SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဖလား ချန်ပီယံဆု အကြွေးတင်နေတဲ့ ရိုဆာရီယို မြို့လေးက နာမည်ကြီး ဘောလုံးသမား

Wednesday, 13 June 2018 09:48 font size decrease font size decrease font size increase font size increase font size

တိတ်ဆိတ်တဲ့လမ်းလေးတွေ၊ အမြဲနီးပါး ပိတ်ထားတဲ့ ပြတင်းပေါက်တွေ၊ ပင်မနေအိမ်နဲ့ကပ်လျက်မှာပဲ ခြံစည်းရိုးတွေရှိနေတဲ့ အိမ်လေးတွေနဲ့ ရိုဆာရီယိုမြို့လေးက အာဂျင်တီး နားနိုင်ငံမှာ အလုပ်သမားလူတန်းစား တွေအများစုနေထိုင်ရာ မြို့လေးဖြစ်ပါတယ်။ ဒီမြို့လေးရဲ့ လမ်းမတွေပေါ်မှာ ကလေးဘဝကို ဖြတ်သန်းရင်း ဘောလုံးပညာတွေ တစ်ဖက်ကမ်း ခပ်တတ်ကျွမ်းပြီး ကမ္ဘာ့နာမည် အကြီးဆုံးလို့ တချို့က သတ်မှတ်တဲ့ ဘော လုံးသမားမျိုး ပေါ်ထွက်လာမယ်လို့ ဘယ်သူထင်မှာလဲ။

ဆင်ခြေဖုံးမြို့လေးက လမ်းတစ်လမ်းကို ကျော်လိုက်ရင် မြေကွက်လပ်လွတ်လေးတစ်ခု တွေ့ရမှာပါ။ ဒီမြေ ကွက်လပ်မှာပဲ ဒီနေ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ရွှေေ ဘာလုံးဆု ငါးဆုရကစားသမားကို မွေးထုတ်ပေးခဲ့တာ အမှန်ပါပဲ။ လာဘာဂျာဒါရပ်ကွက် လာဗယ်လီဂျာ လမ်းလေးရဲ့ အိမ်အမှတ် (၅၂၅) က နံရံပေါ်မှာ ဂျော့ခ်ျမက်ဆီဆိုတဲ့လူကြီးက ဘာစီလိုနာနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့ပုံကို ကိုယ်တိုင် ဂရာဖစ်တီပုံ ရေးဆွဲထားပါတယ်။ ဂျော့ခ်ျမက်ဆီဆိုတာ ရိုဆာရီယို တစ်မြို့လုံးရဲ့ဂုဏ်၊ အာဂျင်တီးနား တစ်နိုင်ငံလုံး ရဲ့ဂုဏ်၊ ဘာစီလိုနာတစ်သင်းလုံးရဲ့ ဂုဏ်၊ ကက်တလန်ဒေသ တစ်ခုလုံးရဲ့ဂုဏ်နဲ့ ဘောလုံး လောက တစ်ခုလုံးရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ မက်ဆီရဲ့ဖခင်ဖြစ်ပါတယ်။

