SJ WorldNews - шаблон joomla Авто

တပ်မတော်သတင်းစာ ရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏မေးမြန်းချက်များကို ဖြေကြား

Wednesday, 27 March 2019 10:32 Written by  font size decrease font size decrease font size increase font size increase font size

တပ်မတော် သတင်းစာ ရှင်းလင်းပွဲ

ယမန်နေ့မှအဆက်

News Watch

မေး။  မြောက်ဦးဖြစ်စဉ်ပါ။ မြောက်ဦးဖြစ်စဉ် နဲ့ပတ်သက်ပြီး ပြည်သူတွေက မရှင်းမလင်း ဖြစ်နေပါတယ်။ NRPC ကို  ULA ကလာတော့ ကျွန်တော်တို့မေးတယ်။ သူတို့တိုက်ဖို့ တော့မဟုတ်ဘူးလို့ပြောတယ်။ သူတို့တက် လာတာကတော့ ကတုတ်ကျင်းတွေ၊ ဘာ တွေနဲ့ပေါ့။   တပ်ကတော့ပစ်ရင်  ပြန်ပစ်မှာပဲ  ကျွန်တော်တို့သိပါတယ်။   အဲ့ဒါနဲ့ ပတ်သက်ပြီး တော့ ရှင်းရှင်းလင်းလင်း သိချင် ပါတယ်။ နောက်တစ်ခါ သူတို့က ARSA နဲ့ ပေါင်းသင်းတာ မရှိဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ အထောက်အထားတွေ ရှိပါတယ်။ အဲ့ဒါတွေကိုချပြပြီးတော့ ရှင်းလင်းစေချင်ပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင် မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ခုနက ပြောတဲ့အထဲမှာ တော်တော် လေး ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောထားပြီး ဖြစ်ပါတယ်။ တပ်မတော်က တစ်သက်လုံး ရခိုင်ပြည်နယ်မှာနေလာတာ၊ ဘယ်တုန်းကမှ ဘာများဖြစ်ခဲ့ဖူးလို့လဲ။ ဘာမှမဖြစ်ခဲ့ဖူးပါ ဘူး။ ဒီလိုမျိုး မြို့၊ ရွာတွေမှာဖြစ်ခဲ့တဲ့ဖြစ်စဉ် တွေမရှိပါဘူး။   အဲ့ဒါ  ပထမတစ်ချက်ပါ။ ဒါထက်ရှင်းတာ မရှိပါဘူး။ နောက်တစ်ချက် မေးခွန်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်တဲ့ အချိန်ကျ ရင် ချပြရှင်းလင်း ပေးသွားမှာဖြစ် ပါတယ်။ ကျေးဇူးတင်ပါတယ်။

မဇ္ဈိမ သတင်းထောက် မင်းမင်း

မေး။ ခုနကပြောတဲ့  အပစ်ရပ်လေးလက လုံလောက်ပြီလို့ ပြောပါတယ်။  လေးလကလည်း ဧပြီလ တတိယပတ် ဆိုရင် ပြည့်ပြီ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စဉ်းစားပါက ပြည့်ပြီးသွားရင် နောက်ဆက်တွဲမှာ စစ်ရေး ပဋိပက္ခတွေပိုများ နိုင်တယ်လို့   မှန်းဆလို့ ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ရေးပဋိပက္ခ လျှော့ချနိုင်ဖို့အတွက် ဘယ်လိုစဉ်းစားထား တာ ရှိလဲ။ ပြီးတော့ တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဘယ်လိုသတင်း စကားပါးချင်ပါသလဲ။

ဗိုလ်ချုပ် စိုးနိုင်ဦးက ဖြေကြားရာတွင်

ငြိမ်းချမ်းရေးရရှိဖို့အတွက် ယခင်အစိုးရ အဆက်ဆက်လည်း ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ယခုအစိုးရနဲ့ တပ်မတော် ကလည်း ကြိုးစားနေခြင်းများရှိတယ်။ အစိုးရနဲ့တပ်မ တော်မှ ငြိမ်းချမ်းရေးကိုဖိတ်ခေါ်လျက်ရှိတယ်။ အပစ်အခတ်ရပ်စဲ ပေးခဲ့တယ်။အဲဒါ ကိုမှ ငြိမ်းချမ်းရေးကိုမလိုချင်လို့ ငြိမ်းချမ်းရေးရရှိရေး ပြည်သူကိုဗဟိုပြု မစဉ်းစားဘဲနဲ့ မိမိအဖွဲ့ အစည်း အတွက်စဉ်းစားပြီး   လုပ်ဆောင်လာခဲ့ရင်    လုပ်ဆောင်သည့်အဖွဲ့မှာပဲ တာဝန်ရှိမှာဖြစ်ပါတယ်။ ကျွန်တော် ဒီလောက်ပဲ ပြောချင်တယ်။    အချိန်ကတော့ ကျွန်တော်တို့ လုံလောက်အောင်ပေးထားပါတယ်။

BNJ မှ ဦးလှဆွေ

မေး။ ကျွန်တော် AA နဲ့ပတ်သက်၍ မေးမြန်းလိုပါတယ်။ တိုက်ပွဲတစ်ခုဖြစ်ရင် ကျည်ဆန်ခဏလေးနဲ့ ကုန်နိုင်ပါတယ်။ ရဲဘော် တစ်ဦး၏ ခါးတွင် ကျည်ဆန် ၁၂ဝ တောင့်နဲ့ အရန်ကျည် ၁၂ဝ တောင့် ပေါင်း ၂၄ဝ ပါရှိတယ်။

တိုက်ပွဲအမှန်တကယ်ပြင်းပြင်းထန်ထန်ဖြစ်ရင် ၁၅ မိနစ်၊ မိနစ် ၃ဝ ဆိုရင်ကုန်နိုင်ပါ တယ်။ ဗိုလ်ချုပ်တို့ရှင်းပြတဲ့ အထဲမှာ AA  က  တိုက်သည့်အချိန်တွင်  လက်နက်ကြီး၊ လက်နက်ငယ် အလုံးအရင်းများနှင့် မိမိတပ်များအား ဝိုင်းပတ် ချေမှုန်းကြောင်း၊ မိမိတပ် များမှ မဆုတ်မနစ်ပြန်ပြီးခုခံချေမှုန်းရသည်ဟုပြောကြားသဖြင့် ခါးမှာပါရှိသည့်ကျည်ဆန် အပြင် အမြဲတမ်း Refill လုပ်နေသည့် Line of  Communication? Supporting လုပ်နေသည်များမှာ   ဘယ်နေရာမှ ပေးနေ

သည်ဟု ဗိုလ်ချုပ်တို့ သုံးသပ်ထားပါသလဲ။

၎င်းတို့၏ အခြေစိုက်မှာ KIA  နယ်မြေမှဖြစ်ကြောင်း၊ KIA က ဒီအထိဆိုရင် အလှမ်းဝေးကွာခြင်းကြောင့် ဘယ်လမ်း ကြောင်းမှ အမြဲတမ်း  Refill  လုပ်နေသလဲ။ သူတို့က ပေါပေါများများ ပစ်နေသဖြင့် ကျွန်တော်ဆိုလိုသည်မှာ သူတို့နဲ့ အနီးဆုံးက တစ်ဖက်နိုင်ငံ ဖြစ်တယ်။ တစ်ဖက်နိုင်ငံမှ ရနေသလား။ တစ်ဖက်နိုင်ငံတပ်မှ ကိုင်ဆောင်သည့် လက်နက် များနဲ့ အမျိုးအစားတူပြီး တရုတ်လုပ်များဖြစ်ပါတယ်။  ဘယ်လိုနည်းနဲ့များ ခန့်မှန်းသုံးသပ်ထားပါသလဲ။  သူတို့ရဲ့   Refill ကို ဘယ်ကနေ ရရှိနေလဲဟု ယူဆ ပါသလဲဟု သိချင်ပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြေကြားရာတွင် ဆရာဦးလှဆွေ လေးစားပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသည့် လက်နက်/ ခဲယမ်းများ၊ ဖမ်းဆီးရမိသည့် ကျည်ခွံများ၊  ကျည်သေတ္တာပုံးခွံများ မြောက်ဦး၏အရှေ့ မြောက်ဘက်မှာ ရှိသည့် လေ့ကျင့်ရေးစခန်း များက  တန်းစီကွင်းများမှာ တွေ့ရှိရပါတယ်။ အားလုံးနီးပါးလောက်မှာ အသစ်များဖြစ်တယ်။ ဘယ်နိုင်ငံမှာ လုပ်သည်ကိုတော့ ကျွန်တော် မပြောလိုဘူး။ အိမ်နီးနားချင်း နိုင်ငံကပါပဲ။ လမ်းကြောင်းအမျိုးမျိုးဖြစ်နိုင် ပါတယ်။  လမ်းကြောင်းများနဲ့ ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနေဖြင့် ဝင်ရောက်လာနိုင်သည့်  လမ်းကြောင်းများ နှင့်ပတ်သက်၍ အသေးစိတ်သုံးသပ်ပြီးဖြစ်ပါတယ်။ သို့သော်  ဒီနေရာမှာ မိမိအနေဖြင့် ထုတ်ဖော် မပြောနိုင် ပါဘူး။ ဒီကိစ္စများနဲ့ပတ်သက်၍  လုပ်ဖို့ကိုင်ဖို့အစီအစဉ်များလည်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဦးလှဆွေ သုံးသပ်သလို တခြားမှဝင်လာနိုင်သည့် လမ်းကြောင်းများရှိသည်ကို  မငြင်းလိုပါဘူး။ ဘာကြောင့် မငြင်းနိုင် သလဲဆိုရင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  ဝင်သွားပြီး  ပြန်ရောက်လာတဲ့အဖွဲ့များရှိပါတယ်။ ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက် ကနေမှ ပူးပေါင်းဆောင် ရွက်နေတဲ့သတင်းများရရှိတယ်။ ၎င်းအဆက်အစပ်များကြောင့် လမ်းကြောင်းသည် တစ်ခုထက်မက ဖြစ်နိုင်ပါတယ်ဟု ဖြေကြားလိုတယ်။ ကျေးဇူးတင်ပါတယ်။

မဇ္ဈိမ မီဒီယာ

မေး။ AA ကို ရခိုင်အသိုင်းအဝိုင်းတွင် ထောက်ခံမှုတွေရှိနေတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ လက်ရှိအနေ အထားတွင်  တိုက်ပွဲများမှာ ခပ်စိပ်စိပ်ပို၍ အရှိန်မြင့် လာသဖြင့် လက်ရှိမှာ AA နဲ့ ရခိုင်တိုင်းရင်း သားများအား ဗိုလ်ချုပ် တို့ အနေဖြင့် တစ်တန်း တည်းမြင်သလား။ တပ်မတော်အနေဖြင့် ခွဲ၍မြင်သလားဆိုတာကို  သိလိုပါတယ် ခင်ဗျ။

ဗိုလ်ချုပ် ထွန်းထွန်းညီက ဖြေကြားရာတွင် AA  က AA ၊ ပြည်သူက ပြည်သူပါပဲဗျာ။ မဆိုင်ပါဘူး။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ ဒီလိုပဲ ခံယူပါတယ်။

မဇ္ဈိမ မီဒီယာ

မေး။ AA နဲ့  ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးသည့်  အရာရှိ၊  စစ်သည်တွေရဲ့ စာရင်းကို  သိလို့ရမလား။    အတိအကျမဟုတ်ရင် အကြမ်းဖျင်းအနေဖြင့် ဆယ်ဂဏန်းလား၊ ရာဂဏန်းလား သိလို ပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

ကျွန်တော်တို့ထုတ်ပြန်နိုင်သလောက်ထုတ်ပြန် ပေးထားပြီး ဖြစ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။

Hong Kong Phoenix TV မှ ဦးအောင်လင်း  

မေး။ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တွင် တစ်ဦး နှင့်တစ်ဦး     အမုန်းတရားဖြစ်စေမည့် အရာများကို   ရှောင်ရှားကြရန်လိုအပ်ပြီး တပ်မတော်အနေဖြင့်လည်း မတည်ငြိမ်မှုများ မဖြစ်ပေါ်အောင် စိတ်ရှည်သည်းခံစွာဖြင့်   အတတ်နိုင်ဆုံးထိန်းသိမ်းဆောင် ရွက်လျက်ရှိကြောင်း နိုင်ငံရေး ပါတီများနဲ့  တွေ့ဆုံတဲ့အခါမှာ  မိန့်ကြားသွားတာရှိပါ တယ်။ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကနဦး မှာတော့ တိုင်းရင်းသား လက်နက်ကိုင်ဆိုပြီး  သုံးနှုန်းထားတာတွေ့ရပါတယ်။ အခုလည်း ဆက်ပြီး အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး

သုံးသွားတာရှိပါတယ်။ ပြီးခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ဆိုတာလည်း မိမိတို့ရဲ့ညီနောင်ဖြစ်တဲ့အတွက်ကြောင့်မို့ အပြတ် ချေမှုန်းမှုမလုပ်တာလို့  ပြောတာလည်းရှိတယ်။    ဒီအချက်တွေကြည့်တဲ့အခါမှာ  ပြည်သူတွေ အနေနဲ့ရော၊ ရခိုင် တိုင်းရင်းသား အနေနဲ့ရော ဒွိဟဖြစ်စေပါတယ်။ ဒါတွေက  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မိန့်ကြား တဲ့ဟာနဲ့များ ဆန့်ကျင် နေမလား သုံးသပ် ပေးပါခင်ဗျ။ အမုန်းတရားအတွက်  အသစ်တစ်ဖန်ဖန်တီးသလိုများ ဖြစ်နေမလားလို့ အချို့တွေက  မြင်နိုင်တဲ့ အနေအထားရှိတဲ့ အတွက်ကြောင့်ပါ။

ဗိုလ်ချုပ် ထွန်းထွန်းညီက ဖြေကြားရာတွင်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ပြောတာရှင်းပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်

အခြာအာဏာ   တည်တံ့ခိုင်မြဲရေးတို့ကို ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အတွင်းမှာ နေကြသူ အားလုံး စည်းစည်း လုံးလုံးညီညီညွတ်ညွတ်ရှိနေကြဖို့ လိုအပ်ပါ တယ်။ အဲဒီလို လိုအပ်တဲ့အချိန်မှာ ကျွန်တော် တို့မှာ အန္တရာယ် မျိုးစုံ ရှိနေတယ်။ ကျွန်တော် တို့က စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်မနေ ကြဘဲ တစ်ယောက်နှင့်တစ်ယောက် အမုန်း တရားပွားနေကြလျှင်  မိမိတို့တိုင်းပြည်ကို သူများရန်ရှာခံရမှာပဲဖြစ်ပါတယ်။ ဒီမှာလည်း  အားလုံးက နိုင်ငံသားများပဲ ဖြစ်ပါတယ်။ 

တပ်မတော်သားများသည် လည်းကောင်း၊  တိုင်းရင်းသားများသည်လည်းကောင်း နိုင်ငံသားများပင်ဖြစ်ပါတယ်။  ဒီနိုင်ငံ သားတွေ အချင်းချင်း  တစ်ဖက်နှင့်တစ်ဖက် အမုန်း မပွားဘဲ  တပ်မတော်အနေဖြင့် စည်းစည်းလုံးလုံး ဖြစ်စေချင်လို့ ငြိမ်းချမ်းရေး လမ်းဖွင့် ပေးထားပါတယ်။ EAO များအနေဖြင့်  ၎င်းတို့ အယူအဆဖြင့်  ငြိမ်းချမ်းရေး လမ်းဖွင့် ပေးထားမှု အပေါ် အကြောင်း အမျိုးမျိုးပြပြီး သတင်းအမျိုးမျိုး ထုတ်လွှင့်လျက် ရှိပါတယ်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး ရပ်တည်ချက်မပြောင်းလဲဘဲ ဟိုဘက်ယိုင်လိုက်၊ ဒီဘက်ယိုင်လိုက်လုပ်ဆောင်ခြင်း မရှိပါဘူး။ အကြမ်းဖက် သောင်းကျန်းသူလို့ သုံးနှုန်းတာကလည်း  ရှင်းရှင်း လေးပဲ။ ခုန မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရား ဥပဒေ စိုးမိုးရေး တာဝန် ထမ်းဆောင်ပြီး ပြည်သူလူထုကိုအကူအညီပေးနေသောတပ်ဖွဲ့ ဖြစ်ပြီး အစိုးရရဲ့အုပ်ချုပ်မှု ယန္တရားအဆင့် ဆင့်ဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် များအားလုံးကို  ဥပဒေမဲ့လုပ်ရပ်များဖြစ်သော သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များသည် အကြမ်း ဖက် လုပ်ရပ်များ မဟုတ်လို့ ဘာလုပ်ရပ်လို့ ကျွန်တော်တို့ပြောရမလဲ။ ဒါကြောင့် အကြမ်းဖက်သောင်းကျန်း သူလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ ခွဲခြားပြီး မြင်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံစည်းလုံးဖို့၊ ညီညွတ်ဖို့၊ ငြိမ်းချမ်းဖို့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။  နိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေ၊ စီးပွားရေး အခြေအနေ၊ လူမှုရေးအခြေ အနေအားလုံးဟာ တည်ငြိမ်အေးချမ်းမှုမရှိလျှင် ဘာမှလုပ်လို့မရနိုင်ပါဘူး။ ကျွန်တော် တို့နိုင်ငံသည် နိုင်ငံရေးစနစ်များ အဆင့်ဆင့် ပြောင်းလဲခဲ့ပါတယ်။  ပတ်ဝန်းကျင်နိုင်ငံ များရဲ့နိုင်ငံရေးစနစ်များသည် ပြောင်းလဲမှု မရှိသလောက်ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်၊  တော်လှန်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ၊ ဆိုရှယ်လစ်တစ်ပါတီခေတ်၊  တပ်မတော် အစိုးရ၊ ပါတီစုံဒီမိုကရေစီစနစ် စသည်ဖြင့် နိုင်ငံရေးစနစ်   အဆင့်ဆင့်ပြောင်းလဲခဲ့ပါတယ်။ အခုအချိန်မှာ ပြည်သူအားလုံး၊ နိုင်ငံ ရေးပါတီအားလုံးသွားချင်ကြတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ကျွန်တော်တို့တည်ထားပေးတယ်။ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ရေး တပ်မတော် အစိုးရမှ အရပ်သား အစိုးရ သို့လွှဲပြောင်းပေးခဲ့သည့် Transition ကာလ တွင် ညင်ညင်သာသာနဲ့ သွေးထွက်သံယို မရှိဘဲ လွှဲပြောင်း လိုက်တာဟာ ကမ္ဘာပေါ်မှာ မြန်မာ Model လို့တောင် ပြောလို့ရပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီး ဆောင်ရွက် တာဟာ အင်မတန်မှ ရှင်းပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိလျှင် တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး။ တရားဥပဒေ စိုးမိုးမှု မရှိလျှင်   စီးပွားရေး အဆင်ပြေမှာမဟုတ်ဘူး။    ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ဘူး။ ပြည်သူလူထု အားလုံး ရဲ့ Wants က  အေးအေးချမ်းချမ်း လုံလုံခြုံခြုံနှင့် စားရေး သောက်ရေး၊ နေရေးထိုင်ရေး အဆင်ပြေဖို့ လူတိုင်း လိုချင်ကြတယ်။ ကျွန်တော်တို့လည်း လိုချင်ပါတယ်။ ဒါဟာ လူတိုင်းရဲ့တူညီတဲ့ဆန္ဒဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိလျှင်  စီးပွားရေး ကောင်းမှာမဟုတ်ဘူး။ စီးပွားရေးမကောင်း လျှင် မချမ်းသာဘူး။ မချမ်းသာရင် လူမှုစီးပွား ဘဝသည် ပြည်သူ လူထု လိုလားသလိုဖြစ်လာ မှာမဟုတ်ဘူး။ တည်ငြိမ်အေးချမ်းသည့်နေရာနှင့် တည်ငြိမ်အေးချမ်းမှု မရှိတဲ့နေရာ

