SJ WorldNews - шаблон joomla Авто

ဆေးလိပ်၏ ကျန်းမာရေးဆိုးကျိုးများ

Friday, 04 January 2019 11:23 Written by  font size decrease font size decrease font size increase font size increase font size

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ရောဂါ အမျိုးမျိုးဖြစ်စေခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဖြစ်စေခြင်း၊ ကင်ဆာမျိုးစုံ ဖြစ်ပွားစေခြင်း၊ ခန္ဓာကိုယ်ကျဆင်းစေခြင်း၊ ကျောက်ကပ်၏ လုပ်ငန်းများကို ထိခိုက်စေခြင်း၊ မျက်စိကို ထိခိုက်ပျက်စီးစေခြင်း၊ မျိုးပွားအင်္ဂါ အဖွဲ့ကို ထိခိုက်စေခြင်း စသော ကျန်းမာရေးဆိုးကျိုးများ ခံစားရစေကြောင်း မြဝတီစာ ဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာခင်မောင်လွင်(FAME)နှင့် တွေ့ဆုံ မေးမြန်းသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဒီတစ်ပတ်မှာတော့ ဆေးလိပ်ရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ရွေးချယ် တင်ဆက်ချင်ပါတယ်။ ပထမဆုံးအနေနဲ့ ဆေးလိပ်သောက်သုံးတဲ့ အလေ့အထဟာ လူ့သမိုင်းကြောင်းမှာ ဘယ်အချိန် ကတည်းက စတင်ခဲ့တယ်ဆိုတာ အရင်ဆုံးပြောပြပေးပါဆရာ။

ဖြေ ။ ။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးတဲ့ အလေ့အထဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝဝဝ ကျော်(BC ၅ဝဝဝ)လောက်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးခေတ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်အမေရိက တိုက်မှာရှိတဲ့ နိုင်ငံတွေရဲ့ ဂူနံရံဆေးရေး ပန်းချီကားတွေမှာ လူတွေဆေးလိပ်ငွေ့ရှူနေတဲ့ပုံတွေကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ဥရောပနိုင်ငံတွေကိုတော့ ၁၆ ရာစုနှစ်ကျော်မှရောက်တယ်လို့ သိရပါတယ်။ ၂ဝရာစု အစပိုင်းကနေစပြီး ဆေးလိပ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ပေါ်ပေါက်လာတဲ့အတွက် ဆေးလိပ်သောက်သုံးမှုတွေ တစ်ကမ္ဘာလုံးမှာများပြားလာခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကာလအတွင်းမှာ စစ်သားတွေကို ဆေးလိပ်တွေ ဖြန့်ဝေပေးပြီး သောက်ခိုင်းပါတယ်။ စစ်ပွဲမှာ စိတ်ဓာတ်မကျစေဖို့ဆိုပြီး ရည်ရွယ်ပါတယ်။ သူ့ရဲ့ဆိုးကျိုးတွေကို စတင်သိတာကတော့ ၁၉၂ဝ နောက်ပိုင်းရောက်မှ ဖြစ်ပါတယ်။ ပထမဆုံး အထောက်အထားအနေနဲ့ ဂျာမနီနိုင်ငံမှာ ၁၉၂၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ သုတေသန စာတမ်းအရ ဆေးလိပ်သောက်သုံးမှုနဲ့ အဆုတ်ကင်ဆာဆက်စပ်မှုကို စတင် ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဂျာမနီမှာ ဆေးလိပ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နာဇီဂျာမနီခေတ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အထိ ကမ္ဘာပေါ်မှာ ဆေးလိပ်ဆန့်ကျင်တာ ဆိုလို့ ဂျာမနီနိုင်ငံ တစ်ခုတည်းသာ ရှိခဲ့ပါတယ်။ ဆေးလိပ်ကြောင့် ကျန်းမာရေး ဆိုးကျိုးတွေကို ၁၉၅၄ ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ စတင်ဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံမှာတော့ ၁၉၆၄ ခုနှစ်မှ စတင် ဖော်ပြခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ နှိုးဆော်စည်းရုံးမှုနဲ့ နိုင်ငံအားလုံးမှာ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြပါပြီ။

