SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချဆေးနည်းတိုများ (၇၁)

Sunday, 13 January 2019 18:38 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ။ ဆရာကြီး ကျောက်ကပ်မှာ ကျောက် တည်နေပါသဖြင့် ဆေးနည်းလေး ပေးပါ ခင်ဗျာ။ ကျေးဇူး တင်ပါတယ်။

ဖြေ။   ။ ကျောက်ကပ် ကျောက်တည်ရင် အရည်များများသောက်ဖို့လိုပါတယ်။ ထုံးဓာတ်ကြောင့် ကျောက်တည်တာမို့ ထုံးဓာတ်များတဲ့ အစာတွေ ရှောင်ဖို့လိုပါတယ်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး အအေးခံထားပါ။ (ရေကျက်အေးပြုလုပ်ထားပါ)။ ဖန်ပုလင်းနဲ့ ထည့်ထားပြီး တစ်နေ့ကို  လေးပုလင်းမှ ခြောက်ပုလင်း အထိ သောက်ပါ။ ရေကျက်အေး သောက်ရင် ကျောက်ကို ပိုကြီး မလာစေနိုင်ပါ။ သံမနိုင် ကျောက်မနိုင်ပင်၊ ကျောက်ကွဲပင်၊ တောဆီးဖြူပင်၊ မြင်းခွာနွယ်ပင်များကို အခြောက် ပြုလုပ်ထားပြီး ပြုတ်သောက်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီများများ စားပေးပါ။ အဓိက ကတော့ ရေကျက်အေး များများ သောက်ဖို့ လိုပါတယ်။ ကျောက်ကွဲပင် က မိုးရာသီမှာ အလွန်ပေါ ပါတယ်။ အညာသားများ အသုပ်ပြုလုပ်စားကြပါတယ်။ ကျောက် တည်သူများ နေ့စဉ် အတို့ အမြှုပ်ပြု လုပ်စားပေးပါက  ကျောက်များကွဲပြီး ဆီးတွင် ပါလာသည်ကို လက်တွေ့ တွေ့ရသူများစွာ ရှိသည်။ မိတ္ထီလာ၊  မန္တလေး အထက်ပိုင်းတွင် အလွန်ပေါသည်။ ကျောက်ကွဲပင်အရပ် ဒေသအလိုက် နှစ်မျိုး တွေ့ရသည်။ တစ်မျိုးမှာ မြေမှာ ကပ်ပေါက်ပြီး ဆောင်းဦးတွင် ခရမ်းပြာရောင်ပန်းပွင့် ကလေးများ ပွင့် သည်။ မြေမှာ ကပ်ပေါက်ပြီး ကန်စွန်းပင် ကဲ့သို့ တွားသွားသည်။ အရပ်ခေါ် ခရုသင်းပွင့်ဖြူ ဟုလည်းခေါ်သည်။ ပခုက္ကူ နယ်ဘက်တွင် အတွေ့ရ များသည်။ နောက်တစ်မျိုးမှာ တစ်ပေခန့် မြင့်သော  ပင်ထောင်ရွက် ဆိုင်ဖြစ်ပြီး အပွင့်မှာ အဖြူရောင် ပွင့် သည်။ အရွက်ကို နေ့စဉ် နှစ်ရွက်၊ သုံးရွက်စားရုံဖြင့် ကျောက် တည်ခြင်းနှင့် ဆီးတွင် အဖြူရောင်အနည်အနှစ် ပါဝင်ခြင်းကို ပျောက်ကင်း စေနိုင်သည်။ ပထမ ခရုသင်း ပွင့်ဖြူမျိုး သည် ကျောက်ကွဲပင်ဟု အချို့အရပ်တွင် ခေါ်သော်လည်း ထို အသုံးထက် အခြား ဆေးဖက်ဝင်မှု အာနိသင် များစွာရှိသည်။ ပွင့်ခြောက်ကို ပြုတ်သောက်လျှင် အာရုံကြောများ နိုးထပြီး မှတ်ဥာဏ် ကောင်းစေသည်။ အရွက်ကို ဆံပင်ပေါက်ဆေး၊ ကျွဲ၊ နွား နို့ထွက်ဆေး အဖြစ် သုံးနိုင်သည်။ အနောက်တိုင်း သုတေသနအရ စိတ်ရောဂါ ပျောက်ကင်းစေပြီး  ဦးနှောက် အားတိုးဆေး nootropic

