SJ WorldNews - шаблон joomla Авто

ကွယ်လွန်သူ ၇၇ ဦးအတွက် ရည်စူးကစားမယ့် ပရဟိတပွဲ

Monday, 07 August 2017 09:45 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ဂျိုအန်ဂမ်ပါဖလားပြိုင်ပွဲ

ဂျိုအန်ဂမ်ပါ ဖလားဆိုတာ စပိန်ထိပ်သီး ဘာစီလိုနာအသင်း လာလီဂါ ရာသီသစ် မစတင်မီ နှစ်တိုင်း သြဂုတ်လ အတွင်းမှာ ကစားတဲ့ ခြေစမ်းပွဲ ဖြစ်ပါတယ်။

အသင်းကို ထူထောင်ခဲ့သူ ကစားသမား၊ ဦးဆောင်ထူထောင်သူ၊ နောက်ပိုင်း အသင်းဥက္ကဋ္ဌ ဖြစ်လာသူ ဂျိုအန်ဂမ်ပါကို ဂုဏ်ပြုကျင်းပတဲ့ ပွဲဖြစ်တာကြောင့် ဒီနာမည်ပေးပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီပွဲကို ၁၉၆၆ ခုနှစ်က ဂျိုအန်ဂမ်ပါရဲ့ ဥက္ကဋ္ဌ နေရာမှာ ဆက်ခံသူ အင်းနရစ်လူဒတ်က စီစဉ်ပြီး စတင်ကျင်းပတာ ဖြစ်ပါတယ်။

အစပိုင်းက ဒီပွဲကို အသင်းလေးသင်း ဖိတ်ခေါ်ပြီး ဆီမီးဖိုင်နယ် နှစ်ပွဲကစားစေကာ နိုင်တဲ့ နှစ်သင်းကို ဗိုလ်လု စေတဲ့စနစ်နဲ့ ကစားတာပါ။ ၁၉၆၆ ခုနှစ်မှာ  စတင် ကျင်းပတဲ့ ပြိုင်ပွဲတုန်းက ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျ၊ ပြင်သစ်ကလပ် နန့်တက်စ်နဲ့ ဂျာမနီကလပ် ကိုလုံး အသင်းတို့ကို ဖိတ်ခေါ်ကစားခဲ့ပြီး ဘာစီလိုနာက ကိုလုံးကို ဗိုလ်လုပွဲမှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တယ်။ ကိုလုံးအသင်းက ဂျိုအန်ဂမ်ပါ ဖလားပြိုင်ပွဲ သမိုင်းမှာ ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၁ ခုနှစ် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲပြီး ၁၉၇၉ ခုနှစ်ပြိုင်ပွဲမှာ ဒုတိယ ရခဲ့တယ်။ ဒါကြောင့် အိမ်ရှင် ဘာစီလိုနာပြီးရင် ဒီပြိုင်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး ချန်ပီယံဖြစ်ထားတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ကိုလုံးက မှတ်တမ်းဝင်နေ ခဲ့ပါတယ်။

