SJ WorldNews - шаблон joomla Авто

ယီမင်စစ်ပွဲ ရပ်စေချင်သည့် အမေရိကန် ဆော်ဒီကို လက်နက်ရောင်းချမှု ရပ်တန့်တော့မှာလား

Wednesday, 07 November 2018 11:40 Written by  font size decrease font size decrease font size increase font size increase font size

ယီမင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကိုချက်ချင်းရပ်တန့်ဖို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးက တောင်းဆိုလိုက်ပါတယ်။ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်းများစွာ ဒုက္ခရောက်နေရချိန်မှာ ဒီလိုတောင်းဆိုမှုက အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘယ်တုန်းကမှ မတောင်းဆိုဖူးတဲ့ တောင်းဆိုမှု တစ်ခုလည်း ဖြစ်ပါတယ်။ ယီမင်စစ်ပွဲကြောင့် လူ ၁၄ သန်းနီးပါး ဆိုးရွားတဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ''ယီမင်နိုင်ငံအတွင်းမှာရှိတဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရမှာဖြစ်ပါတယ်'' လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကမကြာသေးခင်က ပြောထားပါတယ်။ အဲဒီတစ်နေ့တည်းမှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က ဒီစစ်ပွဲအတွင်းမှာ ပါဝင်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲဖို့အတွက် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေ စလှမ်းဖို့နဲ့ လာမယ့်ရက်ပေါင်း ၃ဝ အတွင်း တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့ပြင် ဆော်ဒီအာရေဗျက အမေရိကန်ပြည်ထောင်စုရဲ့ စစ်လက်နက်ပစ္စည်းတွေကို တလွဲအသုံးပြုနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ယီမင်နိုင်ငံက ကလေးငယ်တွေကို တင်ဆောင်သွားတဲ့ ကျောင်းကား တစ်စီးကို ဆော်ဒီဦးဆောင် တဲ့ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်တာကို ထရမ့်က ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

ဒီလိုပြောဆိုမှုတွေနဲ့ တောင်းဆိုမှုတွေက ထရမ့်အစိုးရက အီရန်ထောက်ပံ့ခံ ဟူသီသူပုန်တွေကို အပြင်းအထန်တိုက်ခိုက်နေတဲ့ ဆော်ဒီအာရေဗျအပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံလာနိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ ၂ဝ၁၅ ခုနှစ်ကတည်းက ဖြစ်ပွားနေတဲ့ ယီမင်စစ်ပွဲအတွင်း သေဆုံးသူ စုစုပေါင်း တစ်သောင်းကျော်သွားပြီဖြစ်ပါတယ်။ ဒီစစ်ပွဲမှာပါဝင်တဲ့ အဖွဲ့တွေအားလုံး အနေနဲ့လည်း နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံနေရပါတယ်။ အမေရိကန်ပြည်ထောင်စုက ဆော်ဒီ အာရေဗျနဲ့ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမှု ကနေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီနိုင်ငံတွေရဲ့တိုက်လေ ယာဉ်တွေကို ဝေဟင်ပေါ်မှာ ဆီဖြည့်ပေးခြင်း၊ လေ့ကျင့်ပေးခြင်းနဲ့ ထောက် လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေတာတွေကိုလည်း လုပ်ဆောင် နေပါတယ်။

