SJ WorldNews - шаблон joomla Авто

ခြင်များပေါက်ဖွားမှုကို မကြာမီထိန်းချုပ်နိုင်တော့မည်

Thursday, 10 January 2019 09:31 font size decrease font size decrease font size increase font size increase font size

ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်၊ ငန်းဖျားရောဂါ အစရှိသည့် ခြင်ကြောင့် ဖြစ်သော ရောဂါများကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်းသိန်းနှင့်ချီ သေဆုံးနေရသည်။ ထို့ ကြောင့် အဆိုပါ ရောဂါပိုးများ ပျံ့နှံ့မှုကို လျှော့ချနိုင်ရန်အတွက် သိပ္ပံပညာရှင်များက အမျိုးမျိုး တီထွင်ကြံဆ ခဲ့သည်။ ထိုကဲ့သို့သော တီထွင်ကြံဆမှုများ အနက်တစ်ခုမှာ ခြင်ပေါက်ဖွားမှုကို ထိန်းချုပ်ခြင်း ဖြစ်သည်။

အဆိုပါ နည်းလမ်းကို အကောင်အထည် ဖော်နေသူများက အမေရိကန် သိပ္ပံပညာရှင်များ ဖြစ်သည်။ ယခုအခါ ခြင်ပေါက်ဖွားမှုကို ထိန်းချုပ်နိုင်မည့် ဆေးဝါး ပေါ်ထွက်လာရေး အတွက် အရေးကြီးသော အဆင့်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

သိပ္ပံပညာရှင်များ လုပ်ဆောင်နိုင်ခဲ့သည်ဆိုသော အဆင့်မှာ ခြင်မများ သားပေါက်ရန်အတွက် မရှိမဖြစ်လိုအပ်သော တစ်မူထူးခြားသည့် ပရိုတိန်းကို ရှာဖွေတွေ့ရှိခြင်း ပင်ဖြစ်သည်။

သိပ္ပံပညာရှင်များသည် အဆိုပါ ပရိုတိန်းထွက်ရှိမှုကို တားမြစ်လိုက်သည့်အခါ ခြင်မများက ပြည့်စုံမှုမရှိသည့် ဥများကို ဥချလိုက်သည့် အတွက် သားလောင်းများမှာ ဥအတွင်း ၌ပင် သေဆုံးသွားသည်။ ထိုသို့သော နည်းဖြင့် ပျားများကဲ့သို့ အကျိုးပြု အင်းဆက်များ အတွက် အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေဘဲ ခြင်ပေါက်ဖွားမှုကို တစ်ဖက်တစ်လမ်းမှ ထိန်း ချုပ်နိုင်မည် ဖြစ်သည်။

ထို့ပြင် ခြင်များသည် ဂေဟစနစ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေခြင်းကြောင့် ခြင်များ အားလုံး ကိုမသတ်ဘဲ ပေါက်ဖွားမှုကို ထိန်းချုပ်ခြင်းက ပိုမိုထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်ဟု မှတ်ယူနိုင်သည်။

'' အခုတွေ့ရှိမှုက အရေးကြီးတဲ့ တွေ့ရှိမှုဖြစ်ပါတယ်။ ဒီလိုတွေ့ရှိမှုကပဲ ကျွန်တော်တို့အတွက် တွန်းအားတွေ ဖြစ်စေပါတယ်။ အခုနည်းလမ်းက တခြားနည်းလမ်းတွေ ထက်စာရင် ပိုမိုစိတ်ချ ရမှုနဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းဖြစ်ပါတယ်'' ဟု အရီဇိုးနား တက္ကသိုလ်မှ ဓာတုဗေဒနှင့် ဇီဝဓာတု ဗေဒဌာနမှူး ဒေါက်တာ ရော်ဂျာမီးစဖဲ့ ကပြောသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)၏ သတ်မှတ်ချက်အရ ခြင်များသည် လူသေဆုံးမှု အများဆုံးဖြစ်စေသော သတ္တဝါများတွင် တစ်မျိုး အပါအဝင် ဖြစ်သည်ကို တွေ့ရသည်။

ခြင်ကြောင့် လူအသေအပျောက် အများဆုံး ဖြစ်ရသည့်ရောဂါမှာ ငှက်ဖျား ရောဂါပင်ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လူ ၂၁၆ သန်းဝန်းကျင်သည် ငှက်ဖျားရောဂါ ပိုးကူးစက်မှုခံရပြီး ၄၄၅ဝဝဝ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အာဖရိကဒေသရှိ ကလေးငယ်များ ဖြစ်သည်။

ထို့ပြင် ဇီကာ၊ ငန်းဖျား၊ ဝက်စနိုင်းဗိုင်းရပ်နှင့် သွေးလွန်တုပ်ကွေး ရောဂါတို့သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရောဂါဖြစ်ပွားမှုနှုန်း အဆ ၃၀ အထိ မြင့်တက်လာသည်ဟု WHO က ထုတ်ပြန်ထားသည်။

Ref: Reuters

Read 217 times Last modified on Thursday, 10 January 2019 09:33