SJ WorldNews - шаблон joomla Авто

ယူ-၁၄ ပြိုင်ပွဲအတွက် အသက် စစ်ဆေးရာတွင် ကစားသမား ၁၄ ဦး အသက်ကျော်လွန် နေ၍ ထုတ်ပယ်

Thursday, 16 August 2018 10:23 font size decrease font size decrease font size increase font size increase font size

ပဲခူး သြဂုတ် ၁၅

MPT U-14 Football Tournament 2018 (ပဲခူး) ပြိုင်ပွဲအတွက် ယမန်နေ့က အသက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကစားသမား ၁၄ ဦးမှာ အသက်ကျော် လွန်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ပြိုင်ပွဲ ကျင်းပရေးအဖွဲ့မှ အဆိုပါ ကစားသမားများကို ပါဝင် ယှဉ်ပြိုင်ခွင့် မပေးဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး အဖွဲ့သည် အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေးအတွက် မုံရွာပြိုင်ပွဲ မှစ၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သည့် စစ်ဆေးသည့် အဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မုံရွာမြို့၌ ကျင်းပနေသည့် MPT U-14 Football Tournament 2018 အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ကစားသမား ၁၃ ဦးမှာ အသက်ကျော် လွန်နေသဖြင့် ပြန်လည် စေလွှတ်ခဲ့ရပြီး ယခု ပဲခူးမြို့၌ ကျင်းပမည့် ပြိုင်ပွဲတွင်လည်း အသက် ကျော်ကစားသမား ၁၄ ဦးအထိ ထပ်မံ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အသက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ယခုကဲ့သို့ အသက် စစ်ဆေးမှုများ ပြုလုပ်ရသည်မှာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလို၍ ပြုလုပ်ခြင်း မဟုတ်ဘဲ မြန်မာ့ဘောလုံး လောက အနာဂတ် ကောင်းမွန်ရေးအတွက် ယခုအဆင့်မှစ၍ အသက်မှန်ကန်ရေး အလေးထား ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမား များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ တီတီ

Read 226 times Last modified on Thursday, 16 August 2018 10:26