or brain-tonic အဖြစ် တွင်ကျယ်စွာ ထုတ်လုပ် သုံးစွဲကြောင်း သိရသည်။  စိတ်ကျရောဂါ depression ကို  ကုသနိုင်သောဆေးဖက်ဝင်အပင်ဖြစ်သည်။ ပန်းနာရောဂါကို လည်း ကုသနိုင်သည်။ အပင်ကို  ဆက်လက် သုတေသနပြုလျှင် အတော်ကို ဆေးဖက်ဝင်သော အပင်မျိုး ဖြစ်သည်။ Rf: Dr. Thet Naing Oo ç Monywa University)

မေး။ ။ ဆရာခင်ဗျာ။ ကျွန်တော်၏  ဖခင် အသက်(၆၃) နှစ်ရှိပါတယ်။  အပေါ့သွားရာတွင် တော်တော်နဲ့ သွားမရဘူးလို့ ပြောပါတယ်။ ဆီးခုံလည်း မာနေပါတယ်ခင်ဗျ။ ဆရာဝန်ကို ဓာတ်မှန်ရိုက်ပြီး ပြတဲ့အခါ ဆီးကျိတ် အဆင့်(၂) ရှိတယ်လို့ ပြောပါတယ် ခင်ဗျ။ မြန်မာဆေး သောက်ချင်လို့ တစ်ဆိပ်လောက် ညွှန်ကြားပေးပါ ခင်ဗျ။

ဖြေ။   ။ ကုန်းထိကရုံးပင်ကို ထောင်း အရည်ညှစ် ပျားရည်တစ်ဇွန်းစပ်၊ နံနက်၊ ည တစ်နေ့ နှစ်ကြိမ် သောက်ပါ။ ဆီးကြိမ် သောက်ပါ။ ဆီးကျိတ် ရောင်ရင် ကောက်ရိုး အဝါရောင်ကို ရေစင်အောင် ဆေး ပြုတ်ပြီး မတ်ခွက် တစ်ခွက်စာမှာ  သကြား တစ်ဇွန်းထည့် သောက်ပါ။ ၁၄ ရက်ခန့် သောက်ရပါမယ်။ကောက်ရိုးက ကျောက်ကပ်အတွက် လည်းကောင်း ပါတယ်။ (ဆီးလမ်းကြောင်း ပိတ်ဆို့တဲ့ အဆင့် ဆိုရင်တော့   ခွဲစိတ် ဆရာဝန်နဲ့ပြသသင့်ပါတယ်။)

မေး။ ။ ဆရာ ကျွန်မကလေး တစ်နှစ်နဲ့ နှစ်လပါ။ အခုရက်ပိုင်း ကလေးက  ထမင်း မစားဖြစ်နေလို့ပါ။ နေတော့ ကောင်းပါတယ်။   ဘယ်လို လုပ်ရမလဲဆရာ။ ကလေး ထမင်း ပြန်စားအောင် နည်းလမ်းလေး ပေးပါဦး ဆရာ။

ဖြေ။   ။ ကလေးအစား မစားချင်လျှင် ပဲရာဇာ(ပဲနီလေး) ဟင်းချိုချက် တိုက်ပါ။ ငါးဖယ်အောင်း မီးကင် အသားကိုဖဲ့ယူ ထမင်းဆီဆမ်းနဲ့ ကျွေးပါ။ နို့ထမင်းကို ထန်းလျက် ရည်ဆမ်း ကျွေးပါ။ ကလေး ဝမ်းဗိုက်ကို မုန်ညင်းဆီ လူးပေးရင်လည်း  ထမင်းဆာတယ် ပြောပါတယ်။  နံနက်စောစော ဦးခေါင်းမှ ရေလောင်း ချိုးပေးရင်လည်း ထမင်း စားတယ် ပြောပါတယ်။

မေး။ ။ ဆရာ သမီးအသက် ၂၆  နှစ်ပါ။ တစ်ခါတစ်ခါ အသက်ရှူရတာ မဝဘူး ဖြစ်နေပါတယ်။ အသက်ရှူရတာ ကျပ်ကျပ်နေလို့  သမီးကို ဆေးနည်းလေး ပြောပြပေး

ပါ ဆရာ။

ဖြေ။   ။ ငုရွက်ကို ပြုတ်ပြီး ပူပူနွေးနွေး သောက်ပေးပါ။ ဝမ်းသက်ပြီး အသက်ရှူ ချောင် စေပါတယ်။ (သို့မဟုတ်) ခရာပင် အရိုးအရွက်များကို နုပ်နုပ်စဉ်းပြီး သကြား အနည်းငယ် ထည့်ကျို သောက်ပါ။ (တစ်နည်း) ဥသျှစ်ရွက်ကို ထန်းလျက်နဲ့ ကျိုသောက်ပါ။   ရဲယိုရွက်ကို ငါးခူနှင့် ရောပြီး ချက်စားပါ။ ရဲယိုသီး အမှည့်ကို ထန်း လျက်နဲ့ ခေါက်စားပါ။ ဘယ်ဘက်ကို စောင်းမအိပ်ပါနဲ့။ ရှောက်ရည် ၃ ဇွန်း၊ ပျားရည် ၁ ဇွန်းစပ် နံနက်၊ ည သောက်ပါ။ (မျိုးရိုးမှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါရှိရင် အထူးကု ဆရာဝန်ပြ စစ်ဆေးပါ။)

မေး။ ။ ဆရာရှင့် သမီးနေပူထဲ အထွက်များရင်၊ ဖုန်းအကြည့်များရင် မျက်ရိုးတွေ ကိုက်ကိုက် လာပါတယ်။ ဆေးနည်းလေး ညွှန်ပြပေးပါဆရာ။

ဖြေ။     ဖုန်းကြည့်ရင် မိနစ် ၂ဝ ကြည့်ပြီး တစ်ကြိမ် မျက်စိကိုအနားပေးပါ။ မျက်တောင်ခတ်ပေးပါ။ အဝေးကို ကြည့်ပေးပါ။ အစိမ်းရောင်ရှိသော သစ်ပင်၊ လိုက်ကာ၊ ခန်းဆီးများကိုကြည့်ပါ။ ညအိပ်ယာ ဝင်ချိန် ကွမ်းရွက်ကို ပြားစေ့ အဝိုင်းခန့် ဖဲ့ပြီး  မျက်စိထောင့်များတွင် ကပ်ထားပါ။ မျက်စဉ်း-ဆား ရည်ကြည်သည် အကောင်းဆုံးဟု ရှေးဆရာကြီးများ ပြောသည့် စံပယ်ပွင့်ကို ညရေစိမ် နံနက်တွင်  ရေကြည်ကို  ခတ်သည့် နည်းလည်း ရှိပါတယ်။ မျက်စိ ဆရာဝန်ပေးသည့် မျက်စဉ်းကို ခတ်လျှင် အကောင်းဆုံးဖြစ်သည်။ တိုင်းရင်းဆေး မျက်စိကွင်းဆေးအဖြစ် ကျားမနိုင် နွယ်မြစ် သွေး ကွင်းပါ။ မန်ကျည်း ပနီခေါက်သွေး ကွင်းပါ။ မျက်စိအတွင်း စားဆေးအဖြစ် တိုင်းရင်းဆေးခန်းသုံးဆေး အမှတ်(၁၂) စက္ခုပါလဆေးကို သောက်ပါ။ (တိုင်းရင်းဆေးဆိုင်နဲ့ ပရဆေးဆိုင်များမှာဝယ်စားပါ။)

မေး။ ။ ဆရာရှင့် ကျေးဇူးပြု ဖြေပေးပါရှင့်။ သမီးဝမ်း အရမ်းချုပ်ပါတယ်။ တစ်ပတ်မှာ တစ်ခါပင် သွားဖို့ အနိုင်နိုင်ပါ။ စိတ်ပူမိပါတယ်။  ဘာဆေး သောက်ရမလဲရှင့်။ လက်ရှိ ထိုင်းမှာ အလုပ် လုပ်နေတော့ မြန်မာဆေး အသင့်ဝယ်လို့ရမယ့် ဆေးလေးညွှန်ပေးပါ ကျေးဇူးပါရှင့်။

