SJ WorldNews - шаблон joomla Авто

လက်တွေ့ အသုံးချ ဆေးနည်း တိုများ( ၈ဝ)

Saturday, 25 May 2019 08:32 Written by  font size decrease font size decrease font size increase font size increase font size

မေး။  ။ ဆရာကြီးရှင့် ကျွန်မ မကွေးကပါ။ လေးဖက်နာဖြစ်လို့ ရန်ကုန်သွားပြတော့ SLE လက္ခဏာလို့ ပြောပါတယ်ဆရာ။ ၂ဝ၁၆ ကနေ အခုထိ သုံးလ၊ လေးလတစ်ကြိမ်လောက် ပြရပါတယ်ဆရာ။ ဆေးတွေသောက်ပြီး ခြောက်လလောက် ရှိကတည်းက   အသားတွေမာ ခြောက်လာပါတယ်ဆရာ။ ပိန်တော့ မပိန်ဘူးဆရာ။ အဲရောဂါကို ကုလို့ရပါသလားဆရာ။ မြန်မာ ဆေးနဲ့ရရင် ကုချင်ပါတယ် ဆရာ။

ဖြေ။။ပဲရာဇာ ဟင်းချိုချက်သောက်ပါ။ ပဲရာဇာဟာ ဆေးဖက်ဝင်သော ဓာတ်စာပဲမျိုးဖြစ်ပါတယ်။ အချို့က ပဲရာဇာကို ပဲနီကလေးလို့ခေါ်ကြတယ်။  ပဲရာဇာကို မူလက အိန္ဒိယနိုင်ငံမှ  တင်သွင်းတယ်လို့ဆိုပါတယ်။ အချို့က ပဲဖြူလေး ကို အနီရောင်ဆိုးပြီး ပဲနီကလေးလုပ်ရောင်းတာကို သတိထားဝယ်ဖို့လိုပါတယ်။ ရေစိမ်လိုက်လို့ အနီရောင်ဆေးများ ကျွတ်ထွက်လာတာ တွေ့ရင် ချည်ဆိုးဆေးများဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ တကယ်တော့ ပဲရာဇာ (ပဲနီကလေး)သည် အလွန်ဆေးဖက်ဝင်ပြီး လူကိုအကျိုးပြုသော ပဲမျိုးဖြစ်ပါတယ်။ ယခုခေတ် အဖြစ်များလာတဲ့ အဆစ်အမျက်ကိုက်ခဲခြင်း ရောဂါမှန်သမျှ သက်သာစေနိုင်ပါတယ်။ လေး ဖက်နာရောဂါအ တွက်တော့ အစွမ်းထက်တဲ့ ဓာတ်စာဖြစ်ပါတယ်။ သို့သော်တစ်နေ့တစ်ရက် စားရုံမျှနဲ့တော့ မရပါ။ နာတာရှည်ရောဂါပျောက်ဖို့အတွက် ရေရှည်စွဲစားသုံးဖို့လိုပါတယ်။  ပဲရာဇာဟာ နာမည်ကိုက ပဲရာဇာဆိုသဖြင့် ပဲတို့ရဲ့ဘုရင်လို့ ဆိုရပါမယ်။

ဥတုဘောဇနသင်္ဂဟကျမ်းမှာလည်း ယောအတွင်းဝန်ဦးဖိုးလှိုင်က ပဲရာဇာကို ချီးကျူးပြီး ရေးသားထားတာတွေ့ရပါတယ်။ ပဲရာဇာမှာ အာယုဗေဒဆေးကျမ်း အလိုအရ (လဟုဂုဏ်) ပေါ့ပါးစေတဲ့ သတ္တိရှိပါတယ်။သူနဲ့ဆန့်ကျင်ဘက်က ကုလားပဲပါ။ ကုလားပဲမှာက (ဂရုဂုဏ်) လေးလံစေတဲ့ သတ္တိရှိတဲ့အတွက် အကြောအခြင်များကို လေးလံထိုင်းမှိုင်းစေတဲ့ပဲမျိုးဖြစ်ပြီး အကြောတက်စာ ဖြစ်ပါတယ်။သတိထားစားသုံးရပါမယ်။ ပဲရာဇာကတော့ အကြောတက် သမား အားလုံးနဲ့ အဆင်ပြေတဲ့ပဲမျိုး ဖြစ်ပါတယ်။ တစ်ခုသတိ ထားရမှာက လေးဖက်နာ သမားတွေနဲ့တည့်တဲ့ ပဲရာဇာဟာ Gout ခေါ် ခြေမဆစ်၊ ဒူးဆစ်တစ်ခုချင်းစီရောင်တဲ့ အဆစ် ရောင်ရောဂါနဲ့တော့ မတည့်ပါဘူး။ ပဲရာဇာက Uric Acid များတယ်လို့  အချို့အာဟာရ သုတေသန ကျမ်းများက ဆိုပါတယ်။