အခုဆိုရင် ဒီပြိုင်ပွဲကို ကျင်းပတာ (၅၂ )ကြိမ်မြောက် ဖြစ်လာပါပြီ။ ၁၉၉၆ ခုနှစ် ပြိုင်ပွဲအထိ အသင်းလေးသင်းနဲ့ ကျင်းပတဲ့ ဂျိုအန်ဂမ်ပါ ဖလားပြိုင်ပွဲမှာ ၁၉၉၇ ခုနှစ် ပြိုင်ပွဲကစလို့ နှစ်သင်း တည်းသာ ကစားတဲ့ ပြိုင်ပွဲဖြစ်လာပါတယ်။ ၁၉၉၇ ခုနှစ်ပြိုင်ပွဲမှာ ဆမ်ဒိုးရီးယား အသင်းကို ဖိတ်ခေါ် ကစားခဲ့ပြီး နှစ်ဂိုးစီ သရေကျလို့ ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဘာစီလိုနာက အနိုင်ရပြီး မနှစ်က ဂျိုအန်ဂမ်ပါ ဖလားပွဲမှာလည်း ဆမ်ဒိုးရီးယားနဲ့သာ ကစားခဲ့ရာမှာ ဘာစီ လိုနာက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဘာစီလိုနာက ဒီပြိုင်ပွဲသမိုင်းမှာ ချန်ပီယံ ဆုအများဆုံးရ အသင်းအဖြစ် ၃၉ ကြိမ် ဗိုလ်စွဲထားပြီး ကိုလုံးက နှစ်ကြိမ်နဲ့ တစ်ကြိမ် အနိုင်ရ ဗိုလ်စွဲတဲ့ အသင်းပေါင်း ၁ဝ သင်းရှိတာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲ သမိုင်းမှာ တန်ကြေးအရှိဆုံး ကစားသမားဆုကို ပေးခဲ့တဲ့တစ်လျှောက် မက်ဆီက အကောင်းဆုံးဆု သုံးကြိမ်ရခဲ့တဲ့ တစ်ဦး တည်းသော ကစားသမား အဖြစ် မှတ်တမ်း ရေးထိုးထားပါတယ်။  ဂိုးအများဆုံး သွင်းထား နိုင်သူကလည်း မက်ဆီသာဖြစ်ပြီး ခုနစ်ဂိုး သွင်းထားပါတယ်။ သူနဲ့အတူ ခုနစ်ဂိုး သွင်းထားနိုင်တဲ့ တခြား ဘာစီလိုနာ ကစားသမားတွေ ကတော့ မန်နျူရယ် အဆန်စီ၊ ဘီဂိုင်ရစ္စတိန်းနဲ့  စတွိုင်ကော့ဗ်တို့ ဖြစ်ပါတယ်။ မက်ဆီက ဂျိုအန်ဂမ်ပါဖလား သမိုင်းမှာ ပြိုင်ပွဲ လေးရပ်ဆက်တိုက် (၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ) ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။ ဒီလောက်ဆို  ဂျိုအန်ဂမ်ပါ ဖလားပြိုင်ပွဲ သမိုင်းကြောင်းကို ပရိသတ် တီးမိခေါက်မိ လောက်ပါပြီ။ ဒီနှစ် ဂျိုအန်ဂမ်ပါ ဖလားပွဲက ခါတိုင်းနှစ် ပြိုင်ပွဲတွေထက် ပိုထူးခြားမှု ရှိနေပါတယ်။ ဖိတ်ခေါ် ယှဉ်ပြိုင်မယ့် အသင်းက ဒီပြိုင်ပွဲမှာ တစ်ကြိမ်မျှ ယှဉ်ပြိုင် ကစားဖူးခြင်း မရှိတဲ့ ဘရာဇီးကလပ် ချာပီကိုအန်ဆီ အသင်းဖြစ်ပါတယ်။ ဒီအသင်းက ဘရာဇီးနိုင်ငံ ချာပီကိုမြို့မှာ အခြေစိုက်တဲ့ အသင်းဖြစ်ပြီး ၁၉၇၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ အသင်းပါ။ ပြည်နယ်အဆင့် ချန်ပီယံဆုတွေကို ခြောက်ကြိမ်ရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်ရောက်မှ ဘရာဇီး နိုင်ငံရဲ့ အဆင့်မြင့်တန်းကို ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ အောင်မြင်မှု လင်းရောင်ခြည်တွေ စတင် ယှက်သန်းလာချိန် ချာပီကိုအန်ဆီ အသင်းကို ကံကြမ္မာဆိုးက အလဲထိုးခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှာ ချာပီကိုအန်ဆီ အသင်းက ဥရောပမှာဆို ယူရိုပါလိဂ် ဗိုလ်လုပွဲလို့ သတ်မှတ်တဲ့ ပြိုင်ပွဲနဲ့တူတဲ့ တောင်အမေရိကတိုက်ရဲ့ ကိုပါစူဒါမာရီကာနာ ဖလားဗိုလ်လုပွဲ ပထမ အကျော့အဖြစ် ကိုလံဘီယာ နိုင်ငံကိုသွားပြီး ကိုလံဘီယာကလပ် အက်သလက်တီကိုနေစီ ယွန်နယ်နဲ့ ကစားဖို့  လေကြောင်းခရီး ထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ လေယာဉ်ပျက်ကျပြီး ခရီးသည် ၇၇ ဦး သေဆုံးသွားခဲ့ရပါတယ်။ ဘောလုံးအသင်း တစ်သင်းလုံး နီးပါး သေဆုံးခဲ့ပြီး လေယာဉ်ပေါ် ပါသွားတဲ့ ဘောလုံးသမားတွေ ထဲက သုံးဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ဘယ်နောက်ခံ ကစားသမား အလန်ရက်ရှယ် တစ်ဦးသာ လေယာဉ်ပျက်ကျပြီး မသေခဲ့တဲ့ ကစားသမား သုံးဦးထဲမှာ ဘောလုံး ပြန်ကစားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်တာကြောင့် ဘာစီလိုနာနဲ့ ပွဲမှာ ပထမဆုံး အကြိမ် အသင်းအတွက်  ပြန်ကစား ပေးနိုင်မယ်လို့ သိရပါတယ်။

ချာပီကိုအန်ဆီ အသင်းက ဒီပွဲမှာ သေဆုံးခဲ့ရတဲ့ ၇၇ ဦးစလုံးရဲ့ ပုံရိပ်တွေကို ရေးခြယ်ထားတဲ့ ဂျာစီကို ဝတ်ဆင်ပြီး ကစားပါလိမ့်မယ်။ ပွဲကြိုသုံးသပ်ချက် ရေးရမယ့် ပွဲမျိုးတော့ လုံးဝ မဟုတ်ပါဘူး။ ချာပီကိုအန်ဆီ အသင်းက ကစားသမားတွေ အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ပေမယ့်  အသင်းကို မဖျက်ဘဲ ချက်ချင်းပြန်လည် ထူထောင်နိုင်ဖို့ ကြိုးစားနေတဲ့ အသင်းပါ။ တခြား အသင်းတွေက ကစားသမားတွေကို လစာပေးစရာ မလိုဘဲ အငှားစေလွှတ် ကစားစေတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲကရတဲ့ ရန်ပုံငွေတွေ ကိုလည်း ချာပီကို အန်ဆီအတွက် လှူဒါန်းမှာ ဖြစ်ပါကြောင်း။

Read 447 times Last modified on Monday, 07 August 2017 12:23