မေး ။ ။ ဆေးလိပ်မီးခို့ထဲမှာ ဘယ်လိုမျိုး ဓာတ်ပစ္စည်းတွေ ပါဝင်လို့  ကျန်းမာရေးကို  ထိခိုက်စေတာပါလဲ ဆရာ။

ဖြေ ။ ။ ဆေးလိပ်ငွေ့ဆိုတာ အဆိပ်ဓာတ်ငွေ့ တစ်မျိုးဖြစ်ပြီး ဓာတုပစ္စည်းပေါင်း ၄ဝဝဝ ကျော် ပါဝင်နေပါတယ်။ တစ်ခုချင်းစီရဲ့ ကျန်းမာရေး ဆိုးကျိုးတွေကတော့ မတူပါဘူး။ အဲဒီထဲကမှ အမျိုးပေါင်း ၆ဝ ကျော်ဟာ ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ နိုင်ငံတကာသုတေ သနစာတမ်းတွေအရ သိရပါတယ်။ အချို့က အဆုတ်ကင်ဆာ၊ အချို့က ခံတွင်းကင်ဆာ၊ အချို့ကတော့ ဆီးအိမ်ကင်ဆာ အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။ အဲဒီထဲကအရေးပါတဲ့ ဓာတ်ပစ္စည်းအချို့ကိုပြောရရင်-

၁။ နီကိုတင်း(Nicotine)- အရောင်အဆင်းမရှိတဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး သောက်သုံးသူကို စိတ်ကျေနပ်မှုနဲ့ စွဲလမ်းမှုကို ဖြစ်စေပါတယ်။ ဆေးလိပ်ကို  စွဲလမ်းစေတဲ့ အရေးအပါဆုံးပစ္စည်းဖြစ်ပါတယ်။

၂။ ကတ္တရာ(tar) - လမ်းခင်းတဲ့ကတ္တရာနဲ့ အတူတူဖြစ်ပြီး အဆုတ်ရဲ့နံရံတွေမှာ တွယ်ကပ်တဲ့အတွက် လေပြွန်တွေကျဉ်းကုန်တာ၊ အောက်ဆီဂျင်ကောင်းကောင်းမဝင်အောင် ပိတ်ဆို့ထားလို့ မောတာကနေစပြီး အဆုတ်ကင်ဆာ ဖြစ်စေတဲ့ဓာတ်ပစ္စည်း ဖြစ်ပါတယ်။

၃။ ကာဗွန်မိုနောက်ဆိုဒ်( Carbon monoxide) အရောင်မဲ့၊ အနံ့မဲ့ဓာတ်ငွေ့ဖြစ်ပြီး ဆေးလိပ်ကိုမီးရှို့တာနဲ့ စထွက်ပါတယ်။ မော်တော်ကားအိပ်ဇောကနေထုတ်တဲ့ ဓာတ်ငွေ့နဲ့ အတူတူပဲဖြစ်ပါတယ်။ သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဗင်နဲ့ ပေါင်းစပ်သွားလို့ သွေးနီဥထဲမှာ အောက်ဆီဂျင်ကို လျော့နည်းစေပါတယ်။ ၁၅ ရာခိုင်နှုန်းလောက်အထိ ဖဲ့ယူလိုက်လို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အောက်ဆီဂျင် လျော့နည်းပြီး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့် လက္ခဏာတွေ ဖြစ်စေပါတယ်။