ရိုဆာရီယိုဆိုတဲ့မြို့လေးက လောင်စာဆီ သန့်စင်တဲ့လုပ်ငန်း၊ ဇီဝလောင်စာဆီလုပ်ငန်း၊ မြစ်ကြီးကို အခြေ ပြုပြီး ရေလုပ်ငန်းကနေ ထုတ်ကုန်တွေထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ အသက်မွေး မှု အများဆုံး လုပ်ကြတဲ့ မြို့လေးပါ။ ဒီမြို့လေးကို ပါရာနာဆိုတဲ့ မြစ်တစ်စင်းက ကွေ့ပတ်စီးဆင်းပါတယ်။ ဒီမြစ်အရှည်က မိုင် ၃ဝဝဝ ရှိပြီး ရီယိုဒီလာပလာတာ မြစ်အတွင်းစီးဆင်းတဲ့ မြစ်သွယ်ခြောက်ခုထဲက တစ်ခုဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံ တောင်ပိုင်းကနေ စီးဆင်းလာတဲ့မြစ်ဖြစ်ပြီး ဒီမြစ်ကနေ အာဂျင်တီးနားမြို့တော် ဘရူနိုအေးရိစ်၊ အဲဒီကမှ တောင်အတ္တ လန္တိတ် သမုဒ္ဒရာအထိ တစ်ဆက်တည်း သွားနိုင်တာကြောင့် ကမ္ဘာတစ်ဝန်း ကြိုက်ရာပို့ဆောင် ပေးနိုင်တဲ့ မြစ်တစ်စင်းအဖြစ် ရိုဆာရီယိုမြို့သားတွေကို လုပ်ကျွေးပြုစုနေပါတယ်။ ရိုဆာရီယိုမြို့မှာ ရထား လုပ်ငန်းပြီးရင် ပါရာနာမြစ်ကနေ သွားလာမှုအများဆုံး လုပ်ဆောင်နိုင်ပါတယ်။ မြစ်ကမ်းနံဘေးက ဆန်းဒါး လန်းဘားဆိုတဲ့ဆိုင်လေးမှာ ရေလုပ်သားတွေစု ရုံးပြီး ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအကြောင်း၊ ဒီပြိုင်ပွဲမှာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အသင်း ဘယ်လော က်အောင်မြင်နိုင်မလဲ၊ ဗိုလ်စွဲနိုင်မလားဆိုတဲ့ အကြောင်းတွေကို စကားဖောင်ဖွဲ့ ပြောနေတာ လည်းတွေ့ရပါတယ်။ မက်ဆီတို့မျိုးရိုးက အီတလီနဲ့ စပိန်သွေးနှောမျိုးရိုးဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂ဝ ရာစုအစောပိုင်းကာလမှာ ဥရောပမြေကို စွန့်ခွာလို့ နယ်မြေသစ်အဖြစ် ရိုဆာရီယိုမြို့လေးကို ရထားနဲ့ရောက် လာတာလို့ သိရပါတယ်။ ရိုဆာရီယိုဘူတာကြီးကို ဗဟိုအာဂျင်တီးနား ရထားကုမ္ပဏီက ဗြိတိန်လုပ်သား တွေက စတင်ဆောက်လုပ် ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဘောလုံး စတင်ကစားတဲ့ နယူးဝဲလ်အိုးလ်ဘွိုင်း အသင်းကို ၁၉ဝ၃ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ ဗြိတိန်နိုင်ငံသား ကျောင်းဆရာ အစ်ဆက်နယူးဝဲလ် က ကျောင်းသားဟောင်း၊ ဆရာဟောင်းတွေနဲ့ အသင်းကိုစတင် တည်ထောင်ခဲ့တာပါ။

နယူးဝဲလ်က အာဂျင်တီးနားမှာ ကလေးတွေကို ဘောလုံးနဲ့ စတင်နီးစပ်ခွင့်ပေးခဲ့တဲ့ အစောဆုံးနည်းပြ တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မက်ဆီ မွေးဖွားကြီးပြင်းခဲ့ရာ နေ အိမ်ဘေးက အိမ်နံရံတစ်ခုမှာ နယူး ဝဲလ်အသင်းရဲ့ အနက်နဲ့ အနီရောင်ခြယ် ဂရာဖစ်တီနဲ့ ရိုဆာရီယိုဘူတာကြီးကို ကိုယ်စားပြုတဲ့ အဝါနဲ့ အပြာရောင်ခြယ် ဂရာဖစ်တီတစ်ခုလည်း ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ရိုဆာရီယိုမြို့လေးက အခုနောက်ပိုင်း မှာဘောလုံးအသင်းတွေနဲ့ ပတ်သက်တဲ့ ဒုစရိုက်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု ဂိုဏ်းတွေနဲ့ ဒုစရိုက် မှုတွေလည်း များလာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုဆာရီယိုမြို့လေးရဲ့ ဂုဏ်က မက်ဆီဆိုတဲ့ ဘောလုံးသမား လေးတစ်ယောက်ကြောင့် ကမ္ဘာမှာ ဂုဏ်သိက္ခာအရှိဆုံးမြို့တစ်မြို့အဖြစ် ရပ်တည်နေနိုင်ပါတယ်။ အခုတော့ မက်ဆီက ရိုဆာရီယိုမြို့စွန်မှာရှိတဲ့ ခမ်းနားလှပတဲ့ ခြံဝင်းကြီးနဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးမှာ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ ချစ်ဇနီး အန်တိုနယ် လာရိုကက်ဇီယိုကလည်း မက်ဆီငါးနှစ်သား အရွယ်မှာကတည်းက အိမ်နီးချင်းအဖြစ် ရင်းနှီးခဲ့တဲ့ ငယ်ချစ်တွေဖြစ်ပါတယ်။ မနှစ်က နွေရာသီမှာပဲ မက်ဆီနဲ့ အန်တိုနယ်လာတို့ လက်ထပ်ခဲ့ကြတယ်။