ဒီတော့ ဆော်ဒီအာရေဗျရဲ့ခြေလှမ်းတွေကိုရပ်တန့်ဖို့ ဒါမှမဟုတ် ပြောင်းလဲ ဖို့ဆိုရင်ဆော်ဒီကို လက်နက်တင်ပို့နေမှု ရပ်တန့်ရမှာဖြစ်တယ်လို့ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့မှ ယီမင်သုတေသန ပညာရှင်ခရစ္စတင်းဘက် ကားကပြောပါတယ်။ ''ပြီးခဲ့တဲ့ သုံးနှစ်ခွဲကာလအတွင်း များပြားလှတဲ့ ဆူပူအကြမ်းဖက် တိုက်ခိုက်မှုတွေကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဒါကြောင့် ပွန်ပီယိုနဲ့ ဂျိမ်းမက်တစ်တို့ တကယ်ပြောရမှာက ဒီတိုက်ခိုက်မှုတွေကို မရပ်မချင်း စစ် လက်နက်ပစ္စည်း ထောက်ပံ့မှုကို ရပ်ဆိုင်းထားမယ်လို့ ပြောရမှာဖြစ်ပါတယ်'' လို့ ခရစ္စတင်းဘက်ကားက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗျကို ၂ဝဝ၉ ခုနှစ်မှာ စစ်လက်နက်ပစ္စည်း ရောင်းချမှုပမာဏက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံသာရှိရာမှ ပြီးခဲ့တဲ့နှစ်မှာတော့ ၅ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိလာပါတယ်။ အဲဒီကာလအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၇၉ ဘီလီယံတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရောင်းချပေးဖို့လည်း အမေရိကန်အစိုးရက သဘောတူထားပါသေးတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့သမ္မတသက်တမ်းမှာ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျကို သွားခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ဒေါ်လာ ၁၁ဝ ဘီလီယံ ရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ချက်ချင်းရောင်းချပေးမယ်ဆိုပြီး ကြေညာ ခဲ့ပါတယ်။ နောက်ထပ် ၃၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကိုလည်း လာမယ့်၁ဝ နှစ်အတွင်းမှာ ရောင်းချပေးမယ်ဆိုပြီး သဘောတူခဲ့ပါတယ်။ အမေရိကန်သမ္မတ တစ်ဦးအနေနဲ့ ဆော်ဒီအာရေဗျကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးတာက နှစ်နိုင်ငံကြား ဆက်ဆံရေးအရ အရေးကြီးမှုကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆော်ဒီအာရေဗျကို ရောင်းချပေးနေတဲ့ စစ်လက်နက်ပစ္စည်းတွေက ဘယ်လောက်ပမာဏအထိ ရောက်ရှိနေပြီဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။ နောက်တစ်ချက်က အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်ဝါဒကို တိုက်ဖျက်ပြီး ဒေသတွင်း မှာ အီရန်ရဲ့လွှမ်းမိုးမှုကို ဖယ်ရှားဖို့ လုပ်ဆောင်ရာမှာ အဓိကအခန်းကဏ္ဍက နေ ပါဝင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောထားပါတယ်။

''ပြီးခဲ့တဲ့သုံးနှစ်ခွဲအတွင်း ဆော်ဒီအာရေဗျက ယီမင်နိုင်ငံအတွင်းမှာ ကြောက်စရာကောင်းတဲ့ ကပ်ဘေးကြီးကို ဖန်တီးခဲ့ပြီးပါပြီ။ ဒါကြောင့် အခုလို အမေရိကန် တာဝန်ရှိသူတွေရဲ့ဖိအားပေးမှုက အလှည့်အပြောင်း တစ်ခုဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ စစ်လက်နက်ပစ္စည်းဝယ်ယူမှုနဲ့ ရောင်းချမှုလုပ်နေတဲ့အစိုးရတွေက ယီမင်ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အသက်ထက် လက်နက်ကုမ္ပဏီတွေရဲ့အကျိုးအမြတ်ကိုသာ ဦးစား ပေးကြည့်ရှုတာဖြစ်ပါတယ်''လို့ ဗြိတိန်အခြေစိုက် စစ်လက်နက်ပစ္စည်း ကုန်သွယ်မှုဆန့်ကျင်ရေးအဖွဲ့မှ အန်ဒရူးစမစ်ကပြောပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအတွင်း ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ကာ ကွယ်ရေး ဥပဒေတစ်ခုမှာဆိုရင် အမေရိကန်အစိုးရအဖွဲ့အနေနဲ့ ဆော်ဒီ အာရေဗျနဲ့သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ယီမင်နိုင်ငံအတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေတယ်ဆိုတာကို သက်သေခံပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တစ်ခုပါဝင်ပါတယ်။

