အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်ရွေးကောက်ပွဲကို မကြာသေးမီက ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီရွေးကောက်ပွဲမှာ ရလဒ်ပိုင်းအနေနဲ့ သိသိသာသာ ပြောင်းလဲမှုမရှိခဲ့ပါဘူး။ ရီပတ်ဘလစ်ကန် တွေက အထက်လွှတ်တော်ကို ဆက်လက်စိုးမိုးခွင့်ရပြီး အောက်လွှတ်တော်ကိုတော့ ဒီမို ကရက်တစ်တွေက သိမ်းပိုက်သွား နိုင်တာဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေ အနေနဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ အများစုကို မရရှိ ပေမယ့်လည်း ထရမ့်အနေနဲ့ တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဆက်ပြီး ဆင်နွှဲသွားနိုင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ရဲ့ သမ္မတသက်တမ်း တစ်ဝက်မှာပြုလုပ်တဲ့ လွှတ်တော် ရွေးကောက်ပွဲက တရုတ်အပေါ် ဆင်နွှဲနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကို ဟန့်တား နိုင်စွမ်းမရှိခဲ့ပါဘူး။
''လွှတ်တော် ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအတွက်ကြည့်မယ်ဆိုရင် အများ ကြီးပြောင်းလဲသွားတာမျိုးမရှိပါဘူး။ တရုတ်နိုင်ငံအပေါ် ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက် လာရင် ရီပတ်ဘလစ်ကန်တွေထက် ဒီမိုကရက်တစ်တွေက ပိုပြီးအထောက်အပံ့ ပေးပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ထရမ့်အနေနဲ့ တရုတ်နိုင်ငံအပေါ်ကို အနိုင်ရသွား ဖွယ်ရှိပါတယ်'' လို့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂရက်မာစတယ်က ပြောပါတယ်။
ဒီမိုကရက်တစ် အမတ်အနည်းငယ်ကသာ ထရမ့်ရဲ့ တရုတ်နိုင်ငံ အပေါ်ကုန်သွယ်ရေး ဆက်ဆံရေးပြုမူ လုပ်ဆောင်မှုတွေကို ကန့်ကွက်ကြတာဖြစ်ပါတယ်။ အဲဒီထဲကမှ အဓိက ကန့်ကွက်သူက မြောက်ဒါကိုတာပြည်နယ်က အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဟေဒီ ဟေ့ကမ့်ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ရွေးကောက်ပွဲမှာ သူက သူ့ရဲ့နေရာကို ပြန်လည် ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ သူ့ရဲ့ရီပတ်ဘလစ်ကန် ပြိုင်ဘက်ဖြစ်တဲ့အပြင် ထရမ့်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ လွှတ်တော် အမတ်ကီဗင်ခရမ်မာကသာ နေရာရရှိသွားတာကို တွေ့ရပါ တယ်။
ထင်သာမြင်သာရှိတဲ့ အချက်တစ်ခုကတော့ ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရားမဝင် လူဝင်မှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားဖို့ အဓိကထား လုပ်ဆောင်ခဲ့ပေမယ့်လည်း လွှတ်တော် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတဲ့အချိန်မှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် တိုက်ခိုက်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒုတိယသမ္မတမိုက်ပန့်နဲ့ သူ့ကို မဲပေးခဲ့တဲ့ ပြည်နယ်တွေကို ကုန်သွယ်ရေး အရ လက်စားချေမှုပြုလုပ်ဖို့ ပစ်မှတ်ထားချင်းဖြင့် အခုကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲ ကို ဝင်ရောက်စွက်ဖက်နေတယ်ဆိုပြီး ထရမ့်က စွပ်စွဲခဲ့တာဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေအနေနဲ့ အိုင်အိုဝါပြည်နယ်မှာ နှစ်နေရာနဲ့ ကန်ဆက်ပြည်နယ်မှာ တစ်နေရာစီ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အဓိက ပို့ကုန်ဈေးကွက်အပေါ် ထပ်ဆောင်းအခွန် ချမှတ် တဲ့ ထရမ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍက စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေ အနေနဲ့ ရင်ဆိုင်နေရတုန်းပဲလို့ မဟာ ဗျူဟာနှင့် နိုင်ငံတကာ အရေးလေ့လာမှုအဖွဲ့မှ ကုန်သွယ်ရေး မူဝါဒအထူးပြုလေ့လာတဲ့ ဘေရိုင်းကပြောပါတယ်။
အခု အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွေ ပြီးသွားတဲ့အချိန်မှာ လူတကာရဲ့ စောင့်ကြည့်မှုက ဘယ်ကိုရောက်သွားသလဲဆိုရင် နိုဝင်ဘာ ၃ဝ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဘွေနိုဆိုင်းရက်မြို့မှာကျင်းပမယ့် G-20 ထိပ်သီး ညီလာခံဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုရင် ဒီညီလာခံမှာ ထရမ့်နဲ့ရှီကျင့်ဖျင်တို့ တွေ့ဆုံကြမှာကြောင့်ဖြစ်ပါတယ်။ လက်ရှိအချိန် မှာ အမေရိကန် ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၂၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ် သွင်းကုန်တွေအပေါ် ထပ်ဆောင်း အခွန်ကောက်ခံထားပြီး တရုတ်နိုင်ငံကတော့ အမေရိကန် ဒေါ်လာ ၁၁ဝ ဘီလီယံရှိတဲ့ အမေရိကန် သွင်းကုန်တွေ အပေါ်ကိုသာ ထပ်ဆောင်း အခွန် ကောက်ခံထားနိုင်တာဖြစ်ပါတယ်။ ဒီပြဿနာကို လာမယ့်တွေ့ဆုံမှုမှာ ဆွေးနွေးတဲ့အခါ ