SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချ ဆေးနည်းတိုများ(၇၄)

Monday, 25 February 2019 09:56 Written by  font size decrease font size decrease font size increase font size increase font size

မေး။  ။ ဆရာကြီးခင်ဗျာ တိုင်းရင်းဆေးမှာ ဆေးမြီးတို၊ ဆေးနည်းတိုဆိုပြီး  နှစ်မျိုး ခေါ်ဝေါ်သုံးစွဲနေတာ မရှင်းလို့ပါ။ မည်သည့် အသုံးက အမှန်လည်း သိလိုပါတယ်။

ဖြေ။    ။ ဆေးနည်းတို ဆိုတာက စာအသုံး ဝေါဟာရပါ။   ဆေးမြီးတို ဆိုတာကတော့ လူတွေပါးစပ်ဖျားမှာ ပြောနေတဲ့   အရပ်သုံး စကားဖြစ်ပါတယ်။ ရောဂါဝေဒနာ ဖြစ်တဲ့အခါ၊ ဆရာနဲ့ အလှမ်းဝေးတဲ့အခါ (ယခုခေတ် အနေနဲ့ပြောရရင် ဆေးရုံဆေးခန်း၊ ဆရာဝန် မပြနိုင်သေးတဲ့အခါ)   မိရိုးဖလာရှေးလူကြီးများ သုံးလေ့သုံးထရှိတဲ့၊  အလွယ်တကူ ရနိုင်တဲ့  အိမ်သုံး သို့မဟုတ် မီးဖိုချောင်သုံး သို့မဟုတ် နေအိမ်အနီးအနား တစ်ဝိုက်မှာ ရနိုင်တဲ့ အပင်၊ အရွက်၊ အမြစ်၊ အသီး၊ အခေါက်တို့ကို တစ်မယ်ခြင်းဖြစ်စေ၊ နှစ်မျိုး၊ သုံးမျိုးစပ်ပြီး ဖြစ်စေ  သောက်သုံးခြင်းဖြင့် ရောဂါဝေဒနာ သက်သာစေတဲ့ တစ်နည်းအားဖြင့် ရှေးဦးသူနာပြုသလို ဆရာဝန်ဆီမရောက်ခင် သုံးစွဲတဲ့ဆေးကို ဆေးမြီးတို(ဆေးနည်းတို) လို့ ခေါ်ပါတယ်။ ဆေးမြီးတိုများဟာ တစ်ခါတစ်ရံ ဆေးကျမ်းနဲ့ မညီညွတ်ပါဘူး။ အနောက်တိုင်း ဆရာဝန်များအပြော ''evidence base”မဖြစ်ပါဘူး။ ဥပမာအားဖြင့် ငရုတ်သီး မျက်စိထဲဝင်ရင် ခြေမကို ရေလောင်းတယ်ဆိုတာမျိုးပေါ့။ ပျောက်တဲ့သူပျောက်၊ မပျောက်တဲ့သူလည်း ရှိနိုင်တာပေါ့။ အဲဒါဆေးနည်းတိုပါပဲ။ နားလေထွက်ရင် တရုတ်စံကားပွင့်ကို နားဝမှာ ဆို့ထား၊ မျက်စိစွန်ရင် မုဆိုးမအိမ်က ငါးပိရိုးနဲ့ ထိုး၊ လက်ပြင်ငုတ်ရင် ခေါင်းအုံးကို နေပူလှန်း ပြီးတုတ်နဲ့ရိုက်။ ကြို့ထိုးရင် ကျောက်ပျဉ်မှာ သနပ်ခါးကိုသွေးပြီးလျက်ပေး ဆိုတာမျိုးတွေလိုပေါ့။ ဆရာဝန်ကြည့်ရင် အထင်ကြီးစရာ မရှိပါဘူး။ ဒါပေမဲ့ တကယ်ပျောက်သူတွေ ရှိနေတဲ့ မြန်မာ့ရိုးရာ နည်းတွေဖြစ်နေတဲ့အတွက်  ဆရာတို့က  ရှာဖွေဖော်ထုတ်တင်ပြနေခြင်း ဖြစ်ပါတယ်။ လက်တွေ့ ပျောက်ကင်းသူများတဲ့ သင်္ဘောရွက်ပြုတ်ရည်သောက်လို့  အဆုတ်ကင်ဆာ ကုနေသူ ပိုမို သက်သာတာတို့၊  ဆေးအိုး ပုတ်ပြုတ် ရည်နဲ့ အသံဝင်ရောဂါ ပျောက်ကင်းတာ၊ ကမ်းဇော်ဆီနဲ့ အကျိတ်အဖု ပျောက်ကင်းတာတွေလည်းရှိပါတယ်။   မိမိစိတ်ဆန္ဒရှိမှ  သုံးစွဲပါ။