ဖြေ။   ။ ဝမ်းချုပ်လျှင် ဆားခါးသောက်ပါ။ ဆားခါးကို လှော်ပါ။ ဖန်ပုလင်းနဲ့ထည့်ထားပါ။ ဟင်းစားဇွန်း တစ်ဇွန်းမှ နှစ်ဇွန်း အထိ သောက်နိုင်ပါတယ်။  ရှောက်ရည်ကို မန်ကျည်း ဖျော်ရည်နဲ့  စပ်သောက်လို့ လည်း ရပါတယ်။နို့တိုက် မိခင်လည်း သောက်လို့ရပါတယ်။ ကလေးနဲ့ လည်း တည့်ပါတယ်။ မြန်မာ ဆားခါး၊ အင်္ဂလိပ် ဆားခါး နှစ်မျိုးရှိပါတယ်။ ဆားခါး ထုပ်ကို Apson Salt ဆိုပြီး အင်္ဂလိပ် ဆေးဆိုင်များမှာ ဝယ်ရပါတယ်။ အရေးပေါ် ဝမ်းချုပ် စမြင်းခံလျှင် ရှောက်ရည် ၃ ဇွန်း၊ ပျားရည် တစ်ဇွန်း၊ ဆားခါး နှစ်ဇွန်း စပ်သောက်ပါ။

မေး။ ။ မင်္ဂလာပါဆရာ။ သမီးအသက် ၃၃ နှစ်ပါ။ ကလေးမွေးပြီးတာ  ရက်ပိုင်းပဲ ရှိပါသေးတယ်။ သမီး ဂရင်ဂျီနာ ရောဂါ ဖြစ်နေပါတယ်။ အဲ့ဒါ  တိုင်းရင်းဆေးနဲ့ ကုသချင်ပါတယ်။ လေးစားစွာ အကူအညီ တောင်းချင်ပါတယ် ဆရာ။

ဖြေ။     ဂရင်ဂျီနာမှာ ပျောက်ရန်ခက်ခဲပြီး ဆရာဝန်နှင့် ခွဲစိတ်ကုသထားသူများပင် ပြန်ပြန် ဖြစ်လေ့ရှိပါတယ်။ ဝမ်းချုပ်သူ။ အထိုင်များသူ။ အထူးသဖြင့် သားရေဆိုဖာဖြင့် ထိုင်သူများမှာ ပို၍ဖြစ်ပါတယ်။ ဆားခါးကိုရေနွေး နဲ့ ဖျော်ဝါးဂွမ်း နဲ့ ဆွတ် အနာဝမှာ ကပ်ပေးပါ။ ကလေးမွေးထား၍ ဆရာဝန်နှင့် မပြနိုင်သေးလျှင် တိုင်းရင်းဆေး အနာပေါက်ကုနည်းဖြင့် ထိန်းထားပါ။  သန့်စင်သော လက်ဖက်စိုနဲ့ ဆားခါးကိုနယ် အနာဝတွင် ကပ်ပေး၊ အုံပေးပါ။ ကျားမနိုင် နွယ်မြစ် သွေး အနာပတ်ချာလည်လိမ်းပါ။  မကောင်းသော အနံ့အသက်နှင့် ညှော်ရှောင်ဖို့ လိုပါတယ်။ ပူစပ်ချဉ် အရသာရှိသော  အစားအစာ ကောက်ညှင်းနှင့် ဝမ်းချုပ်စေသော အစားအစာများကို ရှောင်ပါ။ အိမ်သာ ရေသုံး လျှင် သန့်ရှင်းသော ရေကို သုံးပါ။  ကျောက်ချဉ် ထည့်သုံးလျှင် ပို၍ ကောင်းပါသည်။

မေး။ ။ ဆရာ ကျွန်မ အမျိုးသားက အသက် ၅ဝ ရှိပါပြီ။ ညနေစောင်းရင် ခြေဖျား လက်ဖျားတွေ အေးလာပြီး ထုံနေတယ်လို့ ပြောပါတယ်။ အဲဒါ ဘယ်လိုလုပ်ပေးရမလဲ ဆရာ။

