SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရန်ကုန် နိုဝင်ဘာ ၂၄

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရတနာပုံအသင်း၏ တိုက်စစ်မှူးအောင်သူအနေဖြင့် ထိုင်းပရီးမီးယားလိဂ်ကလပ် Police Tero အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားမည်ဖြစ်ရာ တစ်လလျှင်လစာ ငွေကျပ်သိန်း ၉ဝ ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် Police Tero အသင်းဥက္ကဋ္ဌ မစ္စတာဘရိုင်ယန်တို့က အသေးစိတ်ဆွေးနွေးခဲ့ပြီးနောက် အငှားစေလွှတ်ကစားရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ''ရတနာပုံအသင်းကမှ မဟုတ်ပါဘူး။ ပြည်ပကလပ်အသင်းတွေက မြန်မာကစားသမားတွေကို ကမ်းလှမ်းလာမယ်ဆိုရင် ဝမ်းမြောက်ရမှာပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကူညီပေးဖို့အဆင်သင့်ပါပဲ။ မြန်မာကစား သမားတွေအနေနဲ့လည်း အဲဒီလိုပြည်ပတွေအထိ သွားရောက်ကစားဖို့ ကြိုးစားဖို့လိုပါတယ်။ ဒီနေရာမှာရပ်မနေဘဲ တစ်ဆင့်ထပ်ပြီး မြင့်မားအောင်ကြိုးစားသင့်ပါတယ်'' ဟုရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း ကပြောသည်။ လက်ရှိတွင် ရတနာပုံအသင်းမှ ထိုင်းကလပ်များသို့ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့သည့် ကစားသမားသုံးဦးအထိရှိလာခဲ့ပြီဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် တိုက်စစ်မှူးပိုင်စိုးအား ဖူးကတ်အသင်း၊ ၂ဝ၁၇ ခုနှစ်တွင် တိုက်စစ်မှူး ရှိုင်းသူရအား ဆာမန်ဆာခွန်အသင်း၊ ယခု တိုက်စစ်မှူးအောင်သူအား Police Tero အသင်းသို့ အသီးသီးအငှားဖြင့် သွားရောက် ကစားစေခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုလုံး နိုဝင်ဘာ ၂၄

ယမန်နေ့ညက ကစားခဲ့သည့် ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်၌ အာဆင်နယ်အသင်းသည် ယခုရာသီဘွန်ဒက်စ်လီဂါ၌ နိုင်ပွဲတစ်ပွဲမျှမရသေးဘဲ အမှတ်ပေးဇယား အောက်ဆုံးနေရာ၌ ရပ်တည်နေသော ကိုလုံးအသင်းကို ပွဲချိန် ဒုတိယပိုင်းတွင် ပေးလိုက်ရသော ပယ်နယ်တီဂိုးကြောင့်ရှုံးနိမ့်ရပြီးနောက် အာဆင်နယ်နည်းပြ ဝင်းဂါးက မပေးသင့်သော ပယ်နယ်တီဂိုးကြောင့် ရှုံးနိမ့်ရသည်ဟု တုံ့ပြန်ခဲ့သည်။

ထိုပွဲတွင် ကိုလုံးအသင်းကစားသမား ဂိုင်ရက်ဆီကို အာဆင်နယ်အသင်းမှ ဒီဘူချီက ပြစ်ဒဏ်ကျူးလွန်မိရာ အနည်းငယ် ထိမိသွားခြင်းသာဖြစ်သော်လည်း ကွင်းလယ်ဒိုင် ဘက်ဇ်ဘော်ရိုဒေါဗ်ကပယ်နယ်တီပေးခဲ့၍ အာဆင်နယ် အသင်း ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အာဆင်နယ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်လည်း အသာစီးရခဲ့သည့် အနေအထားမှ တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ဥရောပအဝေးကွင်းပွဲများတွင် ပထမဆုံးအကြိမ် ဂိုးမသွင်းနိုင်သည့်အဖြစ်နှင့် ကြုံခဲ့ရသည်။ ဝင်းဂါးက ''ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုလည်း အများကြီးအသာ ရခဲ့တယ်။ တစ်ဂိုးအကန်ခံရရုံနဲ့ ဒီပွဲရှုံးသွားရတာပါ။ ဒီဂိုးကလည်း တော်တော်လေး သပ်ရပ်စွာ ပေးလိုက်ရတဲ့ ပယ်နယ်တီဂိုးပါ။ အရိုးသားဆုံးပြောရရင် ဒီဖြစ်စဉ်က လုံးဝပယ်နယ်တီမပေးသင့်ပါဘူး။ ကျွန်တော်တို့ အသင်းကွင်းရဲ့ ရှေ့တန်းသုံးပုံတစ်ပုံ ဧရိယာအတွင်းတိကျတဲ့ပေးပို့မှုတွေ ပိုလုပ်နိုင်ခဲ့သင့်တယ်။ ရတဲ့အခွင့် အရေးတွေကိုလည်း အသုံးချရာမှာ ပိုပြီးတိကျသေချာစေဖို့ လိုပါတယ်။ ကိုလုံးအသင်း ကစားသွားတဲ့ ခံစစ်ကစားပုံနဲ့ အသင်းစိတ်ဓာတ်ပိုင်းကိုတော့ ချီးကျူးရမှာပါ။ ခြုံပြီးပြောရရင် သူတို့အသင်းပရိသတ်တွေ အားပေးသွားတာက အဓိက ကျခဲ့ပါတယ်။ ကိုယ်တွေက အခွင့်အရေးအသုံးချမှုအပိုင်းမှာ လိုအပ်ချက်တွေ၊ အားနည်းချက် တွေရှိနေခဲ့လို့ ရှုံးနိမ့်ရတာပါ'' ဟု တုံ့ပြန်ခဲ့သည်။

အာဆင်နယ်အသင်းသည် ကိုလုံးအသင်းနှင့်ပွဲတွင် ဂိုးရနိုင်စေရန် အနီးစပ်ဆုံးအဖြစ် ကိုကွီလင်ကန်ချက် တိုင်ထိထွက်ခဲ့ခြင်းသာရှိပြီး တခြားသော အပိုင်အခွင့်အရေးမျိုး မရခဲ့ပေ။ သို့သော် ဝင်းဂါးက မိမိကစားသမားများ၏ ဦးတည်ချက်နှင့် စိတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်သည့်အနေအထားတွင် ရှိနေခဲ့သည်ဟု ဆိုခဲ့သည်။ အာဆင်နယ်သည် ထိုပွဲတွင် ရှုံးနိမ့်သော်လည်း ဘိုရီဆော့ဗ်နှင့် နောက်ဆုံးပွဲအဖြစ် အိမ်ကွင်းတွင် ကစားရန်ကျန်နေသေးချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လေးမှတ်ဖြတ်ထားနိုင်၍ အုပ်စုဗိုလ်အဖြစ်နှင့် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အုပ်စုဗိုလ်ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး မီဒီယာများကမေးမြန်းခြင်းကို ဝင်းဂါးက ပွဲကုန်မကစားရသေး၍ ပေးရန်အဖြေမရှိဟု တုံ့ပြန်ခဲ့သည်။ ကိုလုံးအသင်းမှာ ထိုပွဲအနိုင်ကြောင့် အုပ်စုဒုတိယနေရာမှ ဇဗီးဇဒါးအသင်းနှင့် ခြောက်မှတ်ချင်းတူကာ မျှော်လင့်ချက် ရှင်သန်လာခဲ့သည်။

Page 992 of 1150