SJ WorldNews - шаблон joomla Авто

ပြည်တွင်းဖြစ် ရေငုပ် သင်္ဘောဖြင့် ဒေသတွင်း အင်အား ချိန်ခွင်လျှာကို ထိန်းညှိလာသည့် အိန္ဒိယ

Thursday, 08 November 2018 12:49 Written by  font size decrease font size decrease font size increase font size increase font size

အိန္ဒိယ နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောဖြစ်တဲ့ INS Arihant  က သူ့ရဲ့ပထမဆုံး ရေကြောင်းကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ပါတယ်။  ဒီလို လုပ်ဆောင်နိုင်မှုက အိန္ဒိယနိုင်ငံ အတွက် ဂုဏ်ယူစရာ ကောင်းကြောင်း၊ ကင်းလှည့်မှုမှာ ပါဝင်တဲ့သူ အားလုံးကို ချီးကျူး ဂုဏ်ပြုကြောင်း၊ အထူး သဖြင့် INS Arihant နဲ့အတူ လိုက်ပါသွားတဲ့ တပ်ဖွဲ့ဝင်တွေကို  ပိုပြီးချီးကျူးလိုကြောင်း၊ အခုလို လုပ်ဆောင်နိုင်မှုက  အိန္ဒိယနိုင်ငံရဲ့ သမိုင်းကြောင်းမှာ အမှတ်ထင်ထင်ရှိနေ တော့မှာဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဂုဏ်ယူ ဝံ့ကြွားစွာ ပြောကြားလိုက်ပါတယ်။

ပဲ့ထိန်း ဒုံးကျည်တင် ရေငုပ်သင်္ဘောဆိုတာ မဟာဗျူဟာမြောက်  စစ်လက်နက်ပစ္စည်း တစ်ခုဖြစ်ပါတယ်။   အဲဒီရေငုပ် သင်္ဘောက သမုဒ္ဒရာထဲကနေပြီး မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်တဲ့ ဒုံးကျည်တွေကို  ပစ်လွှတ်နိုင်ပြီး အချိန်ကာလ တစ်ခုကြာမြင့်တဲ့အထိ ရန်သူ ရဲ့ရှာဖွေမှုအောက်ကနေ လွတ်မြောက်နေနိုင် တာဖြစ်ပါတယ်။ မြေပြင် အခြေစိုက် ဒုံးကျည် တွေနဲ့ ပစ်ခွင့်မသာတဲ့ရန်သူရဲ့ ကုန်းတွင်းပိုင်း ပစ်မှတ်တွေကိုလည်း ရန်သူ့ရဲ့ကမ်းရိုးတန်း အနီးအနားအထိ တိတ်တဆိတ်ချဉ်းကပ်ပြီး ဒီလိုရေငုပ်သင်္ဘောတွေနဲ့ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်စွမ်းရှိပါ တယ်။

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော တည်ဆောက်ပြီး ကင်းလှည့်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်တာက   အိန္ဒိယ နိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်သုံးခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်တဲ့ လက္ခဏာ ဖြစ်တယ်လို့  နာရန်ဒရာမိုဒီက ဆိုပါတယ်။ အဲဒီရည်မှန်းချက် သုံးခုကတော့ အိန္ဒိယတပ် မတော်အနေနဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကြက်မှုနဲ့ပစ်ခတ်မှုကို နည်းလမ်းသုံးခုနဲ့ လုပ်ဆောင်နိုင်တာကိုဆိုလိုပါတယ်။   အဲဒီ အိန္ဒိယနိုင်ငံရဲ့  နျူကလီးယား ရည်မှန်းချက် သုံးခုက   မြေပြင်အခြေစိုက်ပစ်ခတ်နိုင်တဲ့ နျူကလီးယားဒုံးကျည်တွေ၊   နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တပ်ဆင်ပစ်ခတ်နိုင်တဲ့  ရေငုပ်သင်္ဘောတွေနဲ့  လေယာဉ်တွေ ပိုင်ဆိုင်ရေး တို့ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက INS  Arihant  နဲ့ ကင်းလှည့်မှု လုပ်ဆောင် လိုက်နိုင်တာကြောင့် နျူကလီးယား မဟာအင်အားကြီး နိုင်ငံစာရင်း ထဲမှာ ပါဝင်သွားပြီဖြစ်ပါတယ်။ နျူကလီးယား မဟာအင်အားကြီး နိုင်ငံတွေက အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံ တို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဆိုရင် ၂ဝ၁၅ ခုနှစ်က စတင်ပြီး  နျူကလီးယားစွမ်း အင် သုံး ရေငုပ်သင်္ဘောကို တိုက်ပွဲဝင် ကင်းလှည့်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက် သုံးခုက တစ်ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တို့အတွက် ပင်မဒေါက်တိုင် တွေထဲက တစ်ခုဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရတဲ့  နျူကလီးယား အဟန့်အတားတစ်ခုရ ရှိဖို့  အချိန်များစွာ လိုအပ်ကြောင်း၊  INS Arihant ရဲ့ အောင်မြင်မှုက ဆိုရင် အိန္ဒိယ နိုင်ငံကို  နျူကလီးယားနဲ့ ခြိမ်းခြောက် နေတဲ့ နိုင်ငံတွေကို တုံ့ပြန်ဖို့ သင့်လျော်တဲ့အောင်မြင် မှုတစ်ခုဖြစ်ကြောင်း  နာရန်ဒရာမိုဒီက ဆက်ပြောပါတယ်။