ရိုဆာရီယိုမြို့လေးက မူလတန်းကျောင်းလေးမှာကတည်းက မက်ဆီက သူ့ရဲ့ဘောလုံးပါရမီကို ချပြနိုင်ခဲ့ပါတယ်။ သူ့ထက်အသက်ကြီး၊ လူကောင်ကြီးတဲ့ ကျောင်းနေဖက်ကလေးတွေ က ဘောလုံးကစားတဲ့အခါ မက်ဆီက သူတို့ကို ဘောလုံးမပေးဘူးလို့ ဆရာ၊ ဆရာမတွေကို သွားတိုင်တာမျိုးလည်း အမြဲလိုရှိခဲ့သတဲ့။ မူလတန်းကျောင်းလေးနားမှာ ဘောလုံးအသင်း တစ်သင်း ထောင်ထားတာရှိပါတယ်။ ဂရန်ဒိုလီဆိုတဲ့အသင်းလေး ပါ။ လေးနှစ်သားမှာကတည်းက မက်ဆီက ဒီအသင်းလေးမှာ သွားရောက်လေ့ကျင့်ခွင့် ရခဲ့တယ်။ အဲဒီကမှ ဒေသ တွင်းမှာ အကြီးဆုံးအသင်းကို ဆယ်ကျော်သက် အရွယ်မရောက်ခင်မှာ သွားရောက် လေ့ကျင့်ကစား ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီက လူကောင်သေးလွန်းပြီး ဟိုမုန်းဓာတ်ချို့ တဲ့ရောဂါပါလာလို့ ဒီကုသစရိတ်ကို နယူးဝဲလ်အိုးဘွိုင်းအသင်းက မတတ်နိုင်လို့ ၂ဝဝဝ ပြည့်နှစ် မက်ဆီ အသက် ၁၃ နှစ်အရွယ်မှာပဲ ဘာစီ လိုနာအသင်းရဲ့ လာမက်ဆီယာ အကယ် ဒမီက ခေါ်ယူသွားခြင်းခံခဲ့ရပါတယ်။ ပြောရရင်တော့ အာဂျင်တီးနား အတွက် ဆုံးရှုံးမှု၊ ဘာစီလိုနာအတွက် ရွှေရောင်တစ်ခေတ် ဖြစ်သွားစေခဲ့တာပါပဲ။

