SJ WorldNews - шаблон joomla Авто

ရန်ကုန် အောက်တိုဘာ ၂၁

၂ဝ၁၇ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၂၁) ပထမနေ့အဖြစ် ချင်းယူနိုက်တက်နှင GFA အသင်း တို့ ယနေ့ညနေတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ GFA အသင်း က ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင် ရခဲ့သည်။

ရန်ကုန် အောက်တိုဘာ ၂ဝ

ဧရာဝတီ ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက် အသင်းတို့ အောက်တိုဘာ ၁၈ ရက်က ပုသိမ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ကွင်းလယ် ဒိုင်လူကြီး ဦးသန့်ဇင်ဦး၏ ဆုံးဖြတ်ချက်များအတွက် ဧရာဝတီအသင်းက တရားဝင် ကန့်ကွက်စာကို ယမန်နေ့က တင် သွင်း ခဲ့သည်။

ရန်ကုန် အောက်တိုဘာ ၂ဝ

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ဂျပန်နိုင်ငံ လေ့ကျင့်ရေးခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ယနေ့ည နေပိုင်းက ဟာနန်တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲထပ်မံကစားရာ ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

လန်ဒန် အောက်တိုဘာ ၂ဝ

အာဆင်နယ်အသင်းမှ ဂျာမန်ကွင်းလယ် ကစားကွက် ဖန်တီးရှင်အိုဇေးသည် ယခုရာသီကုန်တွင် အာဆင်နယ် နှင့် စာချုပ်သက်တမ်းကုန်မည်ဖြစ်ရာ အာဆင်နယ်အသင်းမှ စာချုပ်တိုးရန် ကမ်းလှမ်းမှုကိုလည်း လက်မခံနိုင်သလို ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်တွင် ရနိုင်မည့်ဈေးမျိုး ဖြင့် အာဆင်နယ် အသင်းက ထုတ်ရောင်းရန်စီစဉ်မှုကိုလည်း လက်ခံမည်မဟုတ်ဘဲ ရီးယဲလ်တွင် လက်တွဲခဲ့သော နည်းပြ မော်ရင်ဟိုက မိမိအားရာသီကုန်လျှင် မန်ယူအသင်းသို့ ခေါ်ယူမည်ဟု ယုံကြည်ထား၍ ထိုအခွင့်အရေးကို စောင့်စားနေကြောင်း သူငယ်ချင်းများကိုပြောခဲ့သည်ဟု ဒေးလီးမေးလ်သတင်းစာကဖော်ပြထားသည်။

မာဆေးဆိုက် အောက်တိုဘာ ၂ဝ

အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်းက မိမိ၏ လက်ရှိအခြေအနေသည် နည်းပြရာထူးမှ ထုတ်ခံရနိုင်သော အခြေအနေတွင် ရှိနေကြောင်း ဝန်ခံခဲ့သည်။ အဲဗာတန်အသင်းသည် ယမန်နေ့က လိုင်ယွန်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရသည့် ယူရိုပါလိဂ်ပွဲစဉ်၌ ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် သုံးပွဲကစားအပြီး တစ်မှတ်သာရရှိကာ နောက်တစ်ပွဲထပ်ရှုံးလျှင် အုပ်စုအဆင့်မှ ထွက်ရတော့မည်ဖြစ်သလို ပရီးမီးယားလိဂ် တွင်လည်း အဆင့် (၁၆) နေရာရောက်နေခဲ့ခြင်းကြောင့် ကိုးလ်မန်းက ရလဒ်များမကောင်းလျှင် နည်းပြတိုင်း ရာထူး လှုပ်ခတ်ရကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

ဘဲလ်ဂရိတ် အောက်တိုဘာ ၂ဝ

အာဆင်နယ်နည်းပြ ဝင်းဂါးက ယမန်နေ့ညက ယူရိုပါလိဂ်အုပ်စု ပွဲစဉ်အဖြစ် ရက်ဒါစတားအသင်းနှင့် ယှဉ်ပြိုင် ကစားရာ ပွဲချိန်၈၅ မိနစ်အရောက် တိုက်စစ်မှူးဂီရော့ဒ် နောက်ပြန်ကန်ချက်ဖြင့် လှလှပပ ဂိုးသွင်းနိုင်ခဲ့မှုကို ချီးကျူးခဲ့ပြီး ထိုဂိုးမှာ ကြက်ကန်းဆန်အိုးတိုးသလို မဟုတ်ဘဲ ဂီရော့ဒ်သည် ခက်ခဲသည့်အနေအထားမှ မိမိကိုယ်ကို ယုံကြည်စွာဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းသာ ဖြစ်သည်ဟုပြောသည်။

''ပွဲကစားနေတဲ့အချိန်အတွင်း ကျွန်တော်တို့အသင်းက တကယ်ကောင်းပြီး ခံစစ်ကောင်းတဲ့  ပြိုင်ဘက်ကို ဂိုးသွင်းနိုင်ဖို့ ခက်ခဲတဲ့အခြေအနေမှာ ဂီရော့ဒ်က ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကြိုပြောခဲ့တာပါ။တကယ်လည်း ခက်ခဲတဲ့ ပွဲဖြစ်ပြီး ပြင်းပြင်းထန်ထန်လည်း ပြိုင်ဆိုင်ခဲ့ရတဲ့ပွဲပါ။ ခက်ပေမယ့်လည်း အနိုင်ရဖို့ကြိုး စားကစား ခဲ့ကြပါတယ်။

အသင်း စိတ်ဓာတ်ပိုင်းကလည်း ကောင်းခဲ့တယ်။ ကိုယ့်ဘက်က တတ်စွမ်းနိုင်တဲ့ အချိန်ရောက်လာရင် နိုင်ပွဲရတာပဲ။ ဘယ်အချိန်လဲ ဆိုတာတော့ ဆုံးဖြတ်လို့မရနိုင်ဘူးလေ'' ဟု ဝင်းဂါးက ပြောသည်။ အာဆင် နယ်အသင်း သည် ရက်ဒါစတားအသင်းကိုအနိုင်ရခြင်းကြောင့် အုပ်စုတွင်း သုံးပွဲစလုံး ရာနှုန်းပြည့်အနိုင် ရရှိခဲ့ပြီး အုပ်စုဗိုလ်ဖြစ်ရန် သေချာသလောက် ရှိနေသည်။

Page 919 of 1028