နာရန်ဒရာမိုဒီပြောတဲ့ အိန္ဒိယနိုင်ငံကို နျူကလီးယားနဲ့ ခြိမ်းခြောက်နေတဲ့နိုင်ငံ ဆိုတာ ပါကစ္စတန်နိုင်ငံကို  ရည်ညွှန်း ပြော ဆိုတာ ဖြစ်ပါတယ်။ ပါကစ္စတန် နိုင်ငံက ပင်လယ်ပြင် အခြေစိုက် နျူကလီးယားအဟန့်အတားကို ပိုင်ဆိုင်ထား တာဖြစ်ပါတယ်။ ပါကစ္စတန်က နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ရေငုပ်သင်္ဘော အခြေပြုပစ်ခတ် နိုင်တဲ့ခရု(စ်) ဒုံးကျည် (SLCM)  ကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ လမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။  

ဒါကြောင့်  ပါကစ္စတန်က အိန္ဒိယနိုင်ငံ ထက်တစ်နှစ်စောပြီး နျူကလီးယား ရည်မှန်းချက်သုံးခုကို အကောင်အထည် ဖော်နိုင်ခဲ့ တာဖြစ်ပါတယ်။ ပါကစ္စတန် နိုင်ငံက မြေပြင် အခြေပြုပစ်ခတ်နိုင်တဲ့ နျူကလီးယား ဒုံးကျည်တွေ၊    ပင်လယ်ပြင် အခြေပြု ပစ်ခတ်နိုင်တဲ့ နျူကလီးယား ဒုံးကျည်တွေနဲ့ တိုက်လေယာဉ် ပေါ်ကနေ ကြဲချနိုင်တဲ့ မဟာ ဗျူဟာမြောက် နျူကလီးယား ဗုံးတွေကို ပိုင်ဆိုင် ထားတာဖြစ်ပါတယ်။

အိန္ဒိယအစိုးရက  တစ်လခန့်ကြာမြင့်တ INS Arihant  ရဲ့ကင်းလှည့်မှုနဲ့ ပတ်သက်ပြီး စစ်ဆင်ရေး လုပ်ဆောင်မှုဆိုင် ရာ အသေးစိတ် အချက်အလက်တွေကို  ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒါ့ပြင် INS Arihant က သယ် ဆောင်သွားတဲ့ ရေငုပ်သင်္ဘောအခြေပြုပစ် ခတ်နိုင်တဲ့ပဲ့ထိန်းဒုံးကျည် (SLBM) အမျိုး အစားနဲ့ ဒီဒုံးကျည်တွေက နျူကလီးယား ထိပ် ဖူးတပ်ဆင်နိုင်ခြင်းရှိ၊ မရှိနဲ့ပတ်သက်ပြီးတော့ လည်း အတိအကျမသိရသေးပါဘူး။

