SJ WorldNews - шаблон joomla Авто

နတ်မောက်မြို့မှ ဗိုလ်ချုပ်အောင်ဆန်း၏ ညီမဝမ်းကွဲ ဒေါ်ခင်နွဲ့ ပြောပြသော ဗိုလ်ချုပ်အကြောင်း

Thursday, 19 July 2018 11:36 Written by  font size decrease font size decrease font size increase font size increase font size

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၁) နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ နှစ်ပရိစ္ဆေဒမည်မျှပင်ကြာမြင့်စေကာမူ ဇူလိုင် ၁၉ ရက်သို့ရောက်တိုင်း မြန်မာ ပြည်သူပြည်သားတိုင်း ယူကျုံးမရ တသသနှင့် ဝမ်းနည်းပူဆွေးနေရဆဲဖြစ်သည်။ နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်း အာဇာနည် ဗိမာန်၌ နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့် အာဇာနည် မိသားစုဝင် ဆွေမျိုးများက လွမ်းသူ့ ပန်းခွေချကာ အလေးပြုကြခြင်း၊ အာဇာနည်ပုဂ္ဂိုလ်များကို ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ တရားနာယူ ဆုတောင်းအမျှပေးဝေခြင်းများ ပြုလုပ်ကြ သည်။ ထို့ကြောင့်  အာဇာနည်နေ့ရောက်တိုင်း အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရကာ အဟောင်းတွေက အသစ်တစ်ဖန်ဖြစ်လာရာ ဗိုလ်ချုပ် အောင်ဆန်း၏ ငယ်ဘဝ အကြောင်းသိရှိေ စရန်  ဗိုလ်ချုပ်အောင်ဆန်း၏  ညီမဝမ်းကွဲတော်စပ်သူ  အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်ခင်နွဲ့နေထိုင်ရာ နတ်မောက်မြို့သို့ သွားရောက်၍ မေးမြန်းခဲ့သည်များကို ရေးသား ဖော်ပြလိုက်ရပါသည်။

ဆရာမကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆွေမျိုး တော်စပ်ပုံကို ရှင်းပြပေးစေလိုပါတယ်။

ဗိုလ်ချုပ်မှာ မွေးချင်းခြောက်ယောက်ရှိပါတယ်။အကြီးဆုံးက ဒေါ်ခင်ညွန့်၊ နောက်ပြီး ဒေါ်ဝက်၊ဦးဘဝင်း၊ ဒေါ်ရွှေမှန်၊ ဦးနေအောင်၊ ဦးအောင်သန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အမေ ဒေါ်စုနဲ့ ဆရာမတို့အဖေ ဦးငွေဆိုင်တို့က မောင်နှမအရင်းတွေ ဖြစ်တဲ့အတွက် ဆရာမနဲ့ ဗိုလ်ချုပ်က မောင်နှမ တစ် ဝမ်းကွဲတော်ပါတယ်။ ဆရာမအသက်ကတော့ ၈၂ နှစ်ရှိပါပြီ။ ကျောင်းဆရာမ အငြိမ်းစားပါ။

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ကအကြောင်းနဲ့ ပတ်သက်ပြီး မှတ်မိသမျှ ပြောပြပေးပါဦး။

ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်က နတ်မောက်မြို့ ဒီပင်္ကရာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသောဘိတထံမှာ ပညာသင်ကြားခဲ့ပါတယ်။ အသက် ၁၄ နှစ် အရွယ်ထိ နတ်မောက်မြို့မှာ နေခဲ့ တယ်။ အဲဒီနောက် ရေနံ ချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှာ ကျောင်းဆရာလုပ်နေတဲ့ ဗိုလ်ချုပ်ရဲ့အစ်ကို ဦးဘဝင်းကခေါ် သွားလို့ ရေနံချောင်းမှာရှိတဲ့ အမျိုးသားအထက် တန်းကျောင်းကို ပြောင်းသွားတယ်။ အဲဒီကျောင်းကနေ ၁ဝ တန်းအောင်တယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ဆက်တက်တယ်။ တက္ကသိုလ်တက်ရင်းနဲ့ နိုင်ငံရေး လောကထဲဝင်သွားပြီးနောက်ပိုင်း နိုင်ငံရေးကိုပဲ ဇောက်ချ လုပ်တော့တယ်။

ဆရာမကြီးငယ်စဉ်က ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

ဗိုလ်ချုပ်နဲ့ ဆရာမတို့ညီအစ်မတွေက မောင်နှမအရင်းတွေလိုပဲ နေကြတယ်။ အခု ဗိုလ်ချုပ်နေအိမ်ပြတိုက် ဝိုင်းထဲမှာ အတူနေကြပြီး ဆော့ကစားကြတယ်။ တက္ကသိုလ်က ပြန်လာရင်လည်း အစ်မေ တွ၊ ညီမတွေ အတွက် ကစားစရာတွေ၊ စားစရာတွေ ဝယ်လာလေ့ရှိတယ်။