မက်ဆီ ဘာစီလိုနာကို ထွက်သွားပေမယ့် အာဂျင်တီးနားမှာ သူနဲ့ခေတ်ပြိုင် အကောင်းဆုံး ဘောလုံးသမား မျိုးဆက်သစ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။၂ဝဝ၃ ခုနှစ်မှာ ဇာဘ လက်တာပါဝင်တဲ့ အာဂျင်တီးနားအ သင်းက ယူ-၂ဝ ကမ္ဘာ့ဖလားပွဲ ဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲက ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။ ဇာဘလက်တာ၊ တီဗက်ဇ်နဲ့ မာရှေးယာနိုစတဲ့ ယူ- ၂ဝ အသင်းက ကစားသမားတွေက နောက်ပိုင်း ဝက်စ်ဟမ်း၊ မန်စီးတီး၊ မန်ယူ၊ လီဗာပူး၊ ဘာစီလိုနာစတဲ့အသင်းတွေကို ခြေချကစားခွင့်ရသူတွေ ဖြစ်လာတယ်။ ၂ဝဝ၅ ခုနှစ်မှာ အာဂျင် တီး နားယူ-၂ဝ အသင်းက ကစားသမားအင်အား ပိုတောင့်တင်းလာပါတယ်။ ဇာဘလက်တာအပြင် ဘီဂလီယာ၊ ဂါရေး၊ အဂူရိုတို့ထွက်ပေါ်လာပြီး အဂူရိုဆိုရင် အသက် ၂ဝ သာရှိပါသေးတယ်။ အာဂျင်တီးနား နည်းပြတွေ က ယူ-၂ဝ အသင်းမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဘာစီလိုနာက လူငယ်ကစားသမား မက်ဆီကို ရွေး ချယ်ဖို့ ထိုက်တန်တယ်လို့ အဆိုပြုရင်းက မက်ဆီက အာဂျင်တီးနားအသင်းမှာ စတင်ပါဝင်ခွင့်ရခဲ့တယ်။ ဇာဘလက်တာက''ကျွန်တော်တို့ နည်းပြကို ပြန်ပြောပြတယ်။ မက်ဆီဆိုတဲ့ ကောင်လေးကစားတာ အရမ်းကောင်းတယ်လို့။ သူအသင်းကို စရောက်လာတော့ အတူတွဲပြီး ကြီးပြင်းခဲ့သူတွေ မဟုတ်လို့ သူ့အကြောင်းမ သိခဲ့ဘူး။ လူက ပိန်ပိန်သေးသေးလေး။ ကစားတာကတော့ အံ့သြစရာပဲ။ ပါရာဂွေးနဲ့ခြေစမ်းပွဲမှာ ဒုတိယပိုင်း မှ လူစားဝင်ပြီး နှစ်ဂိုးသွင်းသွားတယ်။ ယူ-၂ဝ ကမ္ဘာ့ဖလားမှာ သူဂိုးအနည်းငယ်သွင်းပြီး အဲဒီနှစ်မှာ ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင် ခဲ့တယ်''လို့ ပြောပြခဲ့ပါတယ်။

မက်ဆီက ၂ဝဝ၆ ကမ္ဘာ့ဖလားပွဲမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ခဲ့ပြီး အသက် ၁၈ နှစ်သာရှိသေးတာကြောင့် ကမ္ဘာ့ဖလားပွဲနွှဲခွင့်ရတဲ့ အသက်အငယ်ဆုံး အာဂျင် တီးနား နိုင်ငံသားအဖြစ် ဒီနေ့ အထိ စံချိန်တင်ထားတုန်းပါ။ ၂ဝဝ၆ ကမ္ဘာ့ဖလားပွဲမှာ မက်ဆီက ဆားဘီးယားနဲ့ပွဲမှာ လူစားဝင်ကစားပြီး ဂိုး သွင်းပေးနိုင်ခဲ့တယ်။ ကွာတားဖိုင်နယ် မှာတော့ အရန်ခုံတန်းမှာသာထိုင်ခဲ့ရပြီး အာဂျင်တီးနားက ဂျာမနီကို ပယ်နယ်တီနဲ့ရှုံးလို့ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ မက်ဆီက ၂ဝဝ၇ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်မီသေး ပေမယ့် ပါဝင်လာခြင်းမရှိဘဲ အဲဒီအသင်းမှာ ရိုမာရို၊ ဒီမာရီယာ တို့ပါဝင်လာတဲ့အတွက် ယူ-၂ဝ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တယ်။ ဒီမျိုးဆက်ကပဲ ယူ-၂၃ အသင်းအဖြစ် ကစားရတဲ့ ပေကျင်းအိုလံပစ် ပြိုင် ပွဲမှာ အာဂျင်တီးနားအတွက် ရွှေတံဆိပ်ရယူ ပေးနိုင်ခဲ့ပါတယ်။

မက်ဆီက ဘာစီလိုနာနဲ့အောင်မြင်မှု ဆုဖလားများစွာ ရယူနိုင်ခဲ့ပေမယ့် အာဂျင်တီးနားစီနီယာ လက်ရွေးစင် အသင်းကြီးအတွက်တော့ အခုထိ ဘယ်လိုဆုဖလားမျိုးမှ ယူမပေးနိုင်သေး ပါဘူး။ ၂ဝဝ၆ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်၊ ၂ဝ၁ဝ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်၊ ၂ဝ၁၄ ကမ္ဘာ့ဖလားမှာ ဒုတိယ၊ ၂ဝဝ၇ ကိုပါအမေရိကဖလားမှာ ဒုတိယ၊ ၂ဝ၁၁ ကိုပါ အမေ ရိကဖလားမှာ ကွာတားဖိုင်နယ်၊ ၂ဝ၁၅ နဲ့ ၂ဝ၁၆ကိုပါ အမေရိ ကဖလားတွေမှာ ဒုတိယနေရာတွေသာ ရခဲ့လို့ ရင်နာပြီး လက်ရွေးစင် ကစားသမားအဖြစ် ကနေ၂ဝ၁၆ ခုနှစ်မှာ အနားယူကြောင်း မက်ဆီက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သုံးလသာကြာပြီး နိုင်ငံအတွက် ပြန်ကစား ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲက မက်ဆီအတွက် နောက်ဆုံး ပြိုင်ပွဲ ဖြစ်တာကြောင့် မက်ဆီအ နေနဲ့ ချန်ပီယံဆုကို အရယူနိုင်ဖို့ သူရထားသမျှ ဆုတွေနဲ့တောင် လဲပစ်နိုင်လိမ့်မယ်လို့လည်း အာဂျင်တီးနား လက်ရွေးစင်ဟောင်း ရစ်ကီဗီလာက ပြောခဲ့ပါတယ်။ လက်ရှိ အာဂျင်တီးနား နည်းပြ ဆမ်ပါအိုလီကလည်း မက်ဆီလို နာမည်ကြီး ဘောလုံးသမား တစ်ယောက်အတွက် ကမ္ဘာ့ဖလား ချန်ပီယံဆု ပိုင်ဆိုင်ဖို့ ထိုက်တန် တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ မက်ဆီအတွက် ချန်ပီယံဆုပေးဖို့ အကြွေးတင် နေတယ်လို့လည်း ပြော ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက ၁၉၉၃ ခုနှစ်က ကိုပါအမေရိကဖလားရပြီးနောက်ပိုင်း ဘယ်ပြိုင်ပွဲတွေမှာမှ ချန်ပီယံဆု မရနိုင်တာကြောင့် မက်ဆီက မာရာဒိုနာထက် ပိုနာမည်ကြီးတဲ့ ကစားသမားဖြစ်ဖို့ အရေးကလည်းဒီ ၂ဝ၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုယူပေးနိုင်မှသာ အားကောင်းမောင်းသန် ပြောဆိုကင်ပွန်းတပ်နိုင်မှာပါ။ ဒါကြောင့် လက်လုပ်လက်စားတွေ နေတဲ့အရပ် ရိုဆာရီယိုမြို့လေးက ပေါက်ဖွားလာသူအတွက် ဒီကမ္ဘာ့ ဖလားပြိုင်ပွဲက မက်ဆီဘဝမှာ အရေးအကြီးဆုံးသော သမိုင်းမော်ကွန်းဖြစ်မှာ သေချာနေပါတယ်။

ယခုဆောင်းပါးကို မေးလ်အွန်ဆန်းဒေးမှ အားကစားသတင်းထောက် ရော့ဘ်ဒရက်ပါက ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုကာလတွင် မက်ဆီနေထိုင်ရာ ရိုဆာရီယိုမြို့လေးအထိ သွားရောက်ပြီး သမိုင်းနောက်ခံများနှင့် ဖော် ကျူး ရေးသားခဲ့ခြင်းကို ဆီလျော်သလို ဘာသာပြန်ခြင်း ဖြစ်ပါသည်။ ဇေယျာ

Read 564 times Last modified on Wednesday, 13 June 2018 10:02