ဒါပေမဲ့ INS Arihant ကသယ်ဆောင် သွားနိုင်ချေရှိတဲ့ နျူကလီးယားထိပ်ဖူးတပ် ရေငုပ်သင်္ဘော အခြေပြုပစ် ခတ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေထဲက တစ်ခုကတော့ K-15 ဖြစ် နိုင်ပါတယ်။ ဒီဒုံးကျည်က တာတိုပစ် ရေငုပ်သင်္ဘော အခြေပြု ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်ပါတယ်။ ဒီနှစ် သြဂုတ်လကမှ နောက်ဆုံး စမ်းသပ် ပစ်ခတ်မှု ကို လုပ်ဆောင် ထားတာပါ။

INS Arihant က အိန္ဒိယရေတပ်အတွက် လျာထားတဲ့ နျူကလီးယားစွမ်းအင်သုံးပဲ့ထိန်း ဒုံးကျည်တင် ရေငုပ်သင်္ဘော လေးစင်း ဒါမှမဟုတ်   ငါးစင်းပါဝင်တဲ့ ရေယာဉ်စုအတွက် ပထမဆုံး ရေငုပ်သင်္ဘောဖြစ်ပါတယ်။ ဒီရေငုပ် သင်္ဘောကို ၂ဝ၁၆ ခုနှစ်မှာ မထင်မရှား တပ်တော်သွင်းခဲ့တာပါ။ အခြေခံ တည်ဆောက် ထားတဲ့ ရေငုပ်သင်္ဘော ပုံစံကတော့ ရုရှားနိုင်ငံရဲ့ Project 971 Akula I အတန်းအစား နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သင်္ဘော ဖြစ်ပါတယ်။ အဓိက လက်နက်အနေ နဲ့ ကီလိုမီတာ ၇၅ဝ အထိ ရောက်ရှိပစ်ခတ် နိုင်တဲ့ တာတိုပစ် K-15 ဒုံးကျည် ၁၂ စင်းနဲ့ ကီလိုမီတာ ၃၅ဝဝ အထိရောက်ရှိပစ်ခတ် နိုင်တဲ့ တာလတ်ပစ် K-4 ဒုံးကျည်လေးစင်း သယ်ဆောင်နိုင် ပါတယ်။ ဒီဒုံးကျည်နှစ်မျိုး စလုံးက နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်ပြီး ရေငုပ်သင်္ဘောကို   အခြေပြုပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်အမျိုးအစား တွေဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက နျူကလီးယား စစ်ဆင်ရေး မူဝါဒနဲ့ပတ်သက်ရင် မည်သည့်အခါမျှ ဦးစွာ ပထမ အသုံးမပြုဆိုတဲ့ မူဝါဒနဲ့ ယုံကြည်အားထားရတဲ့ အနည်းဆုံး အဟန့်အတားအဖြစ် အသုံးပြုမယ့်မူဝါဒ ကိုသာ ဆက်လက်ထိန်း သိမ်းထားတာ ဖြစ်ပါတယ်။ အမေရိကန်ပြည် ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ကဆိုရင် နျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်းဒုံး ကျည်တင် ရေငုပ်သင်္ဘောနဲ့ ကင်းလှည့်မှုတွေကို အဆက် မပြတ်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံတွေနဲ့ မတူတဲ့အချက်က အိန္ဒိယနိုင်ငံက အခြေအနေပေါ်မူတည်ပြီးမှသာ ပင်လယ်ပြင် အခြေစိုက် နျူကလီးယား အဟန့်အတား ဖြစ်တဲ့ ဒီလိုရေငုပ် သင်္ဘောတွေကို ဖြန့်ကြက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ထိရောက် မှုအရှိဆုံး မြေပြင်အခြေစိုက် နျူကလီးယား အဟန့်အတားတွေကို ပိုင်ဆိုင်ထားရုံသာမက ဘဏ္ဍာငွေနဲ့ နည်းပညာ အကန့် အသတ်တွေ ကြောင့် ဖြစ်ပါတယ်။

