တူရင်၊ အပြောင်းအရွှေ့
ဂျူဗင်တပ်စ် အသင်းသည် အေဂျက်အသင်းမှ အသက် ၁၉ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ခံစစ်မှူး ဒီလစ်ဂ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဒီတယ်လီဂရပ်ဖ် သတင်းစာက ဖော်ပြသည်။ ပြီးခဲ့သည့်ရာသီက အေဂျက်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်စေရန် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဒီလစ်ဂ်ကို ဥရောပ ထိပ်တန်းအသင်းများစွာက အလိုရှိနေသော်လည်း ကစားသမား ကိုယ် တိုင်က ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် ရည်စူးထားပြီး ဖြစ်ခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူနိုင် ခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းနှင့် အေဂျက်အသင်းကြား ဒီလစ်ဂ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၃ သန်းဖြင့် သဘော တူညီမှုရရှိခြင်းဖြစ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ရန် အဆုံးသတ်ဆွေးနွေးမှု အနည်းငယ်သာ ကျန်ရှိတော့သည်။
အေဂျက်အသင်းသည် ဒီလစ်ဂ် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင် ရန် ရာသီကြိုခြေ စမ်းခရီးစဉ်တွင် ၎င်းင်းကို ခေါ် မသွားဘဲ အမ်စတာဒမ်မြို့၌ ထားခဲ့သည်။ မန်ယူ၊ ဘာစီလိုနာနှင့် လီဗာပူးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသော ဒီလစ်ဂ်ကို အစောပိုင်း ကတည်းက ဂျူဗင်တပ်စ်အသင်းမှ ခေါ်ယူနိုင်ရန် နီးစပ်ခဲ့ သော်လည်း ဂျူဗင်တပ်စ်အသင်းဘက်မှ ကနဦး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းမှု ကို အသင်းဒါရိုက်တာ မာ့စ်အိုဗာ မားစ်က ဈေးနည်း သည်ဟုဆိုကာ ဈေးကိုင်ထားသဖြင့် ယခု ပေါင် ၆၃သန်းဖြင့် ကမ်းလှမ်းမှ လက်ခံ သဘော တူလိုက် ခြင်းဖြစ်ပြီး ဆေးစစ်မှုပြုလုပ်ပြီးပါက ရက်ပိုင်း အတွင်း တရားဝင်စာချုပ်ချုပ်ဆိုနိုင်ကြောင်း အတည်ပြု ကြေညာမည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေတွင် ရာသီ ဆက်ဗိုလ်စွဲနိုင်သော်လည်း ချန်ပီယံလိဂ်၌ ဗိုလ်စွဲ နိုင်ခြင်းမရှိသည့် အတွက် အသက်ကြီးရင့်လာသော ခံစစ်ကစားသမားများနေရာ၌ သွေးသစ်လောင်းရန် ဒီလစ်ဂ်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဂျီနိုအာအသင်းမှ အသက် ၂၁ နှစ်အရွယ် လူငယ်ခံစစ်မှူး ခရစ်္စတီယန် ရိုမာရိုကိုလည်း ပေါင် ၂၃ သန်းဖြင့် ခေါ်ယူစာချုပ် ချုပ်ဆိုခဲ့သည်။ ရိုမာရိုသည် အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင်ကစားသမားဟောင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်က အာဂျင်တီးနား ကလပ် ဘယ်လ်ဂရာနိုအသင်း မှ ဂျီနိုအာသို့ ပေါင် တစ်သန်းခွဲဖြင့်သာ ပြောင်းရွှေ့ လာသူဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီက ဂျီနိုအာ အတွက် စီးရီးအေပွဲစဉ် ၂၇ ပွဲကစားပေးပြီး ခြေစွမ်း ပြနိုင်ခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းက ပေါင် ၂၃ သန်းပေးပြီး ခေါ်ယူခြင်းဖြစ်သည်။
သို့သော် ဂျူဗင်တပ်စ် အသင်းသည် ရိုမာရိုကို ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့သော်လည်း လာမည့်ရာသီ တွင် အသင်း၌ အသုံးမပြုသေးဘဲ ဂျီနိုအာအသင်း ထံသို့ တစ်ရာသီအငှားပြန်ချပြီး ကစားစေမည်ဖြစ် သည်။ ဂျူဗင်တပ်စ်အသင်းသည် ယခုနွေ ရာသီ ဈေးကွက်တွင် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ပေါ့ဂ်ဘာ အတွက် မန်ယူဘက်မှ ပေါင် သန်း ၁၅၀ တောင်းဆိုခြင်းကြောင့် လက်လျှော့လိုက်ကြောင်း သိရသည်။
Ref:De Telegraaf..............