SJ WorldNews - шаблон joomla Авто

မက်ဂရီဂေါ်ကို ၁ဝ ချီတွင် မေဝဲလ်သာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ ထာဝရ နောက်ဆုံး လက်ဝှေ့ပွဲဟု မေဝဲလ်သာ ဖွင့်ဟ

Monday, 28 August 2017 09:38 font size decrease font size decrease font size increase font size increase font size

လက်စ်ဗီးဂတ် သြဂုတ် ၂၇

လက်စ်ဗီးဂတ်မြို့ရှိ တီမိုဘိုင်း အရီနာ ကွင်းကြီး၌ ယနေ့နံနက်တွင် ယှဉ်ပြိုင်သည့် လက်ဝှေ့ပွဲစဉ်၌ အမေရိကန် လက်ဝှေ့ကျော် မေဝဲလ်သာသည် အိုင်ယာလန် နိုင်ငံသား ယူအက်ဖ်စီ ချန်ပီယံ မက်ဂရီဂေါ်ကို ၁ဝ ချီအရောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရသွားသည်။ အဆိုပါ ပွဲစဉ်၌ အစပိုင်း အချီများတွင်သာ မက်ဂရီဂေါ်သည် မေဝဲလ်သာကို တိုက်စစ်ဖွင့်ထိုး နိုင်ခဲ့ပြီး နောက်ပိုင်း အချီများတွင် မေဝဲလ်သာကသာ အသာစီးဖြင့် ယှဉ်ပြိုင်ပြီး ၁ဝ ချီ အရောက်တွင် မေဝဲလ်သာ၏ လက်သီးချက် များစွာကြောင့် မက်ဂရီဂေါ်မှာ ယိုင်ထိုးကာ မတည်နိုင်တော့သည့် အခြေအနေ ရောက်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးက ပွဲကိုရပ်ကာ ဒိုင်ပွဲရပ် ဖြင့် မေဝဲလ်သာကို အနိုင်ပေးခဲ့သည်။

ထိုပွဲအနိုင်ကြောင့် မေဝဲလ်သာသည် ပေါင်သန်း ၁ဝဝ ကျော်ရရှိခဲ့ကာ လက်ဝှေ့သမား ဘဝတစ်လျှောက် ပွဲ ၅ဝ စလုံး ရှုံးပွဲ မရှိသည့် စံချိန်လည်း တင်နိုင်ခဲ့ပြီး ရော်ကီမာစီယာနို၏ ၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ မေဝဲလ်သာသည် မက်ဂရီဂေါ်ကို ဒိုင်ပွဲရပ် ယှဉ်ပြိုင်နိုင်ခဲ့ပြီးနောက် ပြိုင်ဘက်ကို လေးစားသောစကား ပြောကြားခဲ့သလို ယခုပွဲသည် ထာဝရနောက်ဆုံး ယှဉ်ပြိုင်သည့် ပွဲဖြစ်သည်ဟု ပြောဆိုခဲ့ပြီး လက်ဝှေ့သမား ဘဝကို ဒုတိယ အကြိမ်မြောက် စွန့်လွှတ်ကြောင်း ပြောကြားသည်။

မေဝဲလ်သာက ''ဒီပွဲမှာ မက်ဂရီဂေါ်က အစပိုင်းမှာ ကျွန်တော့်ကို ဖိထိုးခဲ့တယ်။ သူ့ရဲ့ အားပါတဲ့ လက်သီးတွေကို ကျွန်တော့်ဘက်က ထိုးခွင့်ပြုခဲ့တယ်။ နောက်ပိုင်းတော့ ကျွန်တော် သူ့ကို အသာစီးယူပြီး ပွဲသိမ်းနိုင်ခဲ့တယ်။ ပက်ကွီအိုနဲ့ ပွဲမှာ ပရိသတ်တွေ မကျေနပ်ခဲ့တဲ့  ယှဉ်ပြိုင်ပုံ မျိုးကို ဒီပွဲမှာ ကျွန်တော့် ပရိသတ်တွေ ကျေနပ်စေဖို့ ပြန်ပြီး ပေးဆပ်နိုင်ခဲ့ ပါတယ်။ ဒီပွဲက ထာဝရ နောက်ဆုံးပွဲပါ'' ဟု ဖွင့်ဟခဲ့သည်။ မက်ဂရီဂေါ်က အရှုံးကို  လက်ခံချင်ပုံ မရဘဲ ဒိုင်ပွဲရပ်အဖြစ် ဒိုင်၏သတ်မှတ်မှု သည် အနည်းငယ်စောသည်ဟုဆိုကာ ၄၉ ပွဲ ရှုံးပွဲမရှိခဲ့သော အတွေ့အကြုံကြောင့် ယခုကဲ့သို့  မေဝဲလ်သာနိုင်ပွဲရခဲ့ခြင်းဖြစ် သည်ဟု ပြောကြားခဲ့သည်။

Read 354 times Last modified on Monday, 28 August 2017 09:42