ဆရာဝန်၊ ဆေးခန်း၊ ဆေးရုံမသွားနိုင်တဲ့ အခါမျိုးမှာသာ သုံးစွဲပါလို့ ပြောချင်ပါတယ်။

မေး။  ။ ဆရာကြီးရှင့် သမီးမှာ လေးဖက်နာ ရောဂါရှိပါတယ်။  ဆရာဝန်နဲ့လည်း  ပုံမှန်ပြသကုသနေပါတယ်။ သမီးရောဂါက ASO 400 ရှိတယ်လို့ ပြောပါတယ်။ သွေးလေးဖက်နာလို့ ပြောပါတယ်။ ဆရာကြီး အမေးအဖြေ တစ်ခုမှာ  လေးဖက်နာက ဓာတ်စာအဖြစ် ပဲရာဇာစားရင် သက်သာတယ်ဆိုတာ ဖတ်ရပါတယ်။ ပဲရာဇာဆိုတာ ဘယ်လိုမျိုးပါလဲ။ သမီးတို့ အောက်ပိုင်းမြို့တွေမှာ ရှာမရလို့ပါရှင့်။ ပဲရာဇာစားရင် လေးဖက်နာ ပျောက်နိုင် သလား သိလိုပါတယ်ရှင့်။

ဖြေ။    ။ ပဲရာဇာဆိုတာ မန္တလေးနဲ့ အထက်မြန်မာပြည်မှာ ခေါ်တဲ့ အခေါ်အဝေါ်ပါ။ ရန်ကုန်နဲ့ အောက်ပိုင်းမှာတော့ 'ပဲနီကလေး' လို့  လူသိများပါတယ်။   ပဲရာဇာစားလို့ လေးဖက်နာရောဂါ အရှင်းမပျောက်နိုင်ပေမယ့် ရေရှည်စွဲစားပေးရင် သက်သာစေနိုင်တဲ့ သဘောရှိပါတယ်။ တိုင်းရင်းဆေးပညာ အရ ပဲရာဇာက လဟုဂုဏ်ရှိတဲ့ (ရုပ်ကိုပေါ့ပါးစေတဲ့ ဂုဏ်သတ္တိ) ပဲမျိုးဖြစ်ပါတယ်။ စားသုံးတဲ့    သူရဲ့အကြောအခြင် ကိုယ်လက်များ ကိုက်ခဲခြင်းကို သက်သာစေပြီး ရုပ်ကိုပေါ့ပါးစေတယ်လို့ ဆိုလိုတာပါ။ သူနဲ့ဆန့်ကျင်ဘက် ဥပမာပြရမယ် ဆိုရင်တော့  ကုလားပဲမှာ ဂရုဂုဏ် (ရုပ်ကိုလေးစေတဲ့ ဂုဏ်သတ္တိ)ရှိပါတယ်။ ကုလားပဲစားပြီးရင် သွေးလေးတာတို့၊ အိပ်ချင်တာတို့ဖြစ်လေ့ရှိပါတယ်။ ကုလားပဲနဲ့ ဆိတ်သားဟင်းစားလာတဲ့  ယာဉ်မောင်းတစ်ဦးဟာ အမြန်လမ်းပေါ်မှာ အိပ်ငိုက်လာလို့ အခြားသူပြောင်းပြီး မောင်းရတယ်လို့ ပြောပြလို့ သိရဖူးပါတယ်။ ဒါကြောင့် ကုလားပဲဆိုတာ လေးဖက်နာ၊ အဆစ်အမျက်ကိုက်ခဲရောဂါနဲ့ မသင့်ဘူးလို့ ယူဆရပါတယ်။ ပဲရာဇာ စားသုံးရာတွင် သတိပြုရန်မှာ ပဲဖြူလေးကို ဈေးကောင်းမရသဖြင့် ဆေးဆိုးပြီး ပဲနီကလေးပြုလုပ်၍ ရောင်းတတ်ကြတယ်။ ရေစိမ်လိုက်တာနဲ့အနီရောင်ဆေးများ ကျွတ်ထွက် လာသည်ကို သတိပြုပါ။ ပဲရာဇာကို အိန္ဒိယမှ တင်သွင်းပြီး    ရှေးဘုရင် လက်ထက်ကပင် နန်းတွင်း၌ စားသုံးကြောင်း၊ လူနှင့်သင့်ကြောင်း ယောအတွင်းဝန်အမတ်ကြီး   ဦးဖိုးလှိုင်၏ (ဥတုဘောဇန သင်္ဂဟကျမ်း)တွင် တွေ့ရှိရပါတယ်။ (သတိပြုရန်မှာ လေးဖက်နာရောဂါနဲ့  Gout ခေါ် ခြေမဆစ်ရောင်သည့် ရောဂါမတူပါ။    အနောက်တိုင်း ဆေးပညာအရ Uric Acid များသောကြောင့် ဖြစ်သောရောဂါမျိုးတွင် ပဲရာဇာနှင့် မတည့်ပါ။)  

မေး။  ။ ဆရာခင်ဗျာ  ကျွန်တော့်တူလေး အသက် ၁၁ နှစ်ပါ။  စကားထစ်နေလို့ပါ ဆရာ။ တိုင်းရင်းဆေးနည်းများရှိရင် သိပါရစေခင်ဗျာ။

ဖြေ။    ။ မြင်းခွာရွက်ကို ရေစိမ်ထားပြီး နံနက်အိပ်ရာထ( သွားမတိုက်မီ) ဝါးစားပေးလျှင် စကားထစ် သက်သာပါတယ်။

မေး။  ။ ဆရာရှင့် သမီးလေးက နှစ်နှစ်ပြည့်တော့မှာပါ။ နှာစေးနေတာ ခြောက်ရက်ရှိပါပြီ။ ဆေးတိုက်တာလည်း မသက်သာဘူး။ အဖျားတော့မရှိပါ။ အဲဒါ ဆရာဘယ်လိုလုပ်ရမလဲသိချင်လို့ပါ ဆရာကြီးရှင့်။

ဖြေ။    ။ ခြေဖဝါးဆားပွတ်။  ဒူးအထက်မှ ရေလောင်းပေးရင် နှာစေး သက်သာစေပါတယ်။ ကွမ်းရွက် အရည်ညှစ်ပြီး အုန်းဆီနဲ့ ဖျော် ငယ်ထိပ်တွင်လိမ်းပေးပါ။ (တစ်နည်း) ကျားမနိုင်နွယ်မြစ်ကို သွေးပြီး နှာခေါင်းတွင် လိမ်းပေးပါ။

မေး။  ။ ဆရာခင်ဗျာ ကျွန်တော့်မျက်နှာကမည်းပြီး ဝက်ခြံလို အဖုတွေ များနေလို့ပါဆရာ။ ဘာလိမ်းရင် မျက်နှာဖြူပြီး အဖုတွေ ပျောက်မလဲလို့ဆရာ။

