SJ WorldNews - шаблон joomla Авто

Alpine Cup လေးနိုင်ငံ ပြိုင်ပွဲတွင် မြန်မာနှင့်ဘာရိန်း တစ်ဂိုးစီ သရေကျ

Saturday, 04 August 2018 08:29 font size decrease font size decrease font size increase font size increase font size

မန္တလေး ဩဂုတ် ၃

Alpine Cup လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၂၃ အသင်းနှင့် ဘာရိန်းယူ-၂၃ အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းတွင် အောင်သူအပါအဝင် အဓိက ကစားသမားအချို့ ပါဝင်လာပြီး ပထမပွဲထက် ကစားပုံပိုကောင်းကာ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘာရိန်းယူ-၂၃ အသင်းမှာ ယခုပွဲ သရေကျခဲ့သောကြောင့် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲတွင် မဖြစ်မနေ အနိုင်ကစား ရတော့မည်ဖြစ်သည်။ မြန်မာအသင်းသည် တောင်ကိုရီးယား အသင်းနှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းမှ လေးဦးအပြောင်းအလဲ လုပ်ခဲ့ပြီး အောင်သူ၊ ရန်နိုင်ဦး၊ နန္ဒကျော်နှင့် ဝင်းမိုးကျော်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုကာ ဇော်မင်းထွန်း၊ ကျော်ဇင်ထက်၊ လှိုင်းဘိုဘို၊ ဒွေးကိုကိုချစ် တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် ယခုပွဲတွင် ရလဒ်ကောင်းရန် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး အောင်သူနှင့် ရန်နိုင်ဦး ပါဝင်လာသောကြောင့် တိုက်စစ်ကစားပုံ ပိုကောင်းလာသည်။ ဘာရိန်းအသင်းမှာလည်း အောင်သူကို ထိန်းကပ်ကစားရန် သီးခြားတစ်ဦး တာဝန်ပေးအပ်ခဲ့ပြီး မြန်မာတိုက်စစ်ကို ဟန့်တားခဲ့သည်။ ဘာရိန်း ယူ-၂၃ အသင်းအတွက် ဦးဆောင်ဂိုးကို ၁၂ မိနစ်တွင် အဗ္ဗဒူလာက သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ဂိုးပေးလိုက်ရသော်လည်း ကစားကွက်ပျက်မသွားဘဲ ၁၉ မိနစ်တွင် ရန်နိုင်ဦးက ချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျပြီး နောက်ပိုင်းတွင် မြန်မာအသင်း ပိုဖိကစားနိုင်ခဲ့သော်လည်း ဘာရိန်းခံစစ်ပိုင်း အမှားမရှိသည့်အပြင် အဓိက တိုက်စစ်မှူး အောင်သူကို ထိန်းချုပ်ထားနိုင်၍ အခွင့်အရေး မပေးခဲ့ရခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဘာရိန်းအသင်းထက် ပိုဖိကစားနိုင်သော်လည်း တိုက်စစ်ပိုင်း အားနည်းချက်များကြောင့် အနိုင်ဂိုးနှင့် လွဲချော်ခဲ့ရသည်။ အီစိုးနှင့် စည်သူအောင်တို့ အပိုင်အခွင့်အရေးများ အသုံးမချနိုင်ခဲ့သလို အောင်သူမှာလည်း ဘာရိန်းအသင်း၏ လူကပ်ကစားခြင်း ခံထားရသောကြောင့် တိုက်စစ်တွင် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပေ။ ဘာရိန်း ယူ-၂၃ အသင်းသည် မိနစ် ၇၀ နောက်ပိုင်းတွင် ဂိုးရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း မြန်မာဂိုးသမား ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့သည်။ ၈၅ မိနစ်တွင် ကျော်ဇင်ထက် ဒဏ်ရာရသွား၍ ဘုန်းသစ္စာမင်းနှင့် လူစားလဲခဲ့ရသည်။ ညနေ ၃ နာရီတွင်ကျင်းပသည့် ပထမပွဲတွင် တောင်ကိုရီးယား အသင်းက ထိုင်းအသင်းကို ၄ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရခဲ့သည်။ တောင်ကိုရီးယား ယူ-၁၉ အသင်း နိုင်ပွဲဆက်ခဲ့သော်လည်း ထိုင်းအသင်းကို အကြိတ်အနယ် ကစားခဲ့ရသည်။ ထိုင်းအသင်းသည် ပထမပွဲတွင် ရှုံးထားသောကြောင့် ယခုပွဲတွင် ရလဒ်ကောင်းရရန် ကြိုးစားသော်လည်း ပထမပိုင်းတွင် နှစ်ဂိုးပေးခဲ့ရခြင်း၊ နှစ်ဂိုးစီ သရေကစားနိုင်သည့် အခွင့်အရေးကို ထိန်းထားနိုင်ခြင်း မရှိသောကြောင့် ရှုံးပွဲထပ်မံကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား အသင်းအတွက် ဂိုးများကို ၂၉၊ ၅၅ မိနစ်တွင် လီဂျေးဟွတ်၊ ၄၄၊ ၇၀ မိနစ်တွင် အူဝမ်ဆန်တို့က နှစ်ဂိုးစီသွင်းယူခဲ့သည်။ ထိုင်းအသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ဆူသီဆက်က ၄၈၊ ၅၀ မိနစ်တွင် သွင်းယူခဲ့သည်။ ဒုတိယနေ့အပြီးတွင် တောင်ကိုရီးယား ယူ-၁၉ အသင်းက ခြောက်မှတ်၊ ဘာရိန်းယူ-၂၃ အသင်းက လေးမှတ်၊ မြန်မာ ယူ-၂၃ အသင်းက တစ်မှတ်ရထားပြီး ထိုင်းအသင်းမှာ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဩဂုတ် ၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read 146 times Last modified on Saturday, 04 August 2018 08:30