SJ WorldNews - шаблон joomla Авто

ပြန်လည် အသက်ဝင်လာသည့် တောင်သူ လယ်သမား အသက်အာမခံ လုပ်ငန်း

Sunday, 01 October 2017 08:12 Written by  font size decrease font size decrease font size increase font size increase font size

၁၉၈ဝ ပြည့်နှစ်က တောင်သူလယ်သမား အသက်အာမခံနှင့် ၁၉၈၈ ခုနှစ်က အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရ သည့် တောင်သူလယ်သမား အသက်အာမခံကို ယခုအခါ အတွေ့အကြုံကို အခြေခံပြီး ပိုမိုကောင်းမွန်သော တောင် သူလယ်သမား အသက်အာမခံအဖြစ် အောက်တိုဘာ ၁ ရက်မှ စတင်မည်ဖြစ်ရာ အဆိုပါ အာမခံနှင့် ပတ်သက်၍  မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပုံကို တင်ပြလိုက်ရပါသည်။

၁၉၈ဝ ပြည့်နှစ်က တောင်သူလယ်သမား အသက်အာမခံနဲ့ အခုအာမခံရဲ့ ကွာခြားချက်လေး သိပါရစေ။

မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ တောင်သူလယ်သမားအသက်အာမခံကို ၁၉၈ဝ ပြည့်နှစ်က ဖြန့်ဖြူးခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ဆေးရုံစရိတ်ဖြန့်ဖြူးပေးတာတို့၊ ထိခိုက်ဒဏ်ရာရတာတို့အတွက် အခုလိုမျိုး အကျိုးခံစားခွင့်မရှိဘူး။ အခုကတော့ အရင်တုန်းက အသက်အာမခံကို အခြေခံပြီး ပိုကောင်းတဲ့ အကျိုးခံစားခွင့် ထည့်ထားပေးပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားတွေရဲ့ဆန္ဒနဲ့လည်းကိုက်ညီတဲ့ အာမခံမျိုးအဖြစ် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

တောင်သူလယ်သမား အသက်အာမခံကို ဘယ်လိုပုံစံမျိုးနဲ့ ဖြန့်ဖြူးပေးမှာလဲ။

တောင်သူလယ်သမားအသက်အာမခံကို အောက်တိုဘာ ၁ ရက်ကနေစပြီး မြန်မာ့အာမခံ လုပ်ငန်းအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ် အပါအဝင် သက်ဆိုင်ရာ ရုံးခွဲပေါင်း ၄ဝ နဲ့  မိတ်ဖက်အဖွဲ့အစည်းတွေ၊ အာမခံ ကိုယ်စားလှယ်တွေကနေတစ်ဆင့် တောင်သူလယ် သမားတွေဆီ ဖြန့်ဖြူးပေးမှာဖြစ်တယ်။

ဘယ်လိုအချက်တွေအကျုံးဝင်မှ အာမခံထားလို့ရမလဲ။

ဒီအာမခံကို အသက် ၁၆ နှစ်ကနေ အသက်  ၆ဝ ရှိတဲ့ တောင်သူလယ်သမားတွေ၊ လယ်ယာလုပ်ငန်းနဲ့ ဆက်စပ်နေ သူတွေ၊  စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ ဆက်စပ်လုပ်ငန်း အဖွဲ့အစည်းတွေ၊  ဆန်စက်၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေလည်း တောင်သူလယ်သမား အ သက်အာမခံကို အာမခံထားရှိနိုင်ပါတယ်။

အာမခံထားဖို့ လုပ်ဆောင်ရမယ့်အချက် တွေသိပါရစေ။

တောင်သူလယ်သမား အသက်အာမခံ ထားရှိဖို့ အဆိုပြုလွှာဖြည့်ရပါ တယ်။ အာမခံရုံးခွဲ မိတ်ဖက် အကျိုးတော်ဆောင် မိတ်ဖက်တွေကနေတစ်ဆင့် အဆိုပြုလွှာကအစ ရေးပေးသွားမှာပါ။ နောက်ပြီး ကန့်သတ်ချက်အနေနဲ့ ကျန်းမာရေးကောင်းရင်ရပါပြီ။ နောက်ပြီး  နိုင်ငံသားစိစစ်ရေးကတ်နဲ့ သန်းခေါင် စာရင်းလိုအပ်ပါတယ်။ ဒီအာမခံကို မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ်အပါအဝင် ရုံးခွဲတွေ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အာမခံကိုယ်စားလှယ်တွေထံမှာ ဝယ်ယူနိုင်ပါတယ်။

အာမခံထားတဲ့အတွက် အကျိုးခံစားခွင့်ကရော ဘာတွေရနိုင်ပါသလဲ။

တောင်သူလယ်သမား အသက်အာမခံအတွက် အာမခံငွေက အနည်းဆုံး ငွေကျပ်တစ်သိန်းကနေ သိန်း ၅ဝ ဖြစ်ပါတယ်။ အာမခံထားတဲ့ ပရီမီယံနှုန်းက ၁ ရာခိုင်နှုန်းပဲဖြစ်ပြီး တစ်သိန်းထားမယ်ဆိုရင် တစ်ထောင်ပဲ ပေးသွင်းရမှာပါ။ ငွေကျပ်ငါးသိန်းထားမယ်ဆိုရင် ငွေကျပ်ငါးထောင်ပဲ ပေးသွင်းရမှာပါ။ အာမခံသက်တမ်းက တစ်နှစ်ဖြစ်ပါတယ်။ အသက်သေဆုံးခဲ့ရင် အာမခံထားတဲ့ ငွေကျပ်သိန်း ၅ဝ ဆိုရင် လျော်ကြေးငွေ အကျိုးခံစားခွင့် ငွေကျပ်သိန်း  ၅ဝ ပဲ ပြန်ရမှာပါ။ ဒါပေမဲ့  သူသွင်းခဲ့တာကတော့ ငွေကျပ်ငါးသောင်းပဲ ဖြစ်မှာပါ။