ဖြေ။    ။ သံပရာရည်နဲ့ သနပ်ခါးရောစပ်လိမ်း။ (တစ်နည်း)  သံပရိုသီးအရည်နဲ့ ပျားရည်ရောစပ်လိမ်း ခဏကြာ မျက်နှာသစ်ပါ။

မေး။  ။ ဆရာကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာ။ ကျွန်တော့်အသက်က ၃ဝ ရှိပါပြီ။ လွန်ခဲ့တဲ့  ၁ဝ နှစ်လောက်က   အဆုတ်ထဲ ရေဝင်လို့ ဆေးရုံတက်ခဲ့ရပါတယ်။ ရေစုပ်ထုတ်ခဲ့ရပါတယ်။ အသားစယူပြီး စစ်ဆေးခဲ့ရလို့ အဆုတ်မှာ  အမာရွတ်ကျန်ခဲ့ပါတယ်။ အခု ကျွန်တော်နည်းနည်း အအေးမိတဲ့အခါ၊ မနက် အစောရေချိုးတဲ့ အခါမှာ ဘယ်ဘက် နောက်ကျောအောက်ပိုင်းက အေးပြီးချမ်းပါတယ် ဆရာ။ ရာသီဥတုအေးတဲ့ အချိန်မှာလည်း သူများတွေထက် ပိုအေးပြီး ပိုချမ်းသလို ဖြစ်နေပါတယ်ဆရာ။အဲဒီလိုဖြစ်နေတာ ရောဂါ စရကတည်းကပါ ဆရာ။ လူလည်း ပိန်နေပါတယ်။ ကျွန်တော် ဘယ်လိုပြုမူနေထိုင် စားသောက်ရမယ်၊ ဘာဆေးတွေ သောက်ရမယ် ဆိုတာ ဖြေကြားပေးပါဆရာ။

ဖြေ။    ။ အဆုတ်ထဲမှာ ရေတွေကျန်နေလို့ပါ။ ကွမ်းရွက် သုံးရွက်၊ ချင်းပါးပါး ခုနစ်လွှာ၊ ထန်းလျက်သုံးခဲ ရေနွေး မတ်ခွက်တစ်ခွက်စာနဲ့ အနည်းငယ်ခမ်းအောင် ကျို နေ့စဉ်သောက်ပါ။ ထမင်းစားပြီးမှ သောက်ပါ။ ရေချိုးပြီးလျှင် ရှောက်သီးတစ်ခြမ်းကို  ရေနွေးမတ်ခွက်နဲ့ စိမ်ထားပြီးသောက်ပါ။ ရင်ကျပ်ရင် ဇော်ဂျီတောင်ဝှေးပင် မှန်ရောင်သကြားခဲ (ပရဆေးဆိုင်မှာဝယ်)နဲ့ ကျိုသောက်ပါ။ လေကောင်းလေသန့် ရတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။ အဆုတ်ဆရာဝန်ကို လိုအပ်သလို ပြန်ပြပါ။ အေးသောရာသီမှာ ရေချိုးရင် ရေနွေးစပ်ချိုးပါ။

မေး။  ။ ဆရာကျွန်မ တစ်ခုလောက် မေးပါရစေ။ ကျွန်မမှာ မျက်ရည်ပူတွေ ကျကျနေပါတယ်။ တစ်ခါတစ်ခါလည်း မျက်ခမ်းတွေ စပ်နေပါတယ်။ ကျွန်မကိုဆေးနည်းလေး လမ်းညွှန်ပေးပါဆရာ။