များတွင် ဒုက္ခရောက်နေသည်မှာလည်း ပြည်သူ လူထုပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု ရှိတာနဲ့မရှိတာ ကွာခြားချက်ကို အားလုံး သိကြပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်က လိုလိုလားလားဖြင့် ငြိမ်းချမ်းရေးကိုဖိတ်ခေါ် ပြီးတော့ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရန်  လမ်းကြောင်းဖွင့်ပေးထားပြီးလည်း ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးကို

ဖြစ်မြောက်အောင်မြင်အောင် သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။  အားလုံးကို ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။  မလာနဲ့လို့  တစ်ယောက်မှ မပြောထားပါဘူး။ တပ်မတော်ကဖိတ်ခေါ်ထားတာကို အကြောင်းအမျိုးမျိုးပြပြီးလာတယ်၊ မလာဘူး၊ ဆွေးနွေး တယ်၊ မဆွေးနွေး ဘူးလုပ်၍မရဘဲ အားလုံးရဲ့ဘုံရည်မှန်းချက် ဖြစ်တဲ့ အမျိုးသား အကျိုးစီးပွားဆိုတဲ့ ဘုံရည် မှန်းချက်နဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တပ်မတော်က တစ်မျိုးဖြစ်လို့မရဘူး။ အစိုးရ ကလည်း တစ်မျိုးဖြစ်လို့ မရဘူး။ ပြည်သူကလည်း တစ်မျိုးဖြစ်လို့ မရဘူး။ နိုင်ငံအတွင်း နေထိုင်ကြတဲ့  နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘုံအကျိုး စီးပွားဖြစ်တဲ့ အမျိုးသားအကျိုး စီးပွားအတွက် တစ်ယောက်နှင့် တစ်ယောက် အမုန်းတရားမပွားကြဘဲ  ညီညီညွတ်ညွတ် အတူတူ သွားကြ ဖို့လို ပါတယ်။   ဒီအပေါ်မှာ  စကားလုံး အကျအန လိုက်ကောက်ပြီး တစ်ဖက်နှင့် တစ်ဖက်  ပြောဆိုနေပါက  အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒါကိုတော့ အထူး မေတ္တာရပ်ခံ လိုပါတယ်။ သတင်းမီဒီယာများ အနေဖြင့် လိုရာဆွဲပြီး ဖော်ပြတာမျိုးထက် ပြည်သူလူထုက ဖြစ်စဉ်များကို အဖြစ်အမှန် အတိုင်း သိရှိစေရန်အတွက် ဆောင်ရွက်ပေး ခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ် ခံချင်ပါတယ်။ 

7 Day မှ ဦးရဲနိုင်ထွန်း။  ရန်ကုန်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တပ်မတော် အနေနဲ့ ဘယ်လိုလုံခြုံရေး ပေးနေပါသလဲ။ ဒီလုပ်ငန်းတွေ ထိခိုက်မှု မရှိအောင် တပ်မတော် အနေနဲ့ ဘယ်လို ကာကွယ်ပေးနေလဲ သိချင်ပါတယ်။

ဗိုလ်ချုပ် ထွန်းထွန်းညီ ။   ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့  ဖိတ်ကြားတဲ့ အကြောင်းအရာနှင့်  သက်ဆိုင်မှု မရှိတဲ့ အတွက် ဒီမေးခွန်းမဖြေပါရစေနဲ့။ ကျေးဇူးတင်ပါတယ်။

...............

Read 55 times
Rate this item
(0 votes)
Last modified on Wednesday, 27 March 2019 10:55