SJ WorldNews - шаблон joomla Авто

ခရိုအေးရှားကို ရှုံးသော်လည်း ကစားသမားများ ပေးဆပ်စရာ မကျန်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြ၍ ဂုဏ်ယူကြောင်း အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်ဆို

Friday, 13 July 2018 10:14 font size decrease font size decrease font size increase font size increase font size

မော်စကို    ဇူလိုင်    ၁၂

အင်္ဂလန်အသင်းသည် ယမန်နေ့ညက ခရိုအေးရှား အသင်းနှင့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ယှဉ်ပြိုင်ကစားရာ  အချိန်ပိုတွင် မန်ဇူကစ် သွင်းယူသည့်ဂိုးကြောင့်   ရှုံးနိမ့်ရသော်လည်း  မိမိကစားသမားများ ပေးဆပ်စရာ မကျန် တော့အောင် အစွမ်းကုန် ပေးဆပ်ခဲ့ခြင်းကြောင့် ဂုဏ်ယူကြောင်း အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်က ပြောသည်။

ထိုပွဲ၌  အင်္ဂလန် အသင်းအတွက်  ပွဲစပြီး ငါးမိနစ်တွင်  ထရစ်ပီယာက ဖရီးကစ်မှ ဂိုးစသွင်းနိုင်သော်လည်း  ပွဲချိန် ၆၈ မိနစ်တွင် ပါရီဆစ်က ချေပဂိုး သွင်းခြင်းကြောင့်  အချိန်ပို ကစားခဲ့ရပြီး ပွဲချိန် ၁၀၉မိနစ်တွင် မန်ဇူကစ်က  ခရိုအေးရှား အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့ သည်။ အချိန်ပိုတွင် ထရစ်ပီယာသည် ပေါင်ခြံ ဒဏ်ရာရသွား၍ ဆက်လက် ကစားနိုင်ခြင်းမရှိတော့ဘဲ လူစားလဲမှုလည်း ပြည့်သွားခြင်းကြောင့် ၁၀ ဦးတည်းဖြင့် ကစားခဲ့ရသည်။

ပွဲအပြီးတွင် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ''ဒီအရှုံးက အနာဂတ်အတွက် အကောင်းဆုံး အတွေ့အကြုံပဲ။   ကျွန်တော်တို့ အသင်းက စွမ်းဆောင်မှု အဆင့်အတန်းနဲ့ စုဖွဲ့ကစားနိုင်မှုပိုင်းမှာ ဘယ်လောက်တိုးတက်လာ သလဲဆိုတာ အားလုံးကို ပြသနိုင်ပြီးဖြစ်ပါတယ်။  ယူရို ၂၀၁၆မှာ ကျရှုံးပြီး တဲ့နောက် နှစ်နှစ်အတွင်း အသင်းရဲ့ တိုးတက်လာမှုကို တွေ့မြင် ကြမှာပါ။ အချိန်တိုအတွင်း ရောက်နိုင်တဲ့ ခရီးက ဝေးခဲ့တယ်။ ခရိုအေးရှား အသင်းမှာ  ပွဲကြီး တွေကို ကစားတာ အထာနပ်တဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ပါဝင်တာကြောင့် သူတို့နိုင် သွားတာပါ။  ကျွန်တော်တို့ကစားသမားတွေက  အတွေ့အကြုံ အားနည်းတယ် ဆိုပေမယ့် သူတို့က   ကွင်းထဲမှာ   ပေးဆပ်စရာ မကျန်အောင် အသင်းအတွက်  အစွမ်းကုန် ပေးဆပ်ခဲ့ကြလို့ ဂုဏ်ယူမိတယ်။ ဒီကစားသမားတွေက ကာယပိုင်း၊ အတွေ့အကြုံပိုင်း အားလုံးထပ်ပြီး တိုးတက်လာကြဦးမယ့် သူတွေဖြစ်လို့  နောက်လာမယ့် အင်္ဂလန်အသင်းက ပိုကောင်း လာမှာပါ။ ဘယ်လ် ဂျီယံနဲ့  တတိယနေရာ လုပွဲကစားရဦးမှာပါ။ တတိယနေရာ လုပွဲကို  ဘယ်အသင်းမှ ကစားချင်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့နိုင်ငံ အသင်း ဂျာစီဝတ်ဆင် ကစားရတဲ့ပွဲတိုင်း နိုင်ငံအတွက် အစွမ်းကုန် ပေးဆပ်ကစားကြဦးမှာပါ'' ဟုပြောသည်။

အင်္ဂလန် အသင်းသည် ဗိုလ်လုပွဲမတက်နိုင်သော်လည်း ယခုကမ္ဘာ့ဖလားပွဲတွင် ၁၂ ဂိုး သွင်းနိုင်ကာ ၁၉၆၆ ကမ္ဘာ့ ဖလားပွဲက ဂိုးအများဆုံး အဖြစ်သွင်းခဲ့သည့် ၁၁ ဂိုးစံချိန်ကို ချိုးဖျက် နိုင်ခဲ့သည်။                     

Read 16 times Last modified on Friday, 13 July 2018 10:15