SJ WorldNews - шаблон joomla Авто

အာရှပွဲ ကစားရန် တောင်ကိုရီးယား အသင်းနှင့် ဆွန်ယောင်မင် အင်ဒိုနီးရှားသို့ ရောက်ရှိ အာရှဖလား အရမယူ နိုင်လျှင် ယခုနှစ်ရာသီ ကုန်ချိန်၌ ၂၁ လကြာ စစ်မှုထမ်း ရမည်

Thursday, 16 August 2018 10:19 font size decrease font size decrease font size increase font size increase font size

ဂျကာတာ သြဂုတ် ၁၅

စပါးအသင်းမှ တိုက်စစ်ကစားသမား ဆွန်ယောင်မင်သည် အာရှ အားကစားပွဲတော် (အာရှဂိမ်း) ပြိုင်ပွဲ ကစားရန် အိမ်ရှင်ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသို့ လက်ရွေးစင် အသင်း နှင့်အတူ ရောက်ရှိနေသည်။ အာရှအားကစား ပွဲတော်၌ ဘောလုံး ပွဲများတွင် အသက် ၂၃ နှစ်အောက် ကစားသမားများသာ ကစားခွင့် ရှိသော်လည်း ထိုထက် အသက်ကြီးသော ကစားသမားသုံးဦးကို တစ်သင်းစီတွင် ထည့်သွင်းခွင့် ရှိသောကြောင့် တောင်ကိုရီးယားအသင်းက ဆွန်ယောင်မင်ကို ရွေးချယ်လာခြင်း ဖြစ်သည်။

ဆွန်ယောင်မင်အတွက် အာရှ အားကစားပွဲမှာ အထူးအရေးကြီးပြီး ထိုပွဲတွင် ဗိုလ်စွဲနိုင်ပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရမည် ဖြစ်ခြင်းကြောင့် ပါဝင်ကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဥပဒေတွင် အမျိုးသားတိုင်း အသက် ၂၇ နှစ်မပြည့်မီ ၂၁ လကြာ စစ်မှုထမ်းရမည် ဖြစ်ပြီး အိုလံပစ် သို့မဟုတ် အာရှ အားကစားပွဲတွင် ရွှေတံဆိပ်ဆု ရယူနိုင်သူဖြစ်ပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရှိမည် ဖြစ်သည်။ ဆွန်ယောင်မင်သည် မကြာသေးမီက အသက် ၂၆ နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ရာ အကယ်၍ အာရှ အားကစားပွဲတွင် ဗိုလ်စွဲခဲ့ခြင်း မရှိပါက ယခုရာသီ ကုန်ပြီးချိန်တွင် ၂၁ လကြာ စစ်မှုထမ်းရမည် ဖြစ်ပြီး ကစားသမား ဘဝကို ထိခိုက်နိုင်သည်။

ယနေ့တွင် တောင်ကိုရီးယား အသင်းမှာ ဘာရိန်းနှင့် ကစားရမည် ဖြစ်ပြီး သြဂုတ် ၁၇ ရက်တွင် မလေးရှား၊ သြဂုတ် ၂ဝ ရက်တွင် ကာဇက်စတန် အသင်းတို့နှင့် ကစားရမည်ဖြစ်ရာ ဆွန်ယောင်မင်က ''ကျွန်တော်တို့ရဲ့ ပစ်မှတ်က ရွှေတံဆိပ်ဆု ရဖို့ပဲ။ ဒါပေမဲ့ ဗိုလ်လုပွဲတက် နိုင်ဖို့ ခရီးက အဝေးကြီး လိုပါသေးတယ်။ ပွဲတစ်ပွဲကို ဘယ်လို စိတ်ပိုင်းဆိုင်ရာနဲ့ ချဉ်းကပ်မလဲ ဆိုတာက အရေးကြီးဆုံးပါ။ ဒီပွဲအကြောင်း ကျွန်တော့် ခေါင်းထဲမှာ အများကြီး ထည့်ထားတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အနေအထားနဲ့ ဂျာမနီကို ကျွန်တော်တို့ နိုင်ခဲ့တယ်။

ဒီလိုပါပဲ။ ကျွန်တော်တို့လည်း အာရှအသင်းတွေကို ရှုံးကောင်းရှုံးသွား နိုင်တယ်။ ဒါကြောင့် ပွဲတိုင်းမှာ အစွမ်းကုန် ပေးဆပ်နိုင်ခြင်း မရှိရင် ခက်ခဲသွားမှာပါ'' ဟု ဘန်ဒေါင်း လေဆိပ်သို့ အရောက်တွင် ပြောသည်။

အာရှအားကစား ပွဲတော် ဘောလုံးပွဲ၏ ပထမဆုံး ရှုံးထွက်အဆင့် ပွဲစဉ်များကို သြဂုတ် ၂၃ ရက်တွင် စတင်မည် ဖြစ်ပြီး ဗိုလ်လုပွဲကို စက်တင်ဘာ ၁ ရက်တွင် ကစားရမည် ဖြစ်ရာ တောင်ကိုရီးယား အသင်းသည် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ပါက ဆွန်ယောင်မင်သည် လာမည့်တစ်ပတ် ဖူလ်ဟမ်နှင့် ပွဲပြီးနောက် နိုင်ငံတကာပြိုင်ပွဲ ရက်သတ္တပတ်ပြီးလျှင် ကစားရမည့် မန်ယူ၊ ဝက်ဖို့ဒ်တို့နှင့် ပွဲများကိုပါ လွဲချော်ရမည် ဖြစ်ကာ စက်တင်ဘာ ၁၅ ရက် လီဗာပူးနှင့်ပွဲတွင်မှ စပါးအတွက် ပြန်လည် ကစားနိုင်မည် ဖြစ်သည်။

Ref: Dailymail

Read 152 times Last modified on Thursday, 16 August 2018 10:20