ဗိုလ်ချုပ် နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်း နတ်မောက်မြို့ကို ဘယ်နှကြိမ်လောက် ပြန်လာခဲ့သေးလဲ။

ဗိုလ်ချုပ် နိုင်ငံ့ခေါင်းဆောင်လုပ်နေတဲ့အချိန်မှာ နတ်မောက်မြို့ကို သုံးကြိမ်လောက်ပဲလာတယ်။ လာတဲ့အခါ  သူ့ကားအနက်ရောင် ဘာအဆောင်အယောင်မှ မပါဘူး။

ဗိုလ်ချုပ်ကျဆုံးတယ်လို့ သိရတဲ့အချိန်မှာ ဆရာမကြီး မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ အကြောင်းအရာရှိရင် ပြောပြပေးပါဦး။

ဗိုလ်ချုပ်ကျဆုံးတော့ ဆရာမကြီးက ၁၆ နှစ်၊ ဆယ်တန်း တက်နေတုန်းပဲရှိသေးတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီလို့ သိလိုက်ရတဲ့အချိန်မှာ ပြည်သူ့ရဲဘော်အုပ်ချုပ်တဲ့အတွက် ရဲဘော်တပ်ဖွဲ့ရုံးက သံချောင်းတွေခေါက်တယ်။ ဆရာမတို့အဖေက ကျောင်းမှာစာသင်နေတဲ့အချိန် အရီး ဒေါ်စုက လိုက်ခေါ်တယ်။ အောင်ဆန်းတို့ လုပ်ကြံခံရပြီ။ ပြန်လာခဲ့ဦးဆိုပြီး လာခေါ်သွားတယ်။ အဖေ့ကိုလာေ ခ်ါတဲ့အချိန် ကျောင်းမှာလည်း အုတ်အုတ် ကျက်ကျက်ဖြစ်သွားတယ်။ အဲဒါနဲ့ အဖေက အိမ်ပြန်သွားပြီး အရီးဒေါ်စုနဲ့ခင်တဲ့ ဒေါ်ခင်တုတ်ရယ်၊ ဒေါ်ဦး ရယ်၊ ဆရာမကြီးရဲ့အစ်မ ဒေါ်ခင်ထွေးတို့ကို လိုက်သွားဖို့ စီစဉ်ပေးပြီး လေယာဉ်နဲ့ လာခေါ်သွားကြတယ်။ မကွေးလေဆိပ်ကိုသွားပြီး စီးရတယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတယ်ကြားတော့နတ်မောက်တစ်မြို့လုံး အုတ်အော် သောင်းတင်းတွေ ဖြစ် ကုန်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကို၁၉၁၅ ခုနှစ်တွင် နတ်မောက်မြို့၌ ရှေ့နေဦးဖာ၊ ဒေါ်စုတို့က မွေးဖွားခဲ့ပြီး မွေးချင်းများအနက် အငယ်ဆုံးဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် နတ်မောက်မြို့ရှိ ဆရာတော်ဦးသော ဘိတထံတွင် ပညာသင်ကြားခဲ့သည်။ ၁၉၂၉ ခုနှစ်အထိ နတ်မောက်မြို့၌ နေထိုင်ခဲ့ပြီး အသက် ၁၄ နှစ်တွင် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှ ၁ဝ တန်းအောင်မြင်ခဲ့ပြီး ယင်းနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ်သို့ တက် ရောက်ခဲ့သည်။ ၁၉၃၆-၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ေ ကျာင်းသားများ သမဂ္ဂ၌ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၃၇-၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌဖြစ်လာကာ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှထွက်၍ ဒို့ဗမာအ စည်းအရုံးသို့ ဝင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင်တို့ကို စည်းရုံးစုဆောင်းပြီး ဂျပန်ပြည်သို့ ခေါ်ဆောင်သွားကာ ဟိုင်နန်ကျွန်း၌ စစ်ပညာသင်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကိုဦးစီးကာ အင်္ဂလန်သို့သွား၍ လန်ဒန်မြို့၌ အောင် ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းသား သွေးစည်းရေး ဖြစ်သော ပင်လုံညီလာခံကို  ဦးစီးကျင်းပသည်။ ထို့နောက် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နယ်ချဲ့လက်ပါးစေ မသမာသူလူ တစ်စု ၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကိုးဦး ကျဆုံးခဲ့ရသည်။ ထိုအချိန်မှစ၍ ဗိုလ်ချုပ်တို့ ကျဆုံးသော ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်း အနား ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ လင်းကြည်လင်း

Read 34 times
Rate this item
(0 votes)
Last modified on Thursday, 19 July 2018 11:40