တရုတ်အစိုးရက နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ကျူးဟိုင်မြို့မှာ လေကြောင်းပြပွဲကို ကျင်းပလျက်ရှိပါ တယ်။ ဒီလေကြောင်းပြပွဲရဲ့ အပြင်ဘက်မှာဆိုရင် J-10 နဲ့ J-20 တိုက်လေယာဉ် တို့ဟာ ကျူးဟိုင် ကောင်းကင်ယံမှာ သရုပ်ပြ ပျံသန်းနေပြီး ပြပွဲ လာသူတွေရဲ့ ချီးကျူး ထောပနာပြုမှုကို ရရှိနေပါတယ်။
ပြပွဲခန်းမအတွင်းမှာတော့ မောင်းသူမဲ့ လေယာဉ်အမျိုးမျိုးနဲ့ တခြား စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို ပြသထားပါ တယ်။ အဲဒီထဲကမှ ပြပွဲလာသူတွေရဲ့အာရုံ ကိုဖမ်းစားထားနိုင်တဲ့ အရာက အရှည် ၁၇ မီတာ(၅၅ ပေ)ရှိတဲ့ ပင်မအာကာသယာဉ် အစိတ်အပိုင်းပုံစံပဲ ဖြစ်ပါတယ်။
ပင်မအာကာသယာဉ် အစိတ်အပိုင်းမှာ နောက်ထပ်အာကာသယာဉ် အစိတ်အပိုင်း နှစ်ခုနဲ့ ဆိုလာပြားတွေ ထပ်မံ တပ်ဆင်လိုက် မယ်ဆိုရင် တရုတ်နိုင်ငံရဲ့အမြဲတမ်းလူလိုက်ပါနိုင်တဲ့ အာကာသစခန်း ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီအာကာသစခန်းကိုတော့ တရုတ် နိုင်ငံက ကောင်းကင်နန်းတော်လို့ အမည်ပေး ထားပါတယ်။
တန်ချိန် ၆ဝ ရှိမယ့် ဒီအာကာသစခန်းမှာ အာကာသယာဉ်မှူးသုံးဦးက အမြဲတမ်း နေထိုင်သွားမှာဖြစ်ပါတယ်။ နေထိုင်ခွင့် ရတဲ့ အာကာသယာဉ်မှူးတွေကလည်း ဇီဝဗေဒနဲ့ အလွန်အားနည်းတဲ့ ဆွဲငင် အားအကြောင်း တွေကို သုတေသနပြု လေ့လာသွားမှာဖြစ်ပါ တယ်။ အာကာသယာဉ် တပ်ဆင်မှုလုပ်ငန်းတွေကတော့ ၂ဝ၂၂ခုနှစ်မှာ ပြီးစီးမယ်လို့ မျှော်မှန်းရပြီး သက်တမ်းအားဖြင့် ၁ဝ နှစ် ရှိမယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံက သူတို့ရဲ့ အာကာသစခန်းကို သိပ္ပံပညာ ရပ်ဆိုင်ရာ လက်တွေ့သုတေသန လုပ်ငန်းတွေ လုပ်မယ့် ဘယ်နိုင် ငံကိုမဆို အသုံးပြုခွင့် ပေးသွားမယ်လို့ မေလမှာ ကြေညာထားပါတယ်။
''နိုင်ငံတကာ အာကာသစခန်းကို ပူးတွဲ ပိုင်ဆိုင်တဲ့ နိုင်ငံတွေလုပ်သလိုမျိုးပဲ တရုတ်နိုင်ငံရဲ့ အာကာသစခန်းကို သုတေသန၊ နည်း ပညာနဲ့ နက်ရှိုင်းသော အာကာသအတွင်း စူးစမ်းလေ့လာမှုတွေလုပ်သွားမယ်ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး''လို့ တရုတ်နိုင်ငံရဲ့ အာကာသ အစီအစဉ်ကို အထူးပြုလေ့လာနေတဲ့ Go Taikonauts.com ဝက်ဆိုက်မှ သုတေသန ပညာရှင် ချန်းလန်ကပြောပါတယ်။ အာကာသနဲ့ ပတ်သက်ပြီး လုပ်ဆောင်လိုတဲ့ စီမံကိန်းတွေ တင်ပြ ပေးဖို့ အတွက် တရုတ်အစိုးရ တာဝန်ရှိ သူတွေက သုတေသန အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ၊ အများပိုင်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကို ဖိတ်ခေါ် ခဲ့တာ အခုဆိုရင် နိုင်ငံနဲ့ ဒေသပေါင်း ၂၇ခုကျော်မှ စီမံကိန်းအခု ၄ဝကို ရရှိ ထားပါတယ်။