၎။ အာဆင်းနစ်( rsenic) - ပြင်းထန်တဲ့ အဆိပ်သတ္တု ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အဆိပ်သင့်စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ ကြွက်သတ်ဆေးမှာ ထည့်သွင်း အသုံးပြုတဲ့ ပစ္စည်းဖြစ်လို့ ဆေးလိပ်သောက်နေသူတွေဟာ ကြွက်သတ်ဆေးတွေ နေ့စဉ်စားနေတယ်လို့ ယူဆနိုင်ပါတယ်။

၅။ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် (Hydrogen cyanide) - အလွန်ပြင်းထန်တဲ့ အဆိပ်ဖြစ်ပြီး ပမာဏများများဝင်လာရင် မူးစေခြင်း၊ သတိမေ့စေခြင်းဖြစ်နိုင်ပါတယ်။

၆။ ခဲဓာတ်(Lead) - ဘက်ထရီအိုးတွေထဲမှာ အသုံးပြုတဲ့ ခဲနဲ့အတူတူ ဖြစ်ပါတယ်။ ရေရှည်သောက်ရင် ခဲဆိပ်သင့်စေပြီး ဦးနှောက်နဲ့ အာရုံကြောတွေကို ထိုင်းမှိုင်းစေပါတယ်။ ဥာဏ်ရည်ဥာဏ်သွေးကျဆင်းစေပါတယ်။

၇။ ကက်မီယမ်(Cadmium) - အဆိပ်အာနိသင်ရှိတဲ့ သတ္တုဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲ အနည်းငယ်ရှိရုံနဲ့ ဒုက္ခပေးနိုင်ပါတယ်။

၈။ ပိုလိုနီယမ်-၂၁ဝ(Polonium-210) - ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်း တစ်ခုဖြစ်ပြီး အပူစွမ်းအင်တွေ ထုတ်ပေးပါတယ်။ ဒါကြောင့် ဆေးလိပ်မီးဟာ အခြားပစ္စည်းတွေ မီးရှို့တာထက် ပိုပူပါတယ်။ ဆေးလိပ်မီးနဲ့တို့ရင် အသားတွေပိုပြီး လောင်ကျွမ်းပါတယ်။ ရှူရင်

ကင်ဆာဖြစ်စေပါတယ်။

၉။ တိုလူရင်း(Toluene) - အလွန်ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး စက်မှုလုပ်ငန်း တွေကနေ ထွက်ရှိလေ့ရှိပါတယ်။ ဥပမာ- ကြေးချွတ်ဆေး၊ မင်ထုတ်လုပ်ခြင်း၊ ဆိုးဆေးများ ထုတ်လုပ်ခြင်း၊ ကော်ထုတ်လုပ်ငန်း၊ ရော်ဘာလုပ်ငန်းနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ထွက်ရှိလေ့ ရှိပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို အဆိပ်သင့် ပျက်စီး စေပါတယ်။

၁ဝ။ ဘင်ဇင်း(Benzene) - ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ဖြစ်ပါတယ်။ အထူးသဖြင့် သွေးကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်တဲ့ပစ္စည်း တွေကလည်း အကုန်ဒုက္ခပေးနိုင်ပါတယ်။

မေး ။ ။ ဆရာ ခုနကပြောသွားတဲ့အထဲမှာ နီကိုတင်း ဆိုတာ စွဲလမ်းစေတယ်လို့ ဆိုပါတယ်။ အဲဒါ ဘယ်လိုကြောင့် စွဲလမ်းစေတယ်ဆိုတာ ရှင်းပြပေးပါဆရာ။

ဖြေ ။ ။ နီကိုတင်းဆိုတာ ဆေးရွက်ကြီးမှာပါဝင်တဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး ဆေးလိပ်မီးခိုးနဲ့အတူ ရှူသွင်းလိုက်ရင် အဆုတ်ကနေတစ်ဆင့် သွေးထဲကို စက္ကန့်ပိုင်းအတွင်းမှာ ရောက်သွားပါတယ်။ သွေးကနေတစ်ဆင့် ဦးနှောက်ကိုရောက်ပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ Acetylcholine Receptor မှာသွားပြီး ပေါင်းကပ်လိုက်တဲ့အတွက် ဦးနှောက်ထဲမှာ လှုံ့ဆော်မှုတွေဖြစ်ပေါ်စေပြီး ဟော်မုန်းနှစ်မျိုး ထုတ်စေပါတယ်။ တစ်ခုက Dopamine ဖြစ်ပြီး နောက်တစ်ခုက Noradrenaline ဖြစ်ပါတယ်။ Dopamine ကြောင့် လူဟာ နေရထိုင်ရတာ ပိုကောင်းပြီး စိတ်ကို ရွှင်လန်းစေပါတယ်။ ဒါကြောင့် အဲဒီအရသာကို စွဲလမ်းသွားတာဖြစ်ပါတယ်။ ဆေးလိပ်သောက်လေလေ Dopamine ပိုထွက်လေ ပိုပြီးစွဲလေ

ဖြစ်ပါတယ်။ Dopamine Receptor တွေ ပိုများလာလေ နီကိုတင်းက ပိုလိုလေ ဖြစ်လာပါတယ်။ ဥပမာ-ဆေးလိပ်တစ်လိပ်သောက်လို့ Receptor တစ်ခုဆိုရင် Receptor နှစ်ခုရှိလာရင် ဆေးလိပ်နှစ်လိပ်သောက်ဖို့ တောင်းဆိုပါတယ်။ Receptor ၁ဝ ခုရှိလာရင် ဆေးလိပ် ၁ဝ လိပ်မှာပါတဲ့ နီကိုတင်းကိုရမှ လူကနေသာထိုင်သာ ရှိလာပါမယ်။ အဲဒီလိုနဲ့ ဆေးလိပ်သောက်တဲ့ သူတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းတိုးလာခြင်း ဖြစ်ပါ

တယ်။ အဲဒီလို တိုးလာလေလေ Noeadreanaline တွေပိုထွက်လေလေ၊ သူ့ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေ၊ အခြားဓာတ်ပစ္စည်း တွေကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေ ဖြစ်ပါတယ်။

မေး ။ ။ Noeadreanaline ရဲ့ ဘေးထွက်ဆိုးကျိုးက

ဘာလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ အဓိကအနေနဲ့ သွေးကြောတွေ ကျဉ်းစေတဲ့ အာနိသင် ဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောတွေ ကျဉ်းကုန်လို့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေဖြစ်စေပါတယ်။ အဲဒီအခါမှာ နှလုံးကို အောက်ဆီဂျင် ကောင်းကောင်းမရတော့ နှလုံးခုန်မြန်တာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးသွေးကြောပိတ်လို့ Heart Attack ရတာတွေဖြစ်နိုင်ပါတယ်။ ဦးနှောက်သွေးကြောပိတ်ရင် လေဖြတ်တာ(Stroke)ဖြစ်ပါမယ်။ လက်ဖျားလေးတွေ ကိုသွားတဲ့ သွေးကြောတွေကျဉ်းကုန်လို့ ဖြူဖွေးသွားတာ၊ မည်းသွားတာ၊ ပုပ်သွားတာတွေဖြစ်တတ်ပါတယ်။

ခြေထောက်ကိုသွားတဲ့သွေးကြောတွေကျဉ်းတော့ ကြွက်သားတွေမှာ အောက်ဆီဂျင် လျော့နည်းသွားလို့ လမ်းလျှောက်ရင် ခြေသလုံးကြွက်သားတွေ နာတာဖြစ်တတ်ပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ပိတ်သွားရင်တော့ ခြေထောက်ပုပ်သွားလို့ ဖြတ်ရတဲ့အခြေအနေထိ ဖြစ်တတ်ပါတယ်။ ဒါတွေရဲ့အဓိက တရားခံကတော့ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းကြောင့် ဖြစ်ပါတယ်။

