturday, 30 June 2018 11:37