SJ WorldNews - шаблон joomla Авто

အာရှဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း အဝေးကွင်း၌ အိန္ဒိယနှင့်နှစ်ဂိုးစီ သရေကျ

Wednesday, 15 November 2017 13:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၄

၂ဝ၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအုပ်စု(က) ပွဲစဉ်(၅)အဖြစ် အိန္ဒိယအသင်းနှင့် မြန်မာအသင်းတို့ ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီတွင် အိန္ဒိယနိုင်ငံ  ဂိုအာမြို့၌ ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာအသင်းသည် အဝေးကွင်း၌  ပုံစံကောင်း ပြသနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးများ မထိန်းနိုင်ခဲ့၍ သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ အုပ်စု(က)တွင် ခြေစစ်ပွဲအောင်မြင်ရန် အပြိုင်ဖြစ်နေသည့် နှစ်သင်းအနက် ကာဂျစ္စတန်အသင်းက အနိုင်ရခဲ့သောကြောင့် သရေရလဒ်သာ ရယူနိုင်ခဲ့သည့် မြန်မာအသင်းသည်  လက်ကျန်နှစ်ပွဲစလုံး အနိုင်ကစားရတော့မည်ဖြစ်ပြီး ကာဂျစ္စတန် အသင်းနှင့် ပြန်ကန်ပွဲတွင် မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။

အိန္ဒိယအသင်းသည် ခြေစစ်ပွဲအောင်မြင်ပြီး ဖြစ်သော်လည်း ဂုဏ်သိက္ခာပိုင်းအတွက် အိမ်ကွင်း၌ သရေတစ်မှတ် ရယူသွားပြီး ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းထားနိုင်ခဲ့သည်။

မြန်မာအသင်းသည် ကျော်ကိုကို၊ အောင်သူ၊ ဇော်မင်းထွန်း၊ ရန်အောင်ကျော်၊ ရန်နိုင်ဦး၊ စည်သူအောင်တို့ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲအစ ၁၃ စက္ကန့်မှာပင် တောင်ပံကစားသမား ရန်နိုင်ဦးက   သိန်းသန်းဝင်း ဖြတ်တင်ပေးသော ဘောလုံးကိုခေါင်းတိုက်သွင်းကာ အဖွင့်ဂိုးရယူပေးခဲ့သည်။ စောစီးစွာဂိုးရခဲ့၍ မြန်မာအသင်းက ကစားပုံပိုကောင်းခဲ့ပြီး သုံးမိနစ်တွင် ကျော်ကိုကိုအပိုင်ကန်ခွင့် ရခဲ့သော်လည်း  အိန္ဒိယဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ အိန္ဒိယအသင်းမှာ အိမ်ကွင်းတွင် ချေပဂိုးပြန်လည်ရရန်  ကြိုးပမ်းခဲ့ပြီး ၁၂ မိနစ်တွင်  မြန်မာကွင်းလယ်လူ လှိုင်းဘိုဘို ဖျက်ထုတ် ပုံကြမ်းခဲ့သောကြောင့်  ပယ်နယ်တီကန်ခွင့် ရခဲ့ပြီး အသင်းခေါင်းဆောင် ချီသရီက ကန်သွင်းယူခဲ့သည်။ ဂိုးပြန်ပေးလိုက်ရသော်လည်း မြန်မာအသင်း ကစားကွက်ပျက်မသွားဘဲ ၁၈ မိနစ်တွင် ကျော်ကိုကိုက  အဝေးကန်ချက်ဖြင့်   ဒုတိယဂိုးရယူပေးခဲ့သည်။

အိန္ဒိယအသင်းသည်   အဓိက တိုက်စစ်ဆင်ခဲ့ပြီး ဂိုးရလုအနေအထားများ ရခဲ့သော်လည်း   မြန်မာဂိုးသမား ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့သည်။  မြန်မာအသင်း ကွင်းလယ်ခံစစ်နှင့် နောက်ခံလူများ အမှားများသောကြောင့် အိန္ဒိယအသင်းအတွက် အခွင့်အရေးများရခဲ့သည်။

ဒုတိယပိုင်းတွင် အိန္ဒိယအသင်းက ချေပဂိုးရရန်   တိုက်စစ်အားမြှင့်လာခဲ့ပြီး မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ၆၃ မိနစ်တွင် ကျော်ကိုကိုအစား တင်ဝင်းအောင် ကို ထည့်ကာ  အပြောင်းအလဲ လုပ်ခဲ့သည်။ 

မြန်မာနောက်ခံလူများ၏  လူကပ်ကစားပုံ အားနည်းမှုမှတစ်ဆင့် ၆၉ မိနစ်တွင် အိန္ဒိယအသင်း ဒုတိယချေပဂိုးပြန်ရခဲ့ပြီး  ဂျီဂျီက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင်  နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အုပ်စု(က)အခြားပွဲတွင်  ကာဂျစ္စတန် အသင်းက မကာအိုအသင်းကို အဝေးကွင်း၌ ၄ ဂိုး-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု(က)၌ အိန္ဒိယအသင်းက  ငါးပွဲကစား ၁၃ မှတ်၊ ကာဂျစ္စတန်အသင်းက လေးပွဲကစားခုနစ်မှတ်၊ မြန်မာအသင်းက လေးပွဲကစား ငါးမှတ်ရထားပြီး မကာအိုအသင်းက ငါးပွဲစလုံး ရှုံးကာ အမှတ်မရသေးပေ။

Read 8 times Last modified on Wednesday, 15 November 2017 13:24