အရေပြားထူလေးဖက်နာလို့ခေါ်တဲ့ SLE ရောဂါသက်သာစေမယ့် နည်းတစ်နည်းကတော့  ချိုးမယ့်ရေထဲမှာ ဆားခါးလက်တစ်ဆုပ်ခန့်ထည့် ဖျော်ချိုးပါ။ ရှားစောင်း လက်ပပ်အနှစ်ကို ကြေညက်အောင်ခြေ။ မန်ကျည်းမှည့်အနှစ်နဲ့ရော တစ်ကိုယ်လုံး လိမ်းထားပါ။ နာရီဝက် လောက်ကြာမှ ရေချိုးပါ။ မန်ကျည်းမှည့်ဖျော်ရည်ကို   ညအိပ်ရာဝင်ခါနီး သောက်ပေးပါ။ ခြေလေးချောင်းသားရှောင်ပါ။ ငါး၊ ပဲ အသီးအနှံများများစားပါ။

မေး။  ။ ဆရာခင်ဗျာ  ဆောင်းရာသီမှာ  သွေးတိုးသမားတွေရှောင်ရန် ဆောင်ရန် အတိုချုပ် ပြောပြပေးဖို့ မေတ္တာရပ်ခံ ပါတယ်ခင်ဗျာ။

ဖြေ။။ အအေးပတ်ရင်  သွေးကြောတွေကျုံ့လို့ သွေးတိုးတတ်ပါတယ်။ အထူးသဖြင့် လည်ပင်းဟထားရင် သွေးကြောကြီးနှစ်ချောင်း အအေးပတ်နိုင်လို့ ရှေးကလူကြီးတွေ လည်ပင်းမှာ မာဖလာပတ်ကြတာ သတိထားမိမှာပါ။ နံနက်ေ စာစောရေမချိုးရ ။ ရှေးကလူကြီးတွေ အယူ အဆကတော့ နေထန်းတစ်ဖျားကျော်မှ ရေချိုးရမယ်။ ဆောင်ပုဒ်ကတော့ 'နွေကိုး၊ မိုးတစ် ဆယ်၊ ဆောင်းဆယ့်တစ်'တဲ့။ ၁၁ နာရီ နောက်ပိုင်းမှရေချိုးပေါ့။ မဖြစ်နိုင်ရင်တော့ ရေနွေးစပ် ချိုးရမှာပေါ့။ လေဖြတ်သူ တော်တော်များများဟာ ရေချိုးပြီးဖြစ်တာ တွေ့ရပါတယ်။ အစား အသောက်ကတော့ ပူပူနွေးနွေးစားပါ။ ကောက်ညှင်း၊ ဆန်စေး၊ ထမင်းအေးရှောင်ပါ။ သွေးတိုးဆိုတာ လေကြောင့်ဖြစ်တာမို့ လေစာ ကြက် ဟင်းခါး၊ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ မျှစ်ချဉ်၊ ဝက်သား၊ လက်ဖက်နှပ်၊ အုန်းထမင်း၊ ဒံပေါက်နဲ့ ပုပ်ငန်တဲ့ ငံပြာရည်၊ ငါးပိကောင်၊ ငါးပုပ်ခြောက်၊ ဆားနဲ့နယ်ထားတာတွေကို သတိထားရှောင်ဖို့ လိုပါတယ်။ နေ့စဉ်လမ်းများများ လျှောက်ပါ။ နေရောင်ခြည်ဝင်တဲ့ အိပ်ခန်းမှာအိပ်ပါ။ ရေများများသောက်ပါ။ နေ့လယ်ထမင်း စားပြီးချိန်မှာ ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းစပ်သောက်ပါ။

မေး။ ။ ဆရာကြီးခင်ဗျ။ ကျွန်တော့်မှာ သွေးတိုးရောဂါ ရနေပါတယ်ခင်ဗျ။ ဘယ်လိုနေထိုင် စားသောက်ရင်ပျောက်ကင်းနိုင်ပါ့မလဲ ဆရာကြီးခင်ဗျ။

ဖြေ။။ အငန်၊ အဆီ၊ အချို လွန်ကဲတာတွေရှောင်ပါ။ ဆေးလိပ်နဲ့ အရက်လည်းမတည့်ပါ။ စိတ်ပူပန်မှုများရင်လည်း သွေးတိုးပါတယ်။ ဆရာဝန်နဲ့ သုံးကြိမ် အနည်းဆုံးသွေးချိန်ပြီးမှ သွေးတိုး ရောဂါ တကယ် ရှိ၊ မရှိ အတည်ပြုပြီး ဆေးစားပါ။ ရောင်းတန်းဆေးများ ဝယ်မစားပါနဲ့။

မေး။  ။ အံသွားအခေါင်းပေါက်က ရေသောက်ရင် ကျဉ်သလို၊ ကိုက်သလို ဖြစ်လို့ ဆေးနည်း လေးပေးပါဆရာ။

ဖြေ။။ ကြက်သွန်နီဥ အလယ်အူတိုင်ကို သွားအခေါင်းပေါက်ထဲဝင်အောင် ဖိကိုက်ပါ။ သစ်ကြံ ပိုးခေါက် အမှုန့် ပရုတ်ဆီနဲ့ ရောနယ် သိပ်ပေးရင်လည်း ရပါတယ်။

မေး။။ ဆရာ ကျွန်မ သမီးငယ်လေးက တစ်နှစ်ပြည့်ပါပြီ။ ကလေးက ညအိပ်ရာဝင်ပြီဆိုရင် မှောက်အိပ်ပါတယ်။ ခုတင်အနှံ့ကို ပတ်ချာရမ်းနေအောင် ဂနာမငြိမ် အိပ်ပါတယ်။ နောက် ကျောမှာလည်း အစိမ်းကွက်တွေရှိပါတယ်။ ခေါင်းချွေးလည်း အမြဲထွက်ပါတယ်။ ဝတာက တော့ ဝပါတယ်။ ဒီအရွယ်လေးနဲ့ အိပ်တဲ့အခါဟောက်လို့ ဘာဖြစ်တာလဲ သိချင်လို့ပါဆရာ။

ဖြေ။။ အပူများနေလို့ထင်ပါတယ်။ ဆန်ဆေးရည် တစ်ဇွန်း၊ နှစ်ဇွန်းတိုက်ပေးပါ။ ဖီးကြမ်း ငှက်ပျောသီး မီးဖုတ်ကျွေးပါ။ ညအိပ်ရာဝင်ဆားကိုရေဖျော်ပြီး ခြေဖဝါးကို ရေဖတ်တိုက်ပေးပါ။ နံနက် ၈ နာရီ ဆန်ဆေးရည်တိုက်ပြီး ခေါင်းမှ ရေလောင်းချိုးပေးပါ။

မေး။။ ဆရာရှင့် သားဥအိမ်ကင်ဆာ ဖြစ်နေလို့ ခီမိုသွင်းလိုက်၊ ရပ်လိုက်နဲ့ပါ။ အခုတော့ အသည်းအပေါ် အရေပြားအလွှာမှာရောက်နေလို့  ခီမိုဆက်သွင်းနေရပါတယ်။ အစားအစာ နည်းနည်း မှားတာနဲ့ ဝမ်းပျက်တာလချီ နေပါပြီ။ ကင်ဆာဆေးကြောင့်လည်း ဖြစ်တတ်တယ် လို့ပြောပါတယ်။ ကင်ဆာဆေးတွေဒဏ်လည်း တော်တော်ခံနေရလို့ စိတ်ပျက်နေပါပြီ ကူညီ ပါဦးရှင့်။

ဖြေ။။ သားအိမ်ကင်ဆာ၊ ရေအိတ်တည်တာတွေ အတွက်ကတော့ တိုင်းရင်းဆေးသုံးချင်ရင် နလင်ကျော်က ကောင်းပါတယ်။ အထောက်အကူပေါ့။ နလင်ကျော်သွေးပြီး ဟင်းစားဇွန်း တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းစပ် နံနက်၊ ညသောက်ပါ။ ပျောက်ကင်းသူတွေရှိပါတယ်။ အသည်း အတွက် မုရိုးပင် ခေါ် ငဖြူကြီးပင် အရွက်အခြောက်လှန်း လက်ဖက်ခြောက် လုပ်သောက်ပါ။