မေး ။ ။ ဒါဆိုရင် နီကိုတင်းဟာ အတော်ဆိုးတာပေါ့

ဆရာ။ နီကိုတင်းအနေနဲ့ အခြားဆိုးကျိုးတွေရှိသေး

ရင်လည်း သိပါရစေဆရာ။

ဖြေ ။ ။ နီကိုတင်းက နှလုံးသွေးကြောကို အဓိက ထိရုံမကဘဲ ကျန်တဲ့ အစိတ်အပိုင်းတွေကိုလည်း ထိခိုက်စေပါတယ်။ အဲဒီထဲက အချို့ကိုဖော်ပြရင်-

(၁) အဆုတ်ရောဂါအမျိုးမျိုးဖြစ်စေပါတယ်။ နီကိုတင်းဟာ အဆုတ်ကို ထိခိုက်စေတဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမနည်းလမ်းကတော့ အဆုတ်မှာရှိတဲ့ လေအိတ်လေးတွေကို ဖောင်းခြင်းကျုံ့ခြင်းဖြစ်စေတဲ့ Elastin လို့ခေါ်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် လေကိုရှူသွင်းလိုက်တဲ့အခါ ပူဖောင်းလိုဖောင်းမလာ တော့ဘဲ တင်းပြီးပေါက်သွားပါတယ်။ ဒါကြောင့် လေအိတ်ကလေးတွေ ပျက်စီးကုန်တဲ့ရောဂါ (Emphysema) လို့ ခေါ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ နီကိုတင်းဟာ Vagus Nerve ကို လှုံ့ဆော်လိုက်တဲ့အတွက် Vagal Reflex ဖြစ်ပြီး လေပြွန်တွေကို ကျဉ်းစေပါတယ်။ ဒါကြောင့် လေဝင်တာလည်းနည်းမယ်။ ဝင်လာတဲ့လေထဲမှာပါတဲ့ အောက်ဆီဂျင်ကို စုပ်ယူနိုင်တဲ့ Alveoli လို့ခေါ်တဲ့ ဆဲလ်လေးတွေလည်း ပျက်စီးကုန်မယ်ဆိုရင် အသက်ရှူကျပ်တာ၊ မောတာတွေ ဖြစ်စေပါတယ်။နဂိုတည်းက ပန်းနာရင်ကျပ်လိုရောဂါရှိရင် ပိုပြီးဆိုးပါတယ်။

(၂) အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ ရစေပါတယ်။ နီကိုတင်းဟာ အစာအိမ် အက်စစ်တွေ အပေါ်ကိုပြန်ထွက်ပြီး အစာရေမျိုပြွန်ကို ရောင်ရမ်းစေတဲ့ရောဂါ (GERD- Gastro Esophageal Refl ux Disorder) ကို ဖြစ်စေပါတယ်။ အစာအိမ်ရောဂါ ဖြစ်စေနိုင်တဲ့အပြင် အရင်တည်းက အစာအိမ်ရောဂါ အခံရှိခဲ့ရင် ပိုပြီးဆိုးစေပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းကတော့ နီကိုတင်းဟာ အစာအိမ်အက်စစ်(HCL)၊ ပက်ဆီနိုဂျင်(Pepsinogen) နဲ့ ဗေဆိုပရက်ဆင် (Vasopressin) ဟော်မုန်းတွေကို ပိုထွက်အောင် လှုံ့ဆော်လိုက်လို့ဖြစ်ပါတယ်။ ဒါကြောင့် အစာအိမ်ထဲက အက်စစ်တွေကို အစာရေမျိုပြွန်ထဲကို ပြန်အန်မထွက်အောင် ထိန်းထားပေးတဲ့ကြွက်သား (Lower Esophageal Sphincter Pressure) တွေကို ပျော့စေတဲ့ အတွက်ကြောင့်လည်း အပေါ်ကိုပြန်ဆန်ပြီး GERD ရစေတာ ဖြစ်ပါတယ်။