အခုလို မိုက်ပွန်ပီယို၊ ဂျိမ်းမက်တစ်နဲ့ ထရမ့်တို့ရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဆော်ဒီအာရေဗျအစိုးရ တာဝန်ရှိသူတွေကတော့ ဘယ်လိုမှတ်ချက်ပြု စကားမှ မပြောထားပါဘူး။ ဒါ့ပြင် အမေရိကန်က ဆော်ဒီအပေါ် ပိုမို ဖိအားပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ အရိပ်လက္ခဏာတွေကို တွေ့နေရ ပါတယ်။ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက အစိုးရအဖွဲ့အနေနဲ့ ဆော်ဒီအာရေဗျနဲ့ အရပ်ဘက်နျူကလီးယား ဆွေးနွေးပွဲတွေမလုပ်ဖို့ ဖိအားပေး တောင်းဆိုလာပါတယ်။ အဲဒီနောက်မှာတော့ ယီမင်ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် တာဝန်ရှိသူတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထုတ် ပြန်လိုက်ပါတယ်။ ဒါ့ပြင် လက်ရှိအခြေအနေအရ စစ်ပွဲရပ်ဆိုင်းဖို့အတွက် စေ့စပ်ဆွေးနွေးမှုကသာ အမှန်ကန်ဆုံး ဖြစ်တယ်လို့ မှတ်ချက်ပြုပြောပါတယ်။ ဟူသီသူပုန်တွေက ဆာနားမြို့တော်အပါအဝင် နိုင်ငံရဲ့ဒေသ အများအပြားကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် အစားအစာနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ အဓိက ဝင်ရောက်ရာနေရာဖြစ်တဲ့ ဟိုဒေဒါ ဆိပ်ကမ်းမြို့ကိုလည်း သိမ်းပိုက်ထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဟိုဒေဒါဆိပ်ကမ်းအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဆော်ဒီအာရေဗျရဲ့ ညွန့်ပေါင်း တပ်ဖွဲ့ကလည်း သူပုန်တွေရဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ရက်ပေါင်း ၃ဝ အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရမယ်ဆိုတဲ့ ဂျိမ်းမက်တစ်ရဲ့တောင်းဆိုမှုက လူသားချင်းစာနာ ထောက်ထားမှုအရ ကြည့် မယ်ဆိုရင် အလွန်ကို ကာလရှည်ကြာနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ''ဂျိမ်းမက်တစ်ပြောတဲ့ ရက် ၃ဝ မတိုင်မီ ယီမင်နိုင်ငံအတွင်း ချက်ချင်းအပစ်အခတ် ရပ်စဲပြီး ဆွေးနွေးမှုတွေစတင်နိုင်ဖို့ အများကြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်''လို့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြစ်စဉ်တွေကို အထူးပြုလေ့လာတဲ့ ဂျိန်းကင်နင်မောင့်က ပြောပါ တယ်။ ဝါရှင်တန်ပို့(စ်)သတင်းဌာနက ပင်တိုင်ဆောင်းပါးရှင်ဖြစ်တဲ့ ဆော်ဒီ နိုင်ငံသား ဂျမားခါရှော့ဂျီ အသတ်ခံရမှုကလည်း ဆော်ဒီအာရေဗျနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား တင်းမာမှုကို ပိုမိုဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဂျမားခါရှော့ဂျီ အသတ်ခံရမှုကြောင့် ဆော်ဒီအာရေဗျကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ဖို့စဉ်းစားနေတယ်လို့ ဥရောပနိုင်ငံ တချို့ကလည်း ပြောထားပါတယ်။

ဒါကြောင့် အမေရိကန်က ရောင်းချပေးလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ယီမင်နိုင်ငံအတွင်းမှာ အငတ်ဘေးဆိုက်အောင် ဖန်တီးနေတဲ့ ဆော်ဒီ အာရေဗျအပေါ် အမေရိ ကန်ပြည်ထောင်စုက စစ်လက်နက်ပစ္စည်းရောင်းချပေးမှု ရပ်တန့်တော့မှာလားဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ တွေးစရာတွေ ဖြစ်လာပြီဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ပါ တယ်။ ။

Read 101 times
Rate this item
(0 votes)
Last modified on Wednesday, 07 November 2018 11:44