မေး။။ မင်္ဂလာပါဆရာ။ သမီးမေမေက အသက် ၅၂ နှစ်ပါ။ ပြီးခဲ့တဲ့ တစ်လကျော်ကစပြီး မီးယပ်သွေးဆင်းပါတယ်။ နေ့တိုင်းပါပဲ။ နည်းတာ၊ များတာလည်း ကွာပါတယ်။ ရက်ကြာ လာတဲ့အခါ အားနည်းလာပါတယ်။ ပုံမှန်နေ့တိုင်း Central multivitamin 50+ သောက်နေ ပေမယ့် ဖြူဖျော့နေပါတယ်။ ဘာလုပ်သင့် လဲဆရာ။ သွေးအားလည်း နည်းနေပါတယ်ဆရာ။ ဘယ်လိုအစားအစာတွေ ကျွေးရမယ်ဆိုတာ ပြောပြပေးပါဆရာ။

ဖြေ။။ သားအိမ်သွေးဆင်းမရပ်လျှင် ပန်းလဲပွင့်ခြောက် (ပရဆေးဆိုင်မှာ ဝယ်ပါ) လက်တစ် ဆုပ်ခန့်ကို ရေနွေးမတ်ခွက်တစ်လုံးနဲ့ ပြုတ်သောက်ပါ။ (တစ်နည်း) လက်ဖက်ခြောက် အဖန်ရည်ကျကျ မတ်ခွက်တစ်လုံးနဲ့ သကြား သုံးဇွန်းထည့်ဖျော်သောက်ပါ။ (တစ်နည်း) မီး ကွင်းဂမုန်းရွက်ကိုထောင်း အရည်ညှစ်အကြမ်း ပန်းကန်တစ်လုံးစာ သောက်ပေးရင်လည်း သွေးဆင်းရပ်ပါတယ်။ သွေးအားနည်းတာကတော့ ရွှေဝါရောင် ကန်စွန်းဥကို ထန်းလျက်နဲ့ ယိုထိုးကျွေးပါ။ နွားနို့ ၂၅ ကျပ်သားကို ဆူပွက်အောင်ကျိုပြီး သကြားနဲ့ နနွင်း မှုန့်အနည်းငယ် ထည့်ဖျော်တိုက်ပါ။ ထောပတ်သီးကို နွားနို့နဲ့ရောကျွေးလျှင် အားဖြစ်စေပါတယ်။

မေး။။ ဆရာရှင့် မင်္ဂလာပါ။ မျက်နှာကို နနွင်းတက်နှင့် သနပ်ခါး ရောလိမ်းရင် အမည်းစက်တွေပျောက်လားဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါ။ နနွင်းလုံးနေ့စဉ်စားရင်ကော ရလား ဆရာ။ အကျိုးကျေးဇူးလေး ပြောပေးပါနော်။

ဖြေ။။ နနွင်းကလိမ်း ရင်အသားအရေလှပါတယ်။ နေ့စဉ်စားရင် ပျားရည်နဲ့ ရွေးကြီးခန့်လုံးပြီး နံနက်၊ ည သုံးလုံးစားပါ။  အကျိုးကျေးဇူးများပါတယ်။ အစာအိမ်၊ သွေးတိုး၊ နှလုံး၊ လေငန်း ရောဂါများမှကာကွယ်ပါတယ်။

မေး။။ မင်္ဂလာပါဆရာ။ အမေက ကျောက်ကပ်ဆေးရမယ့်လူပါ။ အသက် ၆၉ နှစ်ပါ။ မဆေး ချင်ရင်လည်း ရတယ်ဆိုလို့ ဆေးရုံကဆင်းလိုက်တယ်။ အိမ်ပြန်ရောက်တော့ ခံတက်ခေါက်နဲ့ သံပရာသီးတိုက်ပါတယ်ဆရာ။ ဘာလုပ်သင့်လည်း  အကြံဥာဏ်လေး ချီးမြှင့်ပေးပါဦးဆရာ။

