SJ WorldNews - шаблон joomla Авто

ဗြိတိန်နိုင်ငံသားပိုင် အသင်းတွေ နည်းလာနိုင်တဲ့ အင်္ဂလန် ဘောလုံးလောက

Monday, 03 September 2018 11:30 font size decrease font size decrease font size increase font size increase font size

ကမ္ဘာမှာ အကောင်းဆုံး လိဂ်ပြိုင်ပွဲက ဘယ်ပြိုင်ပွဲဖြစ် မလဲလို့မေးရင် ချန်ပီယံလိဂ်မှာ ကြီးစိုးထားတဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ ရှိနေတဲ့ စပိန်လာလီဂါက ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးဝမ်းပြိုင်ပွဲတွေထက် ပိုကောင်းတယ်လို့ ပြောမယ့်သူတွေ ရှိနေဦးမှာပါ။ ဒါပေမဲ့  ဒီနေ့  ကမ္ဘာမှာ  ပရိသတ်စိတ်ဝင်စားမှု အများဆုံးနဲ့ ဈေးကွက်အရ အအောင်မြင်ဆုံး လိဂ်ကို ပြောပါဆိုရင်တော့ ငွေကြေး အဆောက်အအုံနဲ့ ပရိသတ်အားကိုယှဉ်ရင် အင်္ဂလန် ပရီးမီးယားလိဂ်က   အကောင်းဆုံးဆိုတာကို ပရိသတ်တိုင်း လက်ခံကြရမှာပါ။ ရုပ်သံကနေ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပရိသတ်အားပေးမှု အများဆုံးလိဂ်က ပရီးမီးယားလိဂ် ဖြစ်နေခြင်းနဲ့ ဒီလိဂ်ကြောင့် အသင်းတွေ ရုပ်သံဝင်ငွေ ခွဲတမ်းကနေ ပေါင်သန်းပေါင်းများစွာ အကျိုး ရှိနေသလို တခြားသော ပရိသတ်နဲ့ ဈေးကွက်ချဲ့ထွင် နိုင်မှုမှာလည်း ဒီအသင်းကပဲ  အလုပ်ဖြစ်နေခြင်းက တစ်ကမ္ဘာလုံးက စီးပွားရေး သမားတွေရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လူတိုင်းစိတ်ထဲမှာ ဘောလုံးကစားခြင်းကို ရူးသွပ်ကြတာကြောင့် ကမ္ဘာ့နေရာ အနှံ့အပြားက  ဘီလျံနာ၊ ထရီလျံနာတွေက အင်္ဂလန်ဘောလုံး လောကရပ်ဝန်းမှာ နာမည်၊ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွား အတွက် ငွေကြေး ပေါင်သန်းပေါင်း များစွာကို ရင်းနှီးပြီး အသင်းတွေကို ဝယ်ယူပိုင်ဆိုင် လာကြခြင်းက ၂ဝ ရာစုကုန်ပိုင်းမှာ စတင်ပြီး ဖြစ်တည်လာခဲ့ပါတယ်။ အခုသိပ်မကြာလိုက် တဲ့ ၂၁ ရာစု အစောပိုင်းမှာပဲ အင်္ဂလန်က ပရီးမီးယားလိဂ် အသင်းတွေကို ပြည်ပနိုင်ငံသားတွေ ပိုင်ဆိုင်လာခြင်းက စိုးရိမ်စရာ အခြေအနေကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်မှာ အာဆင်နယ်၊ လီဗာပူးအသင်းတို့ရဲ့ လက်ရှိ ကာလတန်ကြေး ပေါင်နှစ်ဘီလီယံ ဖြစ်နေချိန် မန်ယူ အသင်းရဲ့ ဈေးကွက်တန်ကြေးက ပေါင်သုံးဘီလီယံကျော် ရှိနေပြီဖြစ်တဲ့အတွက်  ပရီးမီးယားလိဂ် အသင်းတစ်သင်း ကို ပိုင်ဆိုင်နိုင်ခြင်းက  ငွေပေါတဲ့ သူဌေးကြီးတွေအတွက် အကောင်းဆုံးသော ကစားစရာတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခြင်းနဲ့ တူနေတဲ့အပြင်  ငွေကြေး အကျိုးအမြတ်ပါ အများကြီး ရနိုင်တဲ့အတွက် အင်္ဂလန်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ် အသင်းတွေကို ဝယ်ယူမြေတောင် မြှောက်ပေးပြီး ပရီးမီးယားလိဂ် အသင်းဖြစ်အောင် ရင်းနှီးတည်ဆောက်သူတွေ များလာပါတော့တယ်။ အခု ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်း သုံးသင်းဖြစ်တဲ့ ဝုဗ်၊ ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်အသင်း သုံးသင်းစလုံးက ပြည်ပနိုင်ငံသားတွေ ဖြစ်တဲ့ တရုတ်၊ မလေးရှားနဲ့ အမေရိကန် နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အသင်းတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယား လိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားရတဲ့ ဝက်စ်ဘရွန်းနဲ့ ဆွမ်ဆီးတို့ကလည်း နိုင်ငံခြားသားပိုင် အသင်းတွေဖြစ် ပြီး စတုတ်အသင်းသာ ဗြိတိန်နိုင်ငံသား ဖြစ်တဲ့ ကိုအာတက်စ် ပိုင်ဆိုင်တဲ့အသင်း ဖြစ်ခဲ့တယ်။ လက်ရှိ ပရီးမီးယားလိဂ် အသင်း ၂ဝ မှာဆိုရင် ဗြိတိန်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အသင်းဆိုလို့ ခုနစ်သင်းပဲ ကျန်ပါတော့တယ်။  ပဲလေ့စ် အသင်းကို  လန်ဒန်နိုင်ငံသား စတိဗ်ပါရစ်ရှ်က ပိုင်ဆိုင်ပြီး စပါးဆိုရင် အင်္ဂလန်နိုင်ငံသား ဂျိုးလူးဝစ် ပိုင်ဆိုင်တယ် ဆိုပေမယ့်သူက  ဘဟားမားစ်မှာ အခြေစိုက် နေထိုင်သူဖြစ် နေပါသေးတယ်။ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးနဲ့ မန်ယူ အသင်းတွေကို ပြည်ပနိုင်ငံသားတွေ စတင်ဝယ်ယူပိုင် ဆိုင်စဉ်က ရင်းနှီးခဲ့ရတဲ့ငွေကြေးက ပေါင်သန်း ရာဂဏန်း သာရှိခဲ့ပေမယ့် အခု ဒီအသင်းတွေက ပေါင်ဘီလီယံနဲ့ချီပြီး တန်တဲ့အသင်းတွေ ဖြစ်နေတာကြောင့် ကမ္ဘာတစ်ဝန်းက သူဌေးတွေက ပရီးမီးယားလိဂ် အသင်းတွေကို အခုအချိန် ဝယ်ယူရင် ဈေးများနေတဲ့အတွက် ပေါင်သန်း ၁ဝဝ လောက်နဲ့ ဝယ်လို့ရနိုင်တဲ့ အင်္ဂလန် ချန်ပီယံရှစ်က အသင်း တွေကိုဝယ်ယူပြီး ရင်းနှီးမြှုပ်နှံ လာခဲ့ရာမှာ အခုဆိုရင် ချန်ပီယံရှစ် အသင်းအများစုကို ပြည်ပနိုင်ငံသားတွေက ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ အီဂျစ် ဘီလျံနာ နာဆက်ဖ်ဆာ ဝီရစ်ဆိုရင် ပြီးခဲ့တဲ့နွေရာသီကမှ ဗီလာအသင်းကို တရုတ် သူဌေး ဒေါက်တာ တိုနီရှားထံကနေ လက်လွှဲဝယ်ယူမှု ပြီးပြတ်ခဲ့ပါတယ်။ အီတလီနိုင်ငံသား ရက်ဒ်ရစ်ဇာနီ ဆိုရင်လည်း  လိဒ်အသင်းကို  ဝယ်ယူပြီးနောက်  ထိပ်တန်း နည်းပြဖြစ်တဲ့ မာဆယ်လိုဘီယဲလ်ဆာကို  ခေါ်ယူခန့် အပ်ထားတယ်။ ဖူလ်ဟမ်အသင်းပိုင်ရှင် ရှာဟစ်ခန်း ကလည်း ပါကစ္စတန်-အမေရိကန်သွေးနှောသူဖြစ်ပြီး  ဒီနှစ်ဆန်းပိုင်းမှာ သူက အင်္ဂလန်နိုင်ငံရဲ့ အမျိုးသား အားကစားကွင်းဖြစ်တဲ့ ဝင်ဘလေ ကွင်းကြီးကိုတောင် ဝယ်ယူဖို့ကြိုးစားလို့ ကန့်ကွက်သူတွေနဲ့ နာမည်ကြီးခဲ့ပါ သေးတယ်။ ပါကစ္စတန်နိုင်ငံ လာဟိုရီမြို့မှာမွေးဖွားခဲ့ပြီး လက်ရှိ ဖလော်ရီဒါမှာ နေထိုင်နေတဲ့ ရှာဟစ်ခန်းက အမေရိကန် ဘောလုံးလိဂ် (အင်န်အက်ဖ်အယ်လ်)ရဲ့ ဂျက်ဆင်ဗီလီဂျာဂွါ အသင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းက ၂ဝ၁၃-၂ဝ၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းလာတာကြောင့် ရှာဟစ်ခန်းက  နည်းပြ  ဆလာဗီဆာဂျိုကာ နိုဗစ်ခ်ျဆီ မကြာခဏလာပြီး အသင်းနဲ့ ရင်းနှီးနွေးထွေးစွာ နေထိုင်နေပါတယ်။ ဖူလ်ဟမ်နဲ့အတူ တစ်နှစ်တည်း ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရတဲ့ ကာဒစ်ဖ် အသင်းကိုလည်း မလေးရှား ဘီလျံနာ ဗင်းဆင့်တန်က ပိုင်ဆိုင်ထားပြီး သူ့ရဲ့ကြွယ်ဝမှုက ပေါင် ၆၇၆ သန်းရှိပါတယ်။ နည်းပြ ဝါနော့ခ်ရဲ့ ဦးဆောင်မှုကြောင့် တန်းပြန်တက်လာပြီး ၂ဝ၁၃ ခုနှစ်က အသင်းရဲ့ အိမ်ကွင်းဝတ်စုံ အထိမ်းအမှတ် အရောင်အပြာကို အနီရောင်ပြောင်းဖို့ စီစဉ်ခဲ့လို့ အသင်းပရိသတ် တွေရဲ့ ဆန့်ကျင်ခြင်းခံရပြီး ၂ဝ၁၅ ခုနှစ်မှာအပြာရောင် ပြန်ပြောင်း ပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ တိုက်စစ်စွမ်းရည် မြင့်မားစွာနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံပြီး တန်းတက်လာတဲ့ ဝုဗ်အသင်းကိုလည်း တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ စုဖွဲ့ထားတဲ့ ဖိုဆန်အင်တာနေရှင်နယ်ဂရု(ပ်)က ပိုင်ဆိုင်ပါတယ်။ ဒီအဖွဲ့အစည်းကြီးရဲ့ ကြွယ်ဝမှုက ပေါင် ၆ဝ ဘီလီယံအထိ ရှိတာကြောင့် မန်ယူ၊ ချယ်လ်ဆီး၊မန်စီးတီး သူဌေးတွေ ထက်တောင် လုပ်ချင်ရာလုပ်နိုင်တဲ့ အနေအထားပါ။ သူတို့က ၂ဝ၁၆ ခုနှစ်က ဝုဗ်အသင်းကို ဝယ်ယူစဉ်မှာ ပေါင်သန်း ၃ဝ သာပေးခဲ့ရပါတယ်။ ပထမ ရာသီမှာ ရလဒ်မကောင်းလို့ နည်းပြ ဝယ်လ်တာဇန်ဂါကို ထုတ်ပယ်ခဲ့ပြီး တန်းဆင်းဇုန်နား ရောက်သွားခဲ့ရာက နည်းပြသစ် ပေါလ်လမ်းဘတ် လက်ထက်မှာ   တည်ငြိမ်တဲ့ အဆင့်ပြန်ရောက်လာတယ်။ ဒါပေမဲ့ လိုချင်တဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ကို တောင်းဆိုရာမှာမရလို့ လမ်းဘတ်က အသင်းက ထွက်သွားပြီး လက်ရှိနည်းပြ အက်စ်ပရစ် တိုဆန်းတို့စ်ကို ၂ဝ၁၇ ခုနှစ် မေလမှာ ပြောင်းလဲ တာဝန်ပေးခဲ့တယ်။ ဆန်းတို့စ်က နာမည်ကြီးအေးဂျင့် ဂျော့ခ်ျ မန်ဒက်စ်ရဲ့ နည်းပြဖြစ်သလို ဖိုဆန်အဖွဲ့ပိုင်ရှင် ဂူဂွမ်ချန်း နဲ့လည်း သူငယ်ချင်းဖြစ်တာကြောင့် ကစားသမားကောင်း တွေကို ချိတ်ဆက်ခေါ်ယူ နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မှာပဲ ဝုဗ်က အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးကို နှစ်ကြိမ်တိုင် ချိုးဖျက်ပြီး ဟယ်လ်ဒါကော်စတာကို မိုနာကို ကနေ ပေါင် ၁၃ သန်း၊ ချန်ပီယံလိဂ်သမိုင်းမှာ အသက် အငယ်ဆုံး အသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ ပေါ်တို အသင်းက ပေါ်တူဂီလက်ရွေးစင် ရူဘင်နာဗက်စ်ကို ပေါင် ၁၅ ဒသမ ၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ ပါတယ်။ အခု ချန်ပီယံရှစ်မှာ ဝက်စ်ဘရွန်း၊ ဘာမင်ဂမ်နဲ့ရီးဒင်း အသင်းတွေကို တရုတ်နိုင်ငံ သားတွေက ပိုင်ဆိုင်ထားပြီး ဂရိ၊ မလေးရှား၊ ဆော်ဒီနဲ့ ထိုင်းနိုင်ငံက သူဌေးတွေပိုင်ဆိုင် ထားတဲ့အသင်း တွေလည်းအများကြီး ရှိနေလို့ အသင်းတွေရဲ့ ရိုးရာ အခြေခံတွေကအစ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ နောက်နှစ်အနည်းငယ် အတွင်းမှာ နောက်ထပ်နိုင်ငံခြားသား ပိုင်အသင်းတွေ ထပ်တိုးလာရင်တော့ အင်္ဂလန်မှာ ဗြိတိန် နိုင်ငံသားပိုင် အသင်းတွေ နည်းလာမှာ ဖြစ်ပါတယ်။

Read 79 times Last modified on Monday, 03 September 2018 11:32