လီဗာပူးနည်းပြ ဂျာဂန်ကလော့က မိမိလီဗာပူးအသင်းကို စတင်ရောက်ရှိပြီး စာချုပ်စဉ်က လေးနှစ်အတွင်း ဖလားတစ်လုံးရနိုင်မည်ဟု ကတိပေးခဲ့ခြင်းမှာ ယခုရာသီတွင် ဖြစ်တည် လာနိုင်ကြောင်း ဖွင့်ဟပြောသည်။ ကလော့သည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလက လီဗာပူးအသင်းနှင့် လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် စာချုပ်ပြန်လည်ညှိနှိုင်းမှုအရ ၂ဝ၂၂ ခုနှစ်အထိ လီဗာပူးတွင် ဆက်ရှိနေဦးမည်ဖြစ်သည်။
လက်ရှိ လီဗာပူးသည် ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ပြီ ဖြစ်သကဲ့သို့ ပရီးမီးယားလိဂ်တွင်လည်း မန်စီးတီးနှင့်အပြိုင် ချန်ပီယံဖြစ်ရန် အကြိတ်အနယ်ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။ နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့ခြင်းနှင့် ပရီးမီးယားလိဂ်တွင် လက်ကျန်လေးပွဲ အလို တစ်ပွဲလျှော့ကစားထားသော မန်စီးတီးထက် နှစ်မှတ်အသာရထားသည့် အတွက် ကလော့က ကျေနပ်ကြောင်း ပြောသည်။ ''ကျွန်တော် လီဗာပူးနဲ့ စာချုပ် စဉ်က ပြောခဲ့တာကို မှတ်မိနေကြမှာပါ။ လေးနှစ်အတွင်း လီဗာပူးနဲ့ ဖလား တစ်ခုခုရမယ်လို့ ပြောခဲ့တာကိုပါ။ အခုထိတော့ ဖြစ်မလာသေးဘူး။ ဒါပေမဲ့ ကျွန်တော့်ဘက်ကရော လီဗာပူးအသင်းဘက်ကပါ အောင်မြင်မှုမှန်သမျှကို အရ ယူဖို့ကြိုးစားမှာပါ။ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့ရောက်ရှိနေတဲ့အဆင့်ကတော့ အားရကျေနပ်စရာကောင်းပြီး ဗိုလ်စွဲနိုင်ဖို့ လက်တစ်ကမ်းအလိုမှာရှိတဲ့အတွက် ပျော်ရွှင်မိပါတယ်'' ဟု ကလော့ကပြောသည်။
Ref:Dailymail