ပင်လယ်ပြင် အခြေစိုက်  နျူကလီးယား အဟန့်အတားတွေကိုအမြဲတမ်းဖြန့်ကြက်လို တယ်ဆိုရင်  နောက်ထပ် ဒီလို ရေငုပ်သင်္ဘော အနည်းဆုံးနှစ်စင်း  ထပ်မံလိုအပ်မှာဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ရေငုပ်သင်္ဘော နဲ့ဟန့်တားတဲ့ ကင်းလှည့်မှုတွေ ပုံမှန်လုပ်တာ တောင်မှ လူသိရှင်ကြားထုတ်ပြန်မှာမဟုတ် ပါဘူး။ ဒီလိုကင်းလှည့်မှုတွေကို လုပ်ရင် လည်း  အဓိကအားဖြင့်   မဟာဗျူဟာကျတဲ့ခံစစ် နေရာတွေမှာသာ ကင်းလှည့်မှာဖြစ်ပါတယ်။ ဒီနေရာတွေက အိန္ဒိယနိုင်ငံရဲ့  အနီးမှာသာရှိပြီး  တခြားရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက်တွေရဲ့ စိုးမိုးမှုအောက်မှာသာ  ကင်း လှည့်နိုင် မှာဖြစ်ပါတယ်။

ဒါကြောင့် INS Arihant ရဲ့အခန်းကဏ္ဍ က  သိပ်ပြီးကြီးကျယ်ခမ်းနားမှု မရှိပေမယ့် လည်း အိန္ဒိယ ရေတပ်အတွက် တော့ အခြေခံ အကျဆုံးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီရေငုပ်သင်္ဘောကို နမူနာယူပြီး နောက်ထပ် တီထွင်ဆန်းသစ်တဲ့  ရေငုပ်သင်္ဘော အသစ်တွေကို   တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ရေငုပ်သင်္ဘောတပ်ဖွဲ့ ဝင်တွေ အတွက်လည်း အခြေခံအကျဆုံး လေ့ကျင့်မှုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် INS Arihant က ပုံမှန်ကင်း လှည့်မှု တွေကို လုပ်နိုင်မှာမဟုတ် ပါဘူး။ ၂ဝ၁၇ ခုနှစ် အတွင်းမှာဆိုရင် ကြီးမား တဲ့ ပျက်စီးမှုလည်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံး နီးပါးနဲ့   ဒီနှစ်ပထမ သုံးလပတ် အတွင်း INS Arihant ကို ပြင်ဆင်မှုတွေသာ လုပ်ခဲ့ရပါတယ်။

နောက်ထပ်ဒီလို ရေငုပ်သင်္ဘောအသစ်တွေ ဖြန့်ကြက်နိုင်မှသာ ပုံမှန်ကင်းလှည့်မှုတွေကို လုပ်ဆောင်နိုင် မှာဖြစ်ပါ တယ်။  ဒုတိယ မြောက် Arihant အတန်းအစား နျူကလီးယား စွမ်းအင်သုံးပဲ့ ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော တစ်စင်းဖြစ်တဲ့ INS Arihant ကို လည်း ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ ရေချပြီးပါပြီ။ INS Arihant က ၂ဝ၂ဝ ပြည့်နှစ် ဒါမှမဟုတ် ၂ဝ၂၁ ခုနှစ်မှာ တပ်တော်ဝင်မယ် လို့ ခန့်မှန်းရပါတယ်။ အဲဒီ ရေငုပ်သင်္ဘောမှာဆိုရင် ဒုံးကျည်ပစ်ပေါက် ရှစ်ခုပါဝင်လာမှာဖြစ် ပြီး ပါဝင်မှာဖြစ်ပြီး  အရွယ်အစားအားဖြင့် INS Arihant ထက် အနည်းငယ် ပိုကြီးနိုင်ပါတယ်။

ဒါကြောင့် အခုလိုမျိုး INS Arihant နဲ့ အောင်မြင်စွာ ကင်းလှည့်နိုင်တာက အိန္ဒိယ နိုင်ငံအတွက် အနာဂတ် နျူက လီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ပိုမိုတည်ဆောက်နိုင်ရုံ သာမက နျူကလီးယား ရည်မှန်းချက်သုံးခုကို အကောင်အထည် ဖော်ပြီးဖြစ်တဲ့ ဒေသ တွင်းရန်ဘက် ပါကစ္စတန်အတွက် အဟန့်အတား တစ်ခုဖြစ်စေ တာကြောင့် ဒေသတွင်း အင်အားချိန်ခွင်လျှာကို ထိန်းညှိ လာနိုင်တာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။     

ဆောင်းပါးရှင်-မင်းခန့်တင်

..................

Read 83 times
Rate this item
(0 votes)
Last modified on Thursday, 08 November 2018 12:50

Latest from စကားဝါ