SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၂၃ နှင့် ယူ-၂၁ အသင်း ကစားသမား အချို့ ပြောင်းလဲ

Wednesday, 15 November 2017 09:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    နိုဝင်ဘာ    ၁၄

နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်လျက်ရှိသည့် မြန်မာ ယူ-၂၃ နှင့် ယူ-၂၁ လူငယ်လက်ရွေးစင် အသင်းတို့သည် ကစားသမားအချို့ ပြောင်းလဲခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ကာ ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်လျက်ရှိသည်။

မြန်မာ ယူ-၂၃ အသင်းသည် မူလက ကစားသမား ၂၆ ဦးကို ရွေးချယ်ထားပြီး ဧရာဝတီအသင်းနောက်ခံလူ အောင်ဇေယျကို ထပ်မံအားဖြည့်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအသင်းမှ ကစားသမား ၁ဝ ဦးမှာ မြန်မာ့လက်ရွေးစင် အသင်းနှင့်အတူ  အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ရန် အိန္ဒိယနိုင်ငံသို့ လိုက်ပါသွားသောကြောင့် လူစုံလေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ နေရပ်သို့  ပြန်နေသည့်  ကွင်းလယ် ကစားသမား  ငြိမ်းချမ်းအောင်မှာလည်း အသင်းနှင့် လာရောက်ပူးပေါင်းနိုင်ခြင်း မရှိသေးပေ။

မြန်မာ ယူ-၂၃ အသင်းသည် နိုဝင်ဘာ ၁၉ ရက်မှသာ လူစုံလေ့ကျင့်နိုင်ဖွယ် ရှိနေသည်။ မြန်မာ ယူ-၂၁ အသင်းမှာမူ ကစားသမားငါးဦးအထိ ပြောင်းလဲခဲ့ပြီး ဒဏ်ရာကြောင့် လာရောက်နိုင်ခြင်း မရှိသည့် ကစားသမားများ၊ အသင်းနှင့် အံမဝင်သည့် ကစားသမားများကို ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၁ အသင်းသည်  ဒဏ်ရာကြောင့် လာရောက်နိုင်ခြင်း မရှိသည့် ဇင်ဖြိုးအောင်နှင့် အောင်မိုးသူ၊ မင်းရဲထွဋ်၊ သဲမောင်နှင့် စိုင်းဇော်ဇော်ခိုင်တို့ နေရာတွင် မြဝတီအသင်းမှ သက်ဝေမိုးနှင့် နေရဲဟန်၊ Southern အသင်းမှ ဝေလင်းထွန်း၊ မကွေးအသင်းမှ ဟိန်းထက်စည်သူနှင့် ဧရာဝတီလူငယ်အသင်းမှ ကျော်မြင့်ဝင်း တို့ကို  ပြန်လည်ရွေးချယ် ထားသည်။

ထို့ကြောင့် မြန်မာ ယူ-၂၁ အသင်းသည် ပဏာမ ကစားသမား ၃၇ ဦးဖြင့် ဆက်လက် လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ် ဦးကြည်လွင် သည် မြန်မာ့လက်ရွေးစင် အသင်းနှင့် လိုက်ပါသွားသောကြောင့်   လက်ထောက်နည်းပြ ဦးချစ်နိုင်က တာဝန်ယူ လေ့ကျင့်ပေးလျက်ရှိသည်။ ယင်းနှစ်သင်းသည် ပြိုင်ပွဲမသွားမီ ပြည်တွင်း၌  ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒီဇင်ဘာတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၂၃ အသင်းနှင့်  ယူ-၂၁ အသင်းသည် ကစားသမားများ အပြောင်းအလဲ  ပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းက M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲ၊ ယူ-၂၁ အသင်းက ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Read 2 times Last modified on Wednesday, 15 November 2017 09:29