(၃) ကင်ဆာမျိုးစုံဖြစ်စေခြင်း- နီကိုတင်းဟာ အဆုတ်ကင်ဆာကိုသာမက ကျန်တဲ့ ကင်ဆာ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဓိကအဖြစ်များ နိုင်တာကတော့ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။

(၄) ခန္ဓာကိုယ်ခုခံအား စနစ်ကို ကျဆင်းစေပါတယ်။ ခုခံအားစနစ်မှာ အရေးပါပါတယ်။ သွေးဖြူဥတစ်မျိုးဖြစ်တဲ့ 'T' cell အရေအတွက်ကို လျော့နည်းစေပါတယ်။ ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်စေပါတယ်။ တီဘီရောဂါလို ပိုးမျိုးတွေ အလွယ်တကူ ဝင်ရောက်စေပါတယ်။

မကြာခဏ ဖျားနာတတ်ပါတယ်။ အနာဖြစ်ရင် အကျက်နှေးစေပါတယ်။

(၅) ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။ ကျောက်ကပ် ထိခိုက် ပျက်စီးဖို့ အားပေးပါတယ်။ နဂိုတည်းက ဆီးချိုသွေးချို၊ သွေးတိုးရောဂါရှိတဲ့ သူဆိုရင် ဆေးလိပ်သောက်ရင် ကျောက်ကပ်ပျက်ဖို့ သေချာသလောက်ရှိပါတယ်။ ဖြစ်ပြီးရင်လည်း ကုသဖို့ မလွယ်ကူပါဘူး။

(၆) မျက်စိထိခိုက်ပျက်စီးခြင်း - နီကိုတင်းဟာ မျက်စိရဲ့ အတွင်းပိုင်းမှာရှိတဲ့ သွေးကြော လေးတွေကို ပျက်စီးစေတဲ့အတွက် အမြင်အာရုံကို ထိခိုက်စေပါတယ်။

အသက်ကြီးတဲ့ အခါဖြစ်လေ့ရှိတဲ့ (AMD- Age- related Macular Degeneration)ကို စောစောစီးစီး ဖြစ်စေပါတယ်။ အတွင်းတိမ်၊ ရေတိမ်တွေပို ဖြစ်စေပါတယ်။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါအခံရှိရင် အဖြစ်ပိုမြန်ပါတယ်။

(၇) မျိုးပွားအင်္ဂါအဖွဲ့ကို ထိခိုက်စေခြင်း - အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့အပြင် သုက်ပိုးတွေ အရေအတွက်ကျဆင်းတာ၊ သုက်ပိုးတွေ မသန်စွမ်း ဖြစ်တာတွေကြောင့် ကလေးမရဘဲ ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေ ဆေးလိပ်သောက်ရင်လည်း နီကိုတင်းကြောင့် မျိုးဥအိမ်တွေထိခိုက်လို့ ကလေးရဖို့အလားအလာ နည်းစေပါတယ်။ ရာသီသွေးပေါ် မမှန်တာတွေ၊ ကိုယ်ဝန်ဆောင်ရင် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်စဉ်မှာ သောက်သုံးရင်တော့ အထဲက သန္ဓေသားကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဥာဏ်ရည်မပြည့်ဘဲမွေးတာ၊ ကလေးက သေးသေးလေး ဖြစ်နေတာတွေ ဖြစ်တတ်ပါတယ်။ အခုပြောခဲ့တာ တွေကတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း တစ်ခုတည်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ် ပြီး ကျန်တဲ့ဓာတ်ပစ္စည်းတွေပါ ပေါင်းလိုက်ရင်တော့ ဆိုးကျိုးတွေ အလွန့်အလွန်ကို များလာပါတယ်။

မြဝတီ

Read 99 times
Rate this item
(0 votes)
Last modified on Friday, 04 January 2019 13:44