SJ WorldNews - шаблон joomla Авто

ဘယ်သူမှ သတိမထား မိလိုက်တဲ့ ဂျပန်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးမှု

Tuesday, 06 November 2018 09:59 Written by  font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံက  လူနေထိုင်ခြင်း မရှိတဲ့ ကျွန်းစု အမြောက်အမြားကို ပိုင်ဆိုင်ထားတဲ့  နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ ကျွန်းစု တွေထဲကမှ ၁၅၈ ကျွန်းကို ၂ဝ၁၄ ခုနှစ်ကမှ နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တော့ အဲဒီကျွန်းစုတွေအနီးမှာ ရှိတဲ့ရေပိုင်နက်ကို ဂျပန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်အဖြစ် ဆက်လက် သေချာစေဖို့ အတွက်ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အဲဒီကျွန်းစုတွေ ထဲက တစ်ကျွန်းက ပျောက်ချင်းမလှပျောက် ဆုံးနေပါတယ်။ ဒီလို ပျောက်ဆုံး နေတာကို ဘယ်သူကမှ သတိမထားမိဘဲ Asahi Shimbun သတင်းစာက အခုသီတင်းပတ်အတွင်း ဖော်ပြမှ သာ သိရှိလာတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကျွန်းရဲ့နာမည်ကတော့ အီဆန်ဘီဟန် နာကီတာ ကိုဂျီးမားဖြစ်ပါတယ်။

ဒီကျွန်းက ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိကျေးရွာ တစ်ရွာဖြစ်တဲ့ ဆာရူဖုဆူ ကျေးရွာကနေ မီတာ ၅ဝဝ ခန့်အကွာမှာရှိ ပါတယ်။ အဲဒီကျွန်းကို ရှာဖွေဖို့အတွက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က စီစဉ်နေပါတယ်။ ဟီရိုရှီရှီမီဇု ဆိုတဲ့ အမျိုးသားက ဂျပန်ကျွန်းစုတွေနဲ့ ပတ်သက်ပြီး  ဓာတ်ပုံ စာအုပ် ထုတ်လုပ်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူကပဲ  အခုကျွန်း ပျောက်ဆုံးမှုကို သတင်းပေးခဲ့တာ ဖြစ်ပါတယ်။  သူဟာ  သူ့ရဲ့ဓာတ်ပုံစာအုပ် နောက်ဆက်တွဲအတွက်   အီဆန် ဘီဟန် နာကီတာ ကိုဂျီးမားကျွန်းကို သွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျွန်းကို သူရှာလို့မတွေ့ ခဲ့ပါဘူး။

ဒီသတင်းဟာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ ထံကို တစ်မုဟုတ်ချင်း ရောက်ရှိသွားပါတယ်။ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ရဲ့ ၁၉၈၇ ခုနှစ် တိုင်းတာချက်အရ အီဆန် ဘီဟန်နာကီတာ ကျွန်းဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့အထက် ၄ ပေခွဲမှာ တည်ရှိနေတာ တွေ့ရပါတယ်။ အခုအခါမှာတော့ လုံးဝ ပျောက်ကွယ်သွားတဲ့ အနေအထားဖြစ်ပြီး မြင်တွေ့ ရခြင်းပင် မရှိတော့ပါဘူး။

''ဒီလိုအဖြစ်အပျက်က ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လေတိုက်စားမှုနဲ့ နှင်းတိုက်စားမှု တို့ကြောင့် ကျွန်းက ပျောက် ကွယ်သွားတာဖြစ်နိုင်ပါတယ်'' လို့ ကမ်းခြေ စောင့်တပ်ဖွဲ့ အကြီးတန်းအရာရှိ တစ်ဦးဖြစ်တဲ့ တိုမိုအိုးဖူ ဂျီးက Asahi Shimbun သတင်းစာ ကိုပြောပါတယ်။

ဒီကျွန်းဟာ ရေတိုက်စားမှုကြောင့် ပျောက်ကွယ် သွားနိုင်တာဖြစ်ပေမယ့်လည်း ဘယ်လို အချိန်မှာ  ဘယ်လိုနည်းနဲ့ ပျောက်ဆုံးသွား တယ်ဆိုတာကို သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ အခုပျောက်ဆုံးသွားတဲ့ ကျွန်းဟာဆိုရင်  ရုရှားနဲ့ ဂျပန်တို့ ပိုင်နက် အငြင်းပွားနေတဲ့  ကူရိုင်းကျွန်းစုများ အနီးမှာ ရှိပါတယ်။

