ရန်ကုန် ဇန်နဝါရီ ၁၁
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ လေ့ကျင့်ရေးခရီးစဉ်၏ နောက်ဆုံး ခြေစမ်းပွဲကို ယနေ့နံနက်ပိုင်းတွင် ထိုင်း ယူ-၂၃ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းအတွက်ဂိုးကို အဆိုပါပွဲ တွင် အသင်းခေါင်းဆောင်အဖြစ်ကစားသော နိုင်ရဲကျော်ကသွင်းယူ ပေးသည်။ ယင်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက လူငယ် ကစားသမားအများစုကို ထည့်သွင်း ကစားခဲ့ပြီး ပထမပိုင်းတွင် အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့၍ တစ်ဂိုးစီ သရေရလဒ်ဖြစ်ခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင် ထိုင်း ယူ-၂၃ အသင်းကအသာစီးဖြင့် ပြန်လည်ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုး ထပ်မံသွင်းယူကာ ပွဲအပြီးတွင် ထိုင်း ယူ-၂၃ အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခြင်းဖြစ်သည်။
မြန်မာဖူဆယ် အသင်းသည် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲလေးပွဲအထိ ယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ် ရရှိ ထားသည်။ ထိုင်းနိုင်ငံ ခြေစမ်းပွဲ ပထမပွဲစဉ် တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းကလပ် CAT FUTSAL CLUB နှင့် ယှဉ်ပြိုင်ကစားရာ ၃ ဂိုး-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
ဒုတိယမြောက်ခြေစမ်းပွဲတွင် ထိုင်းလိဂ် ကလပ် Tha Khm Futsal Club အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။ ထို့နောက် ထိုင်း ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားရာ ပထမပွဲတွင် ၆ ဂိုး-၁ ဂိုး၊ ဒုတိယ ပွဲတွင် ၃ ဂိုး-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ တီတီ