ဥရောပအာကာသအေဂျင်စီဆိုရင်လည်း တရုတ်အာကာသစခန်းလည်ပတ်တဲ့အချိန် အဲဒီစခန်းမှာ အလုပ်လုပ်နိုင်ဖို့ အတွက် သူတို့ ရဲ့ အာကာသယာဉ်မှူးတွေကို တရုတ်နိုင်ငံသို့ စေလွှတ်ပြီး လေ့ကျင့်မှုတွေလုပ်ဆောင်စေပါ တယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့စစ်ဘက်ကထိန်း ချုပ်ထားတဲ့ အာကာသအစီအစဉ်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျ ခံရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီအစီအစဉ် ထဲမှာ မဝေးတော့တဲ့ အနာဂတ်အတွင်း လပေါ်ကို လူစေ လွှတ် မယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ဒီအစီ အစဉ်တွေကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အာကာသတပ်ဖွဲ့ ဖွဲ့စည်းပြီး အာကာသအတွင်းမှာပါ လွှမ်းမိုးမှုရရှိစေဖို့ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ အာကာသ အစီအစဉ်မှာ ယာယီအခက်အခဲ လေးတွေနဲ့ ကြုံတွေ့နေရပါ တယ်။ Tiangong-1 လို့ အမည်ပေးထားတဲ့ အာကာသသုတေသန ယာဉ်ဟာဆိုရင် ဧပြီလအစောပိုင်းမှာ ကမ္ဘာ မြေပေါ်ပြန် လည် ကျဆင်းလာပြီး တစ်စစီဖြစ် သွားပါတယ်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှာ လွှတ်တင်ခဲ့တဲ့ ဒီအာကာသ ယာဉ်ပြန်လည် ကျဆင်းလာတာဟာ ထိန်းချုပ်မှု မရှိတော့လို့ မဟုတ်ဘဲ သက်တမ်းကုန်ဆုံးသွားလို့သာဖြစ် တယ်လို့ တရုတ်တာဝန်ရှိသူတွေက ဖြေရှင်း ချက်ထုတ်ထားပါတယ်။
ဒုတိယမြောက်အာကာသသုတေသန ယာဉ်ဖြစ်တဲ့ Tiangong-2 ကိုတော့ ၂ဝ၁၆ ခုနှစ်ထဲမှာ အာကာသအတွင်း လွှတ်တင် ထား ပါတယ်။ တရုတ်နိုင်ငံက ဒီလိုအာကာသ သုတေသနယာဉ်တွေလွှတ်တင်ရတဲ့ရည်ရွယ် ချက်က သူ့ရဲ့ကောင်းကင် နန်းတော်လို့ အမည် ပေးထားတဲ့ အာကာသစခန်းတည်ရှိရေးအတွက် စမ်းသပ်မှုတွေပဲဖြစ်ပါ တယ်။
အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ကနေဒါ၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင် ရွက်နေတဲ့ နိုင်ငံတကာအာကာ သ စခန်းဟာ ဆိုရင် ၁၉၉၈ ခုနှစ်ကတည်းက အာကာသ အတွင်း လှည့်ပတ်နေတာဖြစ်ပြီး ၂ဝ၂၄ခုနှစ်မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းရဲ့ အလေးချိန်က တန်ချိန် ၆ဝဝရှိပြီး အကျယ်အဝန်း အားဖြင့် ဘောလုံးကွင်းတစ်ကွင်းထက်ပိုကြီးပါတယ်။ နိုင်ငံတကာ အာကာသစခန်း သက်တမ်းကုန် သွားတဲ့အချိန်မှာ တရုတ်တစ်နိုင်ငံတည်းက သာ ကမ္ဘာပတ်လမ်းအတွင်းလှည့်ပတ်နေတဲ့ အာကာသစခန်းကိုပိုင်ဆိုင်တဲ့ တစ်ခုတည်း သောနိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။
ဆောင်းပါးရှင်-ထက်မြက်