ဖြေ။  ။ မျက်ရည်ပူကျရင် မျက်စိထောင့်နားမှာ ကွမ်းရွက်ကို ပြားစေ့အရွယ်ခန့် ဖဲ့ပြီးကပ်ပေးထားပါ။ မျက်ခမ်းစပ်ရောဂါက အညာဒေသတွေမှာ အဖြစ်များပါတယ်။ ဖုန်မှုန့်နဲ့ မီးခိုးတို့ မျက်စိအတွင်းသို့ အဝင်များသဖြင့် ဖြစ်တတ်ပါတယ်။ မန်ကျည်းခေါက်ကို သွေးကွင်းပါ။ (မန်ကျည်းပနီခေါက်က ပို၍ကောင်းသည်။) (တစ်နည်း)  ဆီးဖြူသီးကို ထုထောင်းပြီး  ရေစိမ်ထား၍ ရေအကြည်ကို မျက်စဉ်းခတ်ပေးပါ။ မသက်သာရင်တော့ မျက်စိဆရာဝန် ပြသင့်ပါတယ်။

မေး။  ။ ဆရာရှင့် သမီးဒယ်ဒီက အသက် ၇၆ နှစ်ပါ။ အာရုံကြောမကောင်းဘူး ဆေးရုံတက်ဆိုလို့ တက်ပြီးပါပြီ။ ဒါပေမဲ့ အိပ်ဆေး သောက်ခိုင်းပြီး  မအိပ်ဘဲ ခြေလက်တွေမသယ်နိုင်သလိုဖြစ်ပြီး စကားပြောတာလည်း လေးနေပါတယ်။ သမီးအထင် လေဖြန်းသွားတာလားမသိလို့ပါ။ သမီးတို့ အရမ်းစိတ်ညစ်နေလို့ ကူညီပါဦး ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။    ။ လူကြီးနာပါ။   ဗမာလိုတော့ လေလျှောက် အားနည်းလာတာပါ။  အရပ်ရှည်တဲ့သူ၊ အလုပ်လုပ်ရာမှ  ပင်စင်ယူပြီး ရုတ်တရက် နားလိုက်သူတွေမှာ ဖြစ်တတ်ပါတယ်။ လေဆက်စေတဲ့ ဓာတ်စာကြောင်လျှာသီးပါ။ ယခုရာသီမှာ ပေါပါတယ်။ နေ့စဉ်ကျွေးပါ။   ဆင်တုန်းမနွယ် အခြောက်မှုန့် သန့်သန့်ကို ပရဆေးဆိုင်မှာ ဝယ်ပါ။ အမှုန့် ၅ ကျပ်သားကို ပျားရည် ၅ ကျပ်သား၊ နှမ်းဆီ ၂ ကျပ်ခွဲသားနဲ့ ရောမွှေပြီး ဖန်ပုလင်းအဝကျယ်မှာ ထည့်ပါ။ ဟင်းစားဇွန်းတစ်ဇွန်းစာ နေ့စဉ် ညအိပ်ရာဝင်ကျွေးပါ။ (ဆရာဝန်ပေးတဲ့ အင်္ဂလိပ်ဆေးတွေလည်း တိုက်ပါ။ မထိခိုက်ပါ။ တစ်နာရီခြားတိုက်ပါ။)

မေး။  ။ မင်္ဂလာပါဆရာ။ သမီးကလေးမွေးပြီး သုံးလအကြာမှာ ခြေဆစ်၊ လက်ဆစ်တွေနာပြီး လှုပ်မရလို့ ဆေးခန်းပြပြီး ဆေးစစ်ကြည့်တော့ လေးဖက်နာပိုး ရှိတယ်တဲ့ ဆရာ။ သမီးကလေး နို့တိုက်နေရတော့ အဲဒီဆေးတွေက ကလေးကို ထိခိုက်မလားလို့ သိချင်လို့ပါဆရာ။ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်း ပြောပြပေးပါဆရာ။

