Print this page

၂ဝ၁၈ မြန်မာ နေရှင်နယ်လိဂ် ယူ-၁၉ ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

Monday, 20 August 2018 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၉

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPTတို့၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့သည့် ၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ပဒုမ္မာ အားကစားကွင်း၌ ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင်နှင့် စပွန်ဆာ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆုပေးပွဲတွင် တတိယနေရာ ရရှိခဲ့သည့် ဆောက်သမ်းမြန်မာ လူငယ်အသင်းကို တစ်ဦးချင်း ကြေးတံဆိပ် ဆုများနှင့် ဆုကြေး ငွေကျပ် ၂၅ သိန်း၊ ဒုတိယ နေရာ၌ ရပ်တည်နိုင်ခဲ့သည့် ရတနာပုံလူငယ် အသင်းကို တစ်ဦးချင်း ငွေတံဆိပ် ဆုများနှင့် ဆုကြေး ငွေကျပ် သိန်း ၅ဝ ကို တာဝန်ရှိ သူများက ပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြိုင်ပွဲတွင် နှစ်ရာသီဆက် ပထမနေရာ၌ ရပ်တည်နိုင်ခဲ့သည့် ချန်ပီယံ ရှမ်းယူနိုက်တက် လူငယ်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုများနှင့် ဆုကြေး ငွေကျပ်သိန်း ၁ဝဝ ကို တာဝန်ရှိသူများက ချီးမြှင့်ပြီး တံခွန်စိုက် ဆုဖလားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းယူနိုက်တက် လူငယ်အသင်းက ရမှတ် ၅၄ မှတ်ရရှိပြီး ဒုတိယ နေရာမှ ရတနာပုံ လူငယ်အသင်းကို နှစ်မှတ်အသာဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရတနာပုံ လူငယ်အသင်းမှာ ဒုတိယ နေရာကို ရမှတ် ၅၂ မှတ်ဖြင့် ရယူနိုင်ပြီး တတိယ နေရာကို ဆောက်သမ်းမြန်မာ လူငယ်အသင်းက ရမှတ် ၄၆ မှတ်ဖြင့် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

တီတီ

Read 177 times Last modified on Monday, 20 August 2018 10:19