ဖြေ။   ။ ဆင်တုံးမနွယ် ပါတဲ့ဆေး တစ်မျိုးမျိုးကို ဝယ်စားပါ။ (သို့မဟုတ်) ဆင်တုံးမနွယ် အမှုန့် ကြိတ်ပြီးသား (ပရဆေးဆိုင်မှ ဝယ်ယူပြီး) ပျားရည်နဲ့ ရောမွှေ တေထားပါ။ ဖန်ပုလင်းတွင် ထည့် အပေါ်မှ နှမ်းဆီ ထည့်ပြီး အုပ်ထားပါ။ နံနက်၊ ည ကော်ဖီဇွန်းသေးနဲ့ တစ်ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ်တစ်ခါ နေရောင်ပြပေးပါ။   ဆင်တုံးမ နွယ်က အကြောလေ လျှောက် ဆေး ဖြစ်ပါတယ်။

မေး။  ။ ဆရာကျေးဇူးပြုပြီးဖြေကြားပေးပါ။ ကန်တော့ပါ။ ကျွန်တော် ပန်းညှိုးနေ သလို ဖြစ်နေပါတယ် ဆရာ။ အဲ့ဒါ ဘယ်လိုဆေးကို  မှီဝဲစားသောက်ရမယ် ဆိုတာ ပြောပြပေးပါ ဆရာ။

ဖြေ။   ။ ကုက္ကိုခေါက် အမှုန့်ကို ထောပတ်၊ ပျားရည်တို့ဖြင့် ရောစပ် သောက်ပြီး လေးပဲသားခန့် ညအိပ်ရာဝင်ချိန်တွင် ရေအေးဖြင့် သောက်ပါ။(တစ်နည်း) ထောပတ်၊ ပျားရည်၊ ကြက်ဥ ၃ မျိုးကို အရက်တစ်ဇွန်းနှင့် ရောမွှေပြီး သောက်ပါ။ (တစ်နည်း)ဖီးကြမ်း ငှက်ပျောသီးကို နွားနို့ဖြင့် ပြုတ်ပြီး ပျားရည် တစ်ဇွန်းထည့် နေ့စဉ်သောက်ပါ။ နန်းလုံး ကြိုင်ပင် အမြစ်ကို တူး၊ အခြောက်လှန်းသွေးပြီး လိင်အင်္ဂါတွင် လိမ်းပေးပါ။

မေး။  ။ မင်္ဂလာပါဆရာ သမီးအသက် ၁၆ နှစ်ပါ။ အခုတလော အိပ်ရင် မပျော်ဘူးဖြစ်နေလို့ပါ ဆရာ။ အိပ်မပျော်တဲ့ ရောဂါဆိုတာ ရှိပါသလား ဆရာ။ သမီးအိပ်

မပျော်တာ ၃ ရက် ရှိပါပြီ။ ဘယ်လိုလုပ်ရမလဲ ဆရာ။

ဖြေ။   ။ ကြက်သွန်နီဥထက်ခြမ်းခွဲ ခြေဖဝါးပွတ်ပေးပါ။ အပူထွက်သလို ခံစားလာရတဲ့ အခါ ကြက်သွန်နီ ပါးပါးလှီး ခြေဖဝါး အလယ်မှာကပ် အဝတ် သို့မဟုတ် ပတ်တီး စည်း ထားပါ။ အိပ်ပျော်ပါ လိမ့်မယ်။ တိုင်းရင်းဆေးခန်းမှ ဆေးအမှတ် (၁၅) သည်းခြေဆေးနဲ့ အမှတ်(၁၆) အပူငြိမ်းဆေးများ ဝယ်သောက်ပါ။ ထိုထက် မြင့်လျှင် ဝက်ဝံ သည်းခြေ ပါသော အဘိညာဉ် ဆေးစွမ်းလည်း ရှိပါတယ်။ ည အိပ် မပျော်ဆေးနည်း တိုလည်း လုပ်ကြည့်ပါ။

မေး။ ။ ဆရာမင်္ဂလာပါ။ ကျွန်တော့်မှာ ခေါင်းကိုက်ရောဂါ ဖြစ်နေပါတယ်။ တစ်နှစ်ကျော်လောက် ရှိပါပြီ ဆရာ။ အင်္ဂလိပ်ဆေးလည်း သောက်ပါတယ်။ ခဏပဲ သက်သာပြီး ပြန်ပြန်ပြီး ခေါင်းကိုက် တတ်ပါတယ်။ အဲ့ဒါ ဆေးနည်းတိုနဲ့ ကုသချင်ပါတယ်။ ကျေးဇူးပြု၍ ဆေးနည်းလေး ပြောပြပေးပါဆရာ။

ဖြေ။   ။ ခေါင်းကိုက်လျှင် ချင်းတက်ကို ပါးပါးလှီး နားထင် နှစ်ဖက်မှာ ကပ်ထားပါ။ တိုင်းရင်းဆေး အမှတ် (၄၃) အကင်းဆယ်ပါး ဆေးမှုန့်ဝယ် မီးကျီးခဲ ပေါ် ဖြူး မှိုင်းရှူ ပါ။ ချင်း ပြုတ်ရည်ကို  ရေနွေးကြမ်း သောက် သကဲ့သို့  နေ့စဉ် သောက်ပေးလျှင်  နှစ်ရှည် ခေါင်းကိုက် ရောဂါ ပျောက်ကင်းစေပါတယ်။ ဆားခါးကို  ခေါင်းအုံး လုပ်အိပ်လျှင် လည်း သက်သာစေပါတယ်။

မေး။  ။ ဆရာ ကျွန်တော့် အသက် ၅၄ နှစ်ပါ။ ကျွန်တော့်မှာ ခြေလက်တွေ မသယ် ချင်အောင် ညောင်းသလို ခံစားရပါတယ်။ မကြာ မကြာဖြစ်တတ်လို့ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

ဖြေ။   ။ ဒူလာ ရောဂါဖြစ်တာပါ။ ရှေးပေစာပါဒူလာ ဆေးနည်းတို-ကြောင်ပန်းရွက်၊ မြင်းခွာရွက်၊ တောဆီးဖြူရွက် သုံးမျိုးကို သုံးခွက် တစ်ခွက်တင် ပြုတ်သောက်ပါ။ (တစ်နည်း) ဟင်းဂလာအရိုင်းပင်ကို ပြုတ်ပြီး ပျားရည်နှင့်စပ်သောက်ပါ။ (တစ်နည်း) ကြံရည်နှင့် ဆီးဖြူသီးကို ကြိတ်၍ ရသော အရည်ကို ရောစပ်၍ သောက်ပါ။

မေး။ ။ ဆရာ ကျွန်တော် ညနေပိုင်းမှာ ရေချိုးလိုက်တာ ချွေးငုပ်ပြီး နေရထိုင်ရ ခက်နေပါတယ် ဆရာ။ ချွေးထွက် အောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ဆေးနည်းတိုလေး ပြောပြပေးပါ ဆရာ။

ဖြေ။   ။ ဘူးသီး၊ ကျောက်ဖရုံသီး ဟင်းချိုချက်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်ခတ်၍ ပူပူသောက်ပေးလျှင် ချွေးထွက်စေပါတယ်။(တစ်နည်း) ရှောက်သီးအသားကိုနွှာပြီး မျှင်ငါးပိအနည်းငယ်ထည့်ကာ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ဖြင့် အစပ်သုပ်စားလျှင် ချွေးထွက်စေနိုင်ပါတယ်။ မြေစာမြက်၊ ဝါးရွက်၊ တမာရွက်၊  ကုက္ကိုရွက်၊  ရှောက်ရွက်စသည်များကို မြေအိုးတွင်ထည့်၍ပြုတ်ပြီး ရိုင်ပတ်ကာချွေးငုပ်သူကိုဝင်ထိုင်ခိုင်းကာ စောင်အုပ်ပေးရသည်။ (ရှေးနည်း)

 

ကြည်လွင်မြင့်(မုဒြာ)

Read 475 times
Rate this item
(0 votes)