ဖြေ။    ။ ပိုးလေးဖက်နာဆေးက ပင်နီဆီလင် အုပ်စုတွေပါ။ ကလေးကိုတော့ မထိခိုက်ဖူး ထင်ပါတယ်။ ဆေးပေးတဲ့ ဆရာဝန်ကို သေသေချာချာ မေးပြီးမှ သောက်ပါ။ ဒန့်သလွန်ရွက် များများ စားပေးပါ။ နီသောအသား၊ ခြေလေးချောင်း အသားတွေရှောင်ပြီး အသီးအရွက်ပိုစားပါ။ လက်ဆစ်များကို နလင်ကျော်သွေးလိမ်းပါ။ သက်ရင်းကြီးမြစ်၊ တောရှောက်မြစ်၊ ထင်းရှူးဆီစတာတွေလည်း  လိမ်းလို့ရပါတယ်။

မေး။    မင်္ဂလာပါဆရာ။   ကျွန်တော် ဝမ်းကြောတင်းပြီး ဗိုက်မှာ လေသံတွေလည်း ကြားရတယ်။ ဝမ်းလည်း မကြာခဏ ချုပ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က အစာအိမ်သွေးကြော နှစ်ကြိမ် ပေါက်ဖူးပါတယ်။ ကျေးဇူးပြုပြီး ဆေးနည်းလေး ညွှန်ပေးပါဦးဆရာ။

ဖြေ။    ။ အစာအိမ်သွေးကြော ပေါက်ဖူးရင် တွေ့ရာဆေးတွေ မစားပါနဲ့။ အပူ၊ အစပ်၊ အရက်၊ ဆေးလိပ် လုံးဝရှောင်ပါ။ အချို့ဗမာလျက်ဆားတွေမှာ ပရုတ်ပါရင် မတည့်ပါ။ ရှောက်သီးအရည် သုံးဇွန်း၊ ပျားရည်တစ်ဇွန်း၊ ဆားခါး(လှော်) တစ်ဇွန်း  စပ်သောက်ပါ။ ဆားခါးအထုပ်ကို အင်္ဂလိပ်ဆေးဆိုင်တွေမှာ ဝယ်ရင်ရပါတယ်။   သံဒယ်အိုးနဲ့ လှော်ပြီး လေလုံအောင် သိမ်းထားပါ။

မေး။   ။ ဆရာရှင့် ကျွန်မကလေးက လေးနှစ်နဲ့ သုံးလပါ။  ဆော့လည်း ဆော့ပါတယ်။ဆီးက တစ်နေ့ကိုအခါ  ၃ဝ လောက်သွားပါတယ်။ နာတာ၊ အောင့်တာ မရှိပါဘူး။ ဆီးအရောင်ကလည်း ဖြူပြီးကြည်ပါတယ်။ ဆီးသွား နည်းအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။

ဖြေ။    ။ ကလေးများ ဆော့ကစားတဲ့ အရွယ်မှာ ဆီးသွား များတတ်ပါတယ်။ ဆီးလွန်ရောဂါ မဟုတ်ပါ။ အသက်ကြီးရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဆီးလွန်ရောဂါအတွက် ဆေးနည်းကတော့ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကျွေးပါ။

မာလကာရွက် ထန်းလျက်နဲ့ရောကျို မတ်ခွက်တစ်လုံးစာ နေ့စဉ်တိုက်ပါ။ ထောပတ်ထမင်းချက်ကျွေးပါ။ အုန်းသီးဆန်နဲ့ ထန်းလျက်ကို စားပေးပါ။ ငှက်ပျောသီးအစိမ်း၊ ငှက်ပျောအူတိုင်ကို ဟင်းချက်စားရင် ကလေးရော လူကြီးပါ ဆီးထိန်းနိုင်ပါတယ်။   ဆီးခုံတွင်မင်းကွတ်သီးအခွံ သွေးလိမ်းရင် အိပ်ရာထဲ ဆီးသွားခြင်းမှ ဆီးထိန်းနိုင်ပါတယ်။

မေး။  ။ ဆရာခင်ဗျာ တိုင်းရင်းဆေးနည်းတွေထဲမှာ မျက်ခုံးမွေးထူအောင် လုပ်လို့ရတဲ့ နည်းရှိရင် ပြောကြားပေးပါခင်ဗျာ။

ဖြေ။    ။ အသက်ငယ်သေးတဲ့ ကလေးတွေကိုတော့ မျက်ခုံးမွေးထူအောင်၊ သန်အောင် ကွမ်းရိုးနဲ့ မျက်ခုံးမွေးဆွဲပေးတဲ့နည်း ရှေးလူကြီးများက ပြုလုပ်ပေးပါတယ်။ အသက်ကြီးသွားတဲ့ သူများအတွက် မျက်ခုံးမွေးထူအောင် လုပ်တဲ့ ဆေးနည်းတော့ မတွေ့သေးပါ။

မေး။   ။ နားနဲ့မနာ ဖဝါးနဲ့နာပါ ဆရာကြီး ခင်ဗျာ။ ကျွန်တော် အသက် ၂၉ နှစ်ရှိပါပြီ။ အိမ်ထောင်မရှိသေးပါ။ ကျွန်တော့်မှာ ညအိပ်ရာဝင် အိပ်မက်မက်သလိုနဲ့ အလိုလိုနေရင်း  သုက်လွှတ်ရောဂါ ဖြစ်နေပါတယ်။ အဲဒီနောက် အလိုလို အားနည်းပြီး စိတ်ဓာတ်ကျသလို ဖြစ်လာပါတယ်။    ဆရာဝန်တွေလည်း ပြဖူးပါတယ်။ အားဆေးတွေပဲ ပေးပါတယ်။ သုက်လွှတ်ရောဂါ ပျောက်မယ့် မြန်မာဆေးနည်းလေးများရှိရင် ပေးပါခင်ဗျာ။

ဖြေ။    ။ ဆရာ   လက်တွေ့မကုဖူးသော်လည်း ဆေးကျမ်းများပါ သုက်လွှတ်ရောဂါ ကုထုံးအရ   သက်လတ်ပိုင်း အရွယ်တွေမှာ အဖြစ်များပါတယ်။    မိမိဘာသာ စိတ်ဖြေဖျောက် များသူများမှာလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အထိုင်များသူ၊ အရပ်များသူ၊ ဆီးလမ်းကြောင်း ရောဂါရှိသူများမှာလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။    အေးသော ကြမ်းပြင်မြေကြီးနဲ့   ထိကပ်အိပ်သူတွေမှာ လည်း ဖြစ်တတ်တယ်လို့ အာယုဗေဒ ဆေးကျမ်းများက ဆိုပါတယ်။ သုက်ထွက်ရောဂါ ဆေးနည်းကတော့ ခရုဇီဆင်း(ခရုဖင်ချွန်း) ပြာချပြီး  ပျားရည်နဲ့ ရောတေသောက်ပါ။ ဟင်းစားဇွန်း တစ်ဇွန်း နံနက်၊ ညသောက်ပါ။ (တစ်နည်း) ခရုဖင်ချွန်းပြာကို မန်ကျည်းစေ့ခန့် ယူပြီး  သံပရာသီး တစ်လုံးအရည်နဲ့ဖျော် တစ်နေ့တစ်ခွက်သောက်ပါ။ သုက်လွှတ်ရောဂါကို အနောက်တိုင်း ဆရာဝန်အချို့က စိတ်ရောဂါတစ်မျိုးအဖြစ် သတ်မှတ်ပြီး စိတ်ရောဂါကု ဆရာဝန်ပြသခိုင်းလေ့ ရှိပါတယ်။ မြန်မာနည်းမှာလည်း တရားထိုင်ခြင်းဖြင့် ကုရခက်ခဲသော ရောဂါများ ပျောက်ကင်းလေ့ ရှိပါတယ်။ 

ကြည်လွင်မြင့်(မုဒြာ)

Read 25 times
Rate this item
(0 votes)
Last modified on Monday, 25 February 2019 09:58