SJ WorldNews - шаблон joomla Авто

လူသားတစ်သျှူးများဖြင့် ပထမဆုံး ဖန်တီးထားသည့် နှလုံးသား

Saturday, 20 April 2019 10:15 font size decrease font size decrease font size increase font size increase font size

ယနေ့ဖွံ့ဖြိုးတိုးတက်နေပါသည်ဆိုသော ကမ္ဘာကြီးတွင် ရုတ်တရက်နှလုံးခုန်ရပ်ခြင်းက လူသေဆုံးမှုများ ဖြစ်ရသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုအဖြစ် ရှိနေသေးသည်။ နှလုံးအစားထိုး ကုသရာတွင် အဆင့်မြင့်သည့် အမျိုးမျိုးသော လုပ်ငန်းစဉ်များကို သိပ္ပံပညာရှင်များက ပိုင်ဆိုင်ထားသော်လည်း ကုသမှုခံယူမည့် လူနာအတွက် မရှိမဖြစ်လိုအပ်ချက် နှစ်ခုရှိနေဆဲဖြစ်သည်။  ထိုနှစ်ခုမှာ  လူနာအတွက် သင့်လျော်သည့် နှလုံးအလှူရှင် ရှာဖွေရာတွင် ခက်ခဲမှုရှိခြင်းနှင့် အကယ်၍သင့်လျော်သော နှလုံးကိုရရှိသော်လည်း လူနာ၏ကိုယ်ခံအား စနစ်က  အသစ်ဝင်လာသော နှလုံးကို အလွယ်တကူ လက်ခံနိုင်မှု မရှိခြင်းတို့ဖြစ်သည်။

ထိုသို့သော အခက်အခဲများကိုဖြေရှင်းနိုင်မည့် နည်းလမ်းကို သိပ္ပံပညာရှင်များက ယခုအခါ တွေ့ရှိသွားပြီဖြစ်သည်။ ထိုနည်းလမ်းမှာ တခြားမဟုတ်။ လူနာရှင်၏တစ်သျှူးကို အသုံးပြုပြီး သရီးဒီပရင်တာဖြင့် လူ့နှလုံးကို ဖန်တီးနိုင်ခြင်းဖြစ်သည်။ ယခင်က နှလုံးအတု အမျိုးမျိုးကို  ထုတ်လုပ်ခဲ့သည်။ သို့သော် ကလာပ်စည်းများ၊ သွေးကြောများ၊ နှလုံးသွေးပြန်ထုတ်လွှတ်ရာ အောက်ပိုင်းခန်းမများနှင့် အကန့်များ ပါဝင်သည့် ပြီးပြည့်စုံသော နှလုံးတစ်ခုကို ဖန်တီးနိုင်ခြင်းမှာ ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်။    ထိုကဲ့သို့ ပထမဆုံးသောနှလုံးကို ဖန်တီးနိုင်သူများက တဲအဗစ်တက္ကသိုလ်မှ ဒေါက်တာတယ်ဗီယာ ဦးဆောင်သော  သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ထိုအဖွဲ့က  ဖန်တီးထားသောနှလုံးတွင် အရိုးနုနှင့်  ပင်မသွေးလွှတ်ကြော အဆို့ရှင် တစ်သျှူးများလည်း ပါဝင်သည်။သို့သော် ထိုနှလုံးက အမှန်တကယ် အလုပ်လုပ်နိုင်ခြင်း ရှိ၊မရှိကို သိပ္ပံပညာရှင်များက မစမ်းသပ် ရသေးသော် လည်း   သုတေသနပြုမှုများကို ဆက်လက် လုပ်ဆောင်သွားဦးမည်ဖြစ်သည်။ ထို့ကြောင့် လူနာ၏ တစ်သျှူးကို အသုံးပြုပြီး သရီးဒီပရင်တာဖြင့် ဖန်တီးထားသော နှလုံးကို  အချိန်အတိုင်းအတာ တစ်ခုအထိ  အသုံးပြုခွင့်ရဦးမည် မဟုတ်သေးပေ။ လာမည့်နှစ်များအတွင်း ထိုကဲ့သို့နှလုံးကို ဖန်တီးပြီး ကြွက်များတွင် ဦးစွာစမ်းသပ်သွားမည်ဖြစ်သည်။

ထို့ကြောင့်  ယနေ့အချိန်အခါသည် နောင်တစ်ချိန်တွင်   ဓာတ်ခွဲခန်းများ၌  လူများ၏ ဦးနှောက်များကိုပင် ဖန်တီးလာနိုင်မည် ဟုတ်၊ မဟုတ်ကို မည်သူမျှ အတိအကျ မပြောနိုင်တော့သော အခြေအနေသို့  ရောက်ရှိလာနေပြီဖြစ်သည်။

Read 216 times Last modified on Saturday, 20 April 2019 10:16