SJ WorldNews - шаблон joomla Авто

ကမ္ဘာကို ပြောင်းလဲစေခဲ့သော ရှေးဦး တီထွင်မှုများ(၂)

Sunday, 13 January 2019 12:26 font size decrease font size decrease font size increase font size increase font size

(၃) မော်တော်ကား

မော်တော်ကားကို စတင်တီထွင်သူနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လာသော်လည်း တစ်ကမ္ဘာလုံးက လက်ခံထားသည့် မော်တော်ကား တီထွင်သူမှာ ဂျာမနီနိုင်ငံသား ကားဘန့်(ဇ်)ဖြစ်ပြီး ၁၈၈၆ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂ဝ ရာစု အစောပိုင်း ကာလမတိုင်မီ အချိန်အထိ မော်တော်ကားများကို တွင်ကျယ်စွာ အသုံးမပြုနိုင်ခဲ့ပေ။ ယခုလက်ရှိ နာမည်ကျော်ကားကုမ္ပဏီ ဖြစ်သော  ဖို့(ဒ်)ကား ကုမ္ပဏီကို တည်ထောင်သူ  ဟင်နရီဖို့(ဒ်)က မော်တော်ကားများကို အမြောက်အမြား စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

မော်တော်ကားကို စတင်တီထွင်နိုင်မှုသည် ကမ္ဘာတစ်ဝန်း၌ ဆင့်ကဲပြောင်းလဲ တိုးတက် မှုများကို ဖြစ်ပေါ်စေခဲ့သည်။ မော်တော်ကား စက်ရုံများ ပေါ်ပေါက် လာမှုကြောင့် အလုပ်အကိုင် နေရာထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ထို့ပြင် ရေနံနှင့် သံမဏိ လုပ်ငန်းများကိုလည်း ခိုင်မာသည့် စက်မှုလုပ်ငန်းများ အဖြစ်သို့ ရောက်ရှိစေခဲ့သည်။

ထို့ပြင် မော်တော်ကား ထုတ်လုပ်နိုင်မှုနှင့် ရောင်းချရမှုများသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးကို အဓိကညွှန်ပြသည့် အရာများ ဖြစ်လာသည်။

(၄) ရေနွေးငွေ့အင်ဂျင်

လက်တွေ့ အသုံးပြု နိုင်သည့် ပထမဆုံး ရေနွေးငွေ့ အင်ဂျင်ကို သောမတ်ဆေ့ဗရီက ၁၆၉၈ ခုနှစ်တွင် မူပိုင်ခွင့် မှတ်ပုံတင် ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တီထွင်နိုင်မှုသည် အလွန်တရာ ကြီးမားသည့် တီထွင်မှု ဖြစ်သကဲ့သို့ သောမတ်ဆေ့ဗရီသည်လည်း ကမ္ဘာကို ပြောင်းလဲစေခဲ့သော လူပုဂ္ဂိုလ်များအနက် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။

၁၇၈၁ ခုနှစ်တွင် ဂျိမ်းစဝက်ဆိုသူက အဆင့်မြှင့်တင်ထားသော ရေနွေးငွေ့ အင်ဂျင်ကို မူပိုင်ခွင့် မှတ်ပုံတင် ခဲ့သည်။ အဆိုပါ ရေနွေးငွေ့ အင်ဂျင်သည် စက်မှုတော်လှန်ရေး ခေတ်အတွင်း လူသားတို့၏ သမိုင်း၌ အလွန် အရေးပါသော နည်းပညာတစ်ခု ဖြစ်လာစေသည်။

၁၈ဝဝ ပြည့် လွန်နှစ်များတွင် ထိုရေနွေးငွေ့ အင်ဂျင်များက သယ်ယူ ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်စေမှုအတွက် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

နောက်ပိုင်းတွင် ရေနွေးငွေ့အင်ဂျင်ကိုအခြေခံ၍ အတွင်းပိုင်း လောင်ကျွမ်းမှု ရှိသော အင်ဂျင်များကဲ့သို့ တိုးတက်မှု ရှိသောတီထွင်မှုများဖြစ်ပေါ်လာသည်။ ထိုတီထွင်မှုများက ၂ဝ ရာစုတွင် ကားများနှင့် လေယာဉ်များကို ပိုမို ထုတ်လုပ် နိုင်စေခြင်းဖြစ်သည်။

(၅) လေယာဉ်

လေယာဉ်ကိုတီထွင်သူနှစ်ဦးမှာ ဝေဘာရိုက်နှင့် အော်ဗေရိုက်တို့ဖြစ်ပြီး ၁၉ဝ၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ပထမဆုံးစွမ်းအင်ပေးနိုင်သော၊ တည်ငြိမ်မှုရှိသောနှင့် ထိန်းချုပ်နိုင်သော လေယာဉ်ကို တီထွင် နိုင်ခဲ့ခြင်းဖြစ်သည်။ရိုက်ညီနောင်သည် ဒါဗင်ချီ၏ ပန်းချီကားထဲတွင် ပါဝင်သော ယာဉ်ပျံများကို စိတ်ကူးယဉ်ပြီး ဂလိုက်ဒါများကို အခြေခံ၍ လေယာဉ်ကို တီထွင်ခဲ့ခြင်း ဖြစ်သည့်အပြင် ခေတ်သစ် လေယာဉ်ပညာနှင့် ပတ်သက်သော အင်ဂျင်နီယာ ဘာသာရပ်ကိုလည်း အခြေ တည်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လေယာဉ်ကို တီထွင်နိုင်ခြင်းက နောက်ပိုင်းတွင် ခရီးသည်တင် လေယာဉ်များမှသည် တိုက်လေယာဉ်များ အပြင် မောင်းသူမဲ့လေယာဉ်များ ကိုပါ တီထွင် ထုတ်လုပ်နိုင်ခဲ့သည် အထိ အဆင့်ဆင့် တိုးတက်လာခြင်းဖြစ်သည်။                                                      

Ref:IE

Read 336 times