အလုံးအရင်းနဲ့ တစ်လုံးတည်း တစ်ခဲတည်း ပြန်ရမှာပါ။ အကယ်၍ ထိခိုက်ဒဏ်ရာရတာ ဆိုရင်လည်း ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ရရှိမယ့် အကျိုးခံစားခွင့် နှုန်းထား ၆၉ မျိုး ရှိပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ကုသရမယ်ဆိုရင်လည်း ဆေးရုံတင်မယ့်စရိတ်ကို ငွေကျပ် တစ်သိန်း ထားရင် တစ်နေ့ ငွေကျပ် ၂ဝဝဝ နှုန်းနဲ့ တစ်ကြိမ်တည်း ငါးရက်ဆက်တိုက် တက်ခွင့်ရှိပါတယ်။ ဒါမျိုးတွေကို တစ်နှစ်သုံးကြိမ် ထားတဲ့အတွက် အာမခံကာလ သက်တမ်း တစ်နှစ်အတွင်းမှာ စုစုပေါင်း ၁၅ ရက်စာ အကျိုးခံစားခွင့်ပါရှိမှာ ဖြစ်ပါတယ်။

အာမခံငွေကြေးက ဘယ်ရက်အတွင်း ပြန်လည်ရရှိ ခံစားခွင့်ရှိပါသလဲ။

လျော်ကြေးငွေကို ဖြစ်ပွားပြီး ရက်ပေါင်း ၃ဝ အတွင်းမှာ တောင်းခံနိုင်ပါတယ်။ တောင်သူလယ်သမား အသက်အာမခံထားပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးလို့ပဲဖြစ်ဖြစ်၊ သေဆုံးလို့ပဲဖြစ်ဖြစ်၊ ဆေးရုံတက်ရလို့ပဲ ဖြစ်ဖြစ် အကျိုးခံစားခွင့် ထုတ်လို တယ်ဆိုရင် သေဆုံးပြီဆို သေဆုံးမိတ္တူထောက်ခံစာ လိုလာမယ်။ ဆေးရုံတက်မယ်ဆိုရင် ဆရာဝန်ထောက်ခံစာ လိုပါ တယ်။ အဲဒီထောက်ခံစာတွေ ရတာနဲ့ တစ်ပြိုင်တည်း ရက်ပိုင်းအတွင်းမှာ အိမ်တိုင်ရာရောက် အကူအညီပေးသွားမှာပါ။

တောင်သူလယ်သမားအသက်အာမခံကို ပုဂ္ဂလိကကိုရော ဆောင်ရွက်ခွင့်ပေးမှာလား။

ပုဂ္ဂလိကကိုလည်း လုပ်ဆောင်ခွင့်ပေးထားပါပြီ။ အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဆိုတာရှိပါတယ်။ ဒီကနေပြီးတော့ ဇူလိုင် ၁ဝ ရက်ကတည်းက မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် ပုဂ္ဂလိက အာမခံကိုရော တစ်ပြိုင်နက်တည်း ခွင့်ပြုထားပြီးဖြစ်ပါတယ်။

မြန်မာ့အာမခံ လုပ်ငန်းအနေနဲ့ အာမခံ အမျိုးအစားသစ်တွေ ထပ်ပြီးတိုးချဲ့လုပ်ကိုင်ဖို့ရှိလား။

အာမခံအမျိုးအစားသစ်တွေ ထပ်တိုးဖို့ ရှိပါတယ်။ အသက်အာမခံရော အထွေထွေ အာမခံပါ အကုန်တိုးမှာပါ။ ပြည် သူတွေအနေနဲ့ ဘယ်လိုအာမခံ အမျိုးအစားကို လိုအပ်လဲဆိုတာရယ်၊ ဒီအာမခံရှိရင် သူတို့အတွက်  ဘယ်လောက် အကျိုးရှိမလဲဆိုတာကို သုတေသနပြုသွားမယ်။ အကျိုးစီးပွားဖြစ်စေ မယ့် အာမခံကို ထပ်တိုးလုပ်ဆောင် သွားမှာပါ။

အသက်အာမခံနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေ  ပိုမိုသိရှိအောင်ဘယ်လို လုပ်ဆောင်မလဲ။

ဒီအတွက် မီဒီယာတွေ၊ သတင်းစာတွေ၊ စာစောင်တွေကနေတစ်ဆင့် တောင်သူလယ်သမားတွေ အသက်အာမခံ ထားရမယ့် အကျိုးကျေးဇူးတွေကို ရှင်းလင်းပြသမှာပါ။ နောက်ပြီး တောင်သူလယ်သမား ဆက်စပ်အဖွဲ့တွေကနေ တစ်ဆင့် သင်တန်းပေးပြီး တစ်ဦးချင်းစီရအောင် လယ်ကွင်းတွေအထိ လိုက်လံစည်းရုံး သွားမှာပါ။

Read 57 times
Rate this item
(0 votes)
Last modified on Sunday, 01 October 2017 08:31