SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူကို အနိုင်ရခြင်းကြောင့် အဓိက ပြိုင်ပွဲများအတွက် စိတ်ဓာတ် ခွန်အား ဖြစ်စေကြောင်း နည်းပြချုပ်ပြော

Thursday, 13 June 2019 10:11 font size decrease font size decrease font size increase font size increase font size

ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွင် အိမ်ရှင် စင်ကာပူအသင်းကို  ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရသည့်အတွက်   အဓိကပြိုင်ပွဲများ ဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကြိုတင်ပြင်ဆင်ရန်  စိတ်ဓာတ်ခွန်အား ဖြစ်စေကြောင်း  မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်   ရာဂျူလိုဗစ်က ပြောသည်။

ဇွန် ၁၁ ရက် ညပိုင်းက စင်ကာပူနိုင်ငံ အမျိုးသားအားကစားကွင်း၌  ယှဉ်ပြိုင်ခဲ့ သည့်   စင်ကာပူလက်ရွေးစင်အသင်းနှင့်  မြန်မာ့လက်ရွေးစင် အသင်းတို့ပွဲတွင် မြန်မာအသင်းမှ အောင်သူ၊ ကျော်ကိုကို၊ ဇော်မင်းထွန်း   စသည့် အဓိက ကစားသမား အစုံအလင်ဖြင့်  ပွဲထွက်ခဲ့သည်။

ပွဲအစ ငါးမိနစ်တွင် မြန်မာအသင်းက တိုက်စစ်မှူးကျော်ကိုကို၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၂၅ မိနစ်တွင် စင်ကာပူအသင်းက ချေပဂိုးပြန်လည် သွင်းခဲ့သည့်အတွက်  ပထမပိုင်းတွင်  တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။  ဒုတိယပိုင်းတွင် မြန်မာအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး  ၆၈ မိနစ်တွင်  ကျော်ကိုကိုက  ဒုတိယဂိုး ထပ်မံသွင်းယူခြင်း ဖြစ်သည်။

လက်ကျန်မိနစ်များတွင် စင်ကာပူအသင်းက ဖိအားပေးကစား နိုင်သော်လည်း ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်း မရှိသည့်အတွက် မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် လက်ရွေးစင် အသင်းကြီး အဆင့်တွင်  စင်ကာပူအသင်းကို ၁၉၉၃ ခုနှစ်နောက်ပိုင်း  ပထမဆုံးပြန်လည် အနိုင်ယူနိုင်ခြင်းဖြစ်ပြီး  နည်းပြချုပ်သစ် ရာဂျူလိုဗစ်အတွက်လည်း  ပွဲဦးထွက်နိုင်ပွဲ စတင်ရရှိခြင်း ဖြစ်သည်။

''ဒီနေ့ပွဲက ကျွန်တော့်အတွက် မြန်မာ အသင်းကို အနိုင်ရလဒ်နဲ့ စတင်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲကြောင့် ပရိသတ်တွေ ပျော်ရွှင်ကြမှာပါ။ စင်ကာပူအသင်းကို အနိုင်ရတဲ့အတွက် လာမယ့် အဓိကပြိုင်ပွဲတွေဖြစ်တဲ့  ဆူဇူကီးဖလား အပါအဝင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကြိုတင်ပြင်ဆင်ဖို့ စိတ်ဓာတ်ခွန်အား ဖြစ်ရပါတယ်''ဟု နည်းပြချုပ် ရာဂျူလိုဗစ်က ပြောသည်။

TZW

Read 31 times Last modified on Thursday, 13 June 2019 10:12