ဖြေ။။ တစ်ခါလောက်ကျောက်ကပ်ဆေးလိုက်ပါ။ ဆေးရုံမတက်ဘဲ အပြင်ကနေ ဆေးရင် လည်းရပါတယ်။  ကျောက်ဖရုံသီးကို အသားခြစ်ယူအသီး ကြိတ်စက်နဲ့ကြိတ်ပြီး အရည်စစ်ယူ ကော်ဖီတစ်ခွက်စာအရည်မှာ ချင်းကိုကြိတ် အရည်ညှစ်ယူ  ဟင်းစားဇွန်းတစ်ဇွန်းထည့်၊   သကြားကို အနည်းငယ် နီအောင်လှော်တစ်ဇွန်းထည့်  အဲဒီနည်းအတိုင်း နံနက်၊ ည တစ်နေ့ နှစ်ခွက်တိုက်ပါ။ သောင်ခုံမှာပေါက်တဲ့ ဟင်းဂလာရွက်ရှာပါ။ ကျောက်ကပ်ဖောပျောက် တယ်။ သုံးခွက် တစ်ခွက်တင်ကျိုတိုက်ပါ။

မေး။။ မင်္ဂလာပါဆရာ။ ကျွန်မတစ်ခုလောက်မေးပါရစေ။ ကျွန်မ ကိုယ်လက်တွေကိုက်ခဲနေပါတယ်။ အေးလို့ကိုက်ခဲတာပဲဆိုပြီး နွေးအောင်လည်း နေပါတယ်။ ဒါပေမဲ့ ကိုက်ခဲနေတာက ပျောက်မသွားပါဘူးဆရာ။ အင်္ဂ လိပ်ဆေးသောက်ပေမယ့် ခဏပျောက်ပြီး အဲ့ဝေဒနာက ပြန် ပေါ်လာပါတယ် ဆရာ။ ဒီရောဂါသက်သာစေမယ့် ဆေးနည်းလေးသိပါရစေ။

ဖြေ။။ အကိုက်အခဲရောဂါဆိုတာ ပူလျှင်ဖြစ်သော အကိုက်အခဲရောဂါနဲ့ အေးလျှင်ဖြစ်သော အကိုက်အခဲရောဂါ၊ အကြောတက် အကိုက်အခဲရောဂါ ဟူ၍ အမျိုးမျိုးရှိပါတယ်။ ဆေးနည်း တိုကတော့   ချင်းခြောက်အမှုန့်နဲ့ လင်းလေ အမှုန့်ကို နှစ်ဆ၊ တစ်ဆ( နှစ်အချိုးတစ်) ရောစပ် ပြီး ရေနွေးပူပူ သို့မဟုတ် အရက်ဖြင့်ဖျော်စပ်လိမ်းပါက အကိုက်အခဲရောဂါ အမျိုးမျိုးကို သက်သာစေပါတယ်။ (တစ်နည်း) မိဿလင်ဥအစို သို့မဟုတ် အခြောက်မှုန့်ကို အဝတ်ပါးဖြင့် ထုပ်ပြီး ရေနွေးငွေ့ဖြင့် ကြပ်ထုပ်ထိုးပေးပါ။

မေး။  ။ မင်္ဂလာပါဆရာ ကျွန်တော့်သမီးလေးက အသက် ၄ နှစ်ကျော်ပါပြီ။ ကလေးခြေ ထောက်တွေမှာ အနာစက်တွေပေါက်နေလို့ပါဆရာ။  ဆေးနည်းလေးလမ်းညွှန် ပေးပါဆရာ။

ဖြေ။။ တမာရွက်ပြုတ်ရည်ဖြင့် ဖန်ဆေးပေးပါ။ တမာရွက်ပြာချ၊ အုန်းဆီနှင့် ရောစပ်လိမ်း ပေးပါ။ (တစ်နည်း) အနာစက်ကို ခွေးသေးပန်းရွက် အရည်ညှစ်ပျားရည်နဲ့ ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း) ငဖြူကြီး ခေါ် မုရိုးပင်အစေးကို အနာစက်များပေါ်တွင် တို့ပေးပါ။

မေး။ ။ ဆရာမင်္ဂလာပါ။ ကျွန်မ ကောက်ညှင်းအစားများပြီး နေထိုင်မကောင်းသလို၊ ရင်ပြည့်ရင် ကယ်အစာမကြေသလို ခံစားရပါတယ်ဆရာ။ လတ်တလော သက်သာစေမယ့် နည်းလေးရှိရင် သိပါရစေ။

ဖြေ။။ ချင်းပါးပါးလှီးခုနစ်လွှာ၊ ထန်းလျက်ခုနစ်ခဲကို ရေနွေးမတ်ခွက်ဖြင့် ကျိုပြီး ဆားလှော် အနည်းငယ်ထည့်သောက်ပါ။ (တစ်နည်း) ပျားရည်တွင် ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ဖျော်၍လျက်ပေးပါ။ (တစ်နည်း) သံပရာသီးကို အကွင်းလိုက်ပါးပါးလှီး ရေနွေးတွင်စိမ် ပျားရည်တစ်ဇွန်းထည့်၍ တိုက်ပါ။

မေး။။ မင်္ဂလာပါဆရာ အသည်းရောင်နေလို့ ဘာဆေးသောက်ရမလဲ ဆရာ။

ဖြေ။။ သံပရာသီးသုံးလုံး အရည်ညှစ်၊ ပျားရည် သုံးဇွန်း ရေနွေးမတ်ခွက် တစ်ဝက်မှာ ထည့်ဖျော် အအေးခံသောက်ပါ။ ဝါးရွက်ပြုတ်ရည် သောက်ရင်လည်း အသည်းရောင် ကျပါ တယ်။ ကြခတ်ဝါးရွက်ရရင် ပိုကောင်းပါတယ်။

မေး။။ မင်္ဂလာပါဆရာ။ သွေးလေးဖက်နာဖြစ်ရင် ရှောင်ရမယ့် အချက်လေးတွေ သိချင်ပါ တယ်ဆရာ။

ဖြေ။။ ခြေလေးချောင်းသား၊ ပဲပင်ပေါက်၊ မျှစ်၊ မျှစ်ချဉ်၊ ရေအေးချိုးခြင်း၊ ရေခဲရေ သောက်ခြင်းကိုရှောင်ပါ။ ခြေလေးချောင်းသားစားတဲ့အခါ အဆစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါရှိ သူများ ပိုရောင်လာတာတွေ့ရပါတယ်။ ဆရာဝန်ကြီးများ က မီးခြစ်ဘူးခွံခန့်ရှိ အသားတုံး တစ် နေ့နှစ်တုံး စားလျှင်ပင် ဂေါက်ရောဂါ ထကြွလာနိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် အနီရောင်အသားများကို ရှောင်ရပါမယ်။ တိုင်းရင်းအယူအဆမှာ အသားဓာတ်မှန်သမျှသည် ပထဝီ၊ အာပေါ စာ ဖြစ်သဖြင့် အဆစ်အမျက်များကို တုတ်ခိုင်စေပါတယ်။ မာကျောတောင့်တင်း စေပါတယ်။ ဒါကြောင့် ပျော့ပျောင်းကွေးညွတ်ရတဲ့ အဆစ်များ ဥပမာ- ဒူးဆစ်၊ ခြေချင်းဝတ် အဆစ်များမှာ ရောင်နေတဲ့အခါ အသားမစားသင့်ပါ။ ပထဝီဓာတ်ကြောင့် တောင့်တင်းခိုင်မာ ခြင်းဖြစ်နိုင်ပါတယ်။ အဆီအသားတွဲနေတဲ့ အမဲသားမှာ ပထဝီဓာတ်အများ ဆုံးဖြစ်ပါတယ်။ ကြက်သားကတော့ အဖြူရောင်ရှိတဲ့ အသားဖြစ်တာကြောင့် အသင့်အတင့် စားသုံးနိုင်ပါတယ်။ သို့သော် ဆီနဲ့ကြော်ထားတဲ့ ကြက်ကြော်မှာ မသင့်လျော်ပါ။ အဆီတွေ စုနေတဲ့ အရေပြား၊ အဆီဘူး စတာတွေက အဆစ်ရောင်ရောဂါနဲ့ ပို၍ပင် မသင့်လျော်ပါ။ ကြက်သားစွပ်ပြုတ်၊ ကြက်ပေါင်းရည် စတာတွေ စားသုံးနိုင်ပါတယ်။ ကြည်လွင်မြင့်(မုဒြာ)

Read 108 times
Rate this item
(0 votes)
Last modified on Saturday, 25 May 2019 08:50

Latest from ကေတု