ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ၂ဝ၁၉ အာဆီယံဖူဆယ်ချန် ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အောင်မြင်မှု ရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင် ၁၆ ရက်က ပြုလုပ်ခဲ့သည့် မဲခွဲမှုအရ မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊ တီမော၊ ကမ္ဘောဒီးယားအသင်းတို့နှင့်သာတွေ့ဆုံနေသည်။ မြန်မာအသင်းအနေဖြင့် လက်ရှိအုပ်စု အနေအထားအရ ထိုင်းအသင်းကိုသာ အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရန် အခြေအနေမှာ ကောင်းမွန်နေသည်။
ကျန်ရှိသည့်အုပ်စု (ခ) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့ ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စုတက်ရန် အသင်းတိုင်း၌ အခွင့်အရေး ရှိနေသည်။အဆိုပါပြိုင်ပွဲအတွက် ပွဲစဉ်များကို လက်ရှိတွင် အတိအကျ ထုတ်ပြန်ရခြင်း မရှိသေးဘဲ ပြိုင်ပွဲနီးကပ်မှသာ ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂ဝဝ၆ ခုနှစ်က စတင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဒုတိယဆု တစ်ကြိမ်၊ တတိယဆုနှစ်ကြိမ် ရရှိခဲ့ကာ ၂ဝ၁၈ ခုနှစ်က ကျင်းပသည့် ပြိုင်ပွဲတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယခုပြိုင်ပွဲမှ အကောင်းဆုံး သုံးသင်းမှာ ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။