ဒါ့ပြင် ဒီလိုကျွန်းစု ပျောက်ဆုံးမှုဟာ တိုင်းတာမှုတွေကို အတိအကျလုပ်မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်ကို အနည်းငယ် ဆုံးရှုံးစေ မှာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက AFPသတင်းဌာနကိုပြောပါ တယ်။

ဂျပန်နိုင်ငံဟာ ဒီလိုသေးငယ်လှတဲ့ ကျွန်းကို သူတို့ပိုင်အဖြစ် သတ်မှတ်တာဟာ သူတို့ ရဲ့အထူးစီးပွားရေး ဇုန်နယ် နိမိတ်ကို တိုးချဲ့ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေ အရကြည့်မယ်ဆိုရင်  ကျွန်းတစ်ကျွန်းဟာ ပင်လယ်ရေ မျက်နှာပြင်အထက်မှာ ပေါ်နေ မှသာ ထိုကျွန်းကို နိုင်ငံတစ်နိုင်ငံရဲ့ပိုင်နက် အဖြစ် အသိအမှတ်ပြုပြီး နာမည်ပေးလို့ ရမှာ ဖြစ်ပါတယ်။

ကျွန်းများအခုလို ပျောက်ဆုံးမှုဟာဆိုရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂ဝ၁၆ ခုနှစ်ထုတ် သဘာဝ ပတ်ဝန်းကျင် သုတေသနစာတမ်းမှာဆိုရင် ပစိဖိတ်သမုဒ္ဒရာရဲ့ ဆော်လမွန်ကျွန်းစုမှာ ရှိတဲ့ ကျောက်တန်း ကျွန်းစွယ်ငါးခုဟာ ၁၉၄၇ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အတွင်းပျောက်ဆုံး သွားတယ်လို့ဖော်ပြထား ပါတယ်။

ဒီလေ့လာမှုမှာဖော်ပြထားချက်အရဆိုရင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ပစိဖိတ် အလယ်ပိုင်းမှာ ကျွန်းများတိုက်စားခံ ရတယ်ဆိုပေမယ့်လည်း ပစိဖိတ်အနောက် ပိုင်းမှာဆိုရင် သာမန်ထက်ထူးကဲတဲ့ဖြစ်စဉ် များ၊ ပင်လယ်ကမ်းခြေရေကာတာများနဲ့

မသင့်လျော်တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာဆို ရင် အဲဒီဒေသတွင်းမှာရှိတဲ့ ကမ်းရိုးတန်းတွေ ပြောင်းလဲသွားရတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရေပိုင်နက်အငြင်းပွားမှုကို ရှောင်ရှားနိုင်စေ ဖို့အတွက် ကျွန်းစုတွေကို သူတို့ပိုင်ဆိုင်တယ် ဆိုတာပြဖို့ လုပ်ငန်းအများအပြားကို ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ အိုကီနိုတိုရီ ရှီမာလို့ အမည်ပေးထားတဲ့ စောင့်ကြည့်ရေး မျှော်စင်ကို ပစိဖိတ်ကျွန်းပေါ်မှာတည်ဆောက် သွားဖို့အတွက် အမေရိကန် ဒေါ်လာ ၁ဝ၇ သန်းအသုံးပြုသွားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့လည်း ငလျင်လှုပ်မှုများနဲ့ဆိုးရွား တဲ့ရာသီဥတု အခြေအနေများကြောင့် ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်ဟာ မကြာခဏ ပြောင်းလဲ နေပါတယ်။ ဥပမာအားဖြင့် ၂ဝ၁၅ ခုနှစ်မှာ ဆိုရင် မီတာ ၃ဝဝ အရှည်ရှိတဲ့ မြေပြင်တစ်ခုဟာ ပင်လယ်ထဲ ကနေ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီမြေပြင်ကို ဟော့ကိုင်းဒိုး ကမ်းရိုးတန်း အစိတ်အပိုင်းထဲမှာ ထပ်မံ ထည့်သွင်း ခဲ့ရပါတယ်။

သို့သော်  အခုလို  ဂျပန်နိုင်ငံပိုင် ကျွန်းတစ်ကျွန်း ပျောက်ဆုံးမှုဟာ ဆိုရင် အဲဒီနိုင်ငံအတွက် ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်း ကို  အလိုအလျောက်ဆုံးရှုံးသွားတဲ့ပုံစံမျိုး  ဖြစ်နေပါတော့တယ်။

ဆောင်းပါးရှင်-ထက်မြက်

......................

Read 79 times
Rate this item
(0 votes)
Last modified on Tuesday, 06 November 2018 10:00

Latest from စကားဝါ