SJ WorldNews - шаблон joomla Авто

တရုတ်က ပြန်လည် အသုံးပြုနိုင်သော အာကာသသွား လေယာဉ်ကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင် ပျံသန်းမည်

Saturday, 11 November 2017 10:27 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် အနာဂတ်တွင်ပြန်လည် အသုံးပြုနိုင်သော အာကာသသွား လေယာဉ် ကို ၂ဝ၂ဝ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် အဖြစ် လွှတ်တင်နိုင်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါအာကာသသွား လေယာဉ်သည် များပြားလေးလံလှသော ကုန်ပစ္စည်းများကို သယ်ဆောင်၍ အာကာသအတွင်းသို့ အကြိမ် ၂ဝ ကျော် ပျံသန်းနိုင်မည်ဖြစ်သည့်အပြင် နေ့စဉ်ပျံသန်းမှုများကိုပင်  လုပ်ဆောင်နိုင် မည်ဖြစ်သည်။

အခြားသောအာကာသယာဉ်များနှင့် မတူသည့်အချက်မှာ အဆိုပါယာဉ်တွင် အတောင်ပံများ ပါဝင်သည့်အပြင် သမားရိုးကျလေယာဉ်များကဲ့သို့ ပုံမှန်ပြေးလမ်းမှတစ်ဆင့် ပျံတက် နိုင်ခြင်းဖြစ်သည်။

ထွက်ပေါ်လာသည့်  ထုတ်ပြန်ချက်များအရ ယင်းအာကာသသွား လေယာဉ်သည် သာမန်လေယာဉ်တစ်စင်းကဲ့သို့ ပျံတက်ပြီးနောက် ကမ္ဘာ့လေထုအတွင်း အမြင့်ဆုံးနေရာသို့ ရောက်ရှိသည့်အခါ ရမ်ဂျက်စနစ်အင်ဂျင်၏  တွန်းကန်မှုဖြင့်  ဆက်လက်ပျံသန်း သွားမည်ဖြစ်သည်။

ထို့နောက် ကမ္ဘာ့လေထုအတွင်းမှ ထွက်ခွာရန်နှင့်   ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရန်အတွက်  ဒုံးပျံမော်တာများကို အသုံးပြုမည် ဖြစ်သည်။၎င်း၏ အတောင်ပံများမှာမူ အလျား လိုက် ပြန်လည်ဆင်းသက်ရာတွင် အကူအညီ ရရှိစေမည်ဖြစ်သည်။ ထို့ပြင် ယင်းလေယာဉ်ကို  နောက်တစ်ကြိမ် အသုံးပြုရန်အတွက် ၎င်း၏အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရာတွင်လည်း အချိန်ကုန်အလွန်အမင်း သက်သာစေမည်ဟု  တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ကပြောထားသည်။

အဆိုပါအာကာသသွား လေယာဉ်သည် ၎င်း၏ ပထမအဆင့်နှင့် ဒုတိယအဆင့်တို့ကို တစ်ပြိုင်နက်တည်း  ပေါင်းစပ်အသုံးပြုမည်ဖြစ်ပြီး ယင်းအဆင့်နှစ်ခု စလုံးမှာလည်းပြန် လည်အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအချက်သည် အမေရိကန်၏ ပြန်လည်အသုံးပြုနိုင်သော Space X  Falcon  9 ဒုံးပျံနှင့်ခြားနားချက်ဖြစ်သည်။ အဆိုပါဒုံးပျံတွင် အဆင့်နှစ် ဆင့်ပါဝင်သော်လည်း တစ်ဆင့်ပြီးတစ်ဆင့် အလုပ်လုပ်ခြင်းဖြစ်ကာ  ပထမတစ်ဆင့်ကိုသာ ပြန်လည်အသုံးပြုနိုင်သည်။

ယင်းအာကာသသွား လေယာဉ်ကိုအသုံးပြုခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေး ဒုံးပျံ အသစ်အသုံးပြုခြင်းကြောင့်  ကုန်ကျသည့် ကုန်ကျစရိတ် ၈ဝ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်သည့် အပြင် နောင်တွင် ၉ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဟု CASC ကဆိုသည်။

ထိုသို့အာကာသသွားလေယာဉ်ကို အသုံးပြုကာ အာကာသယာဉ်မှူးများနှင့် ကုန်ပစ္စည်းများကို အာကာသစခန်းသို့ ပို့ဆောင်နိုင်သည်သာမက  စစ်ဘက်နှင့် အရပ်ဘက် ရည်မှန်း ချက်များအပြင် အာကာသခရီးသွားလာမှု အနေဖြင့်ပါ အသုံးပြုလာနိုင်မည်ဖြစ်သည်။

Read 10 times Last modified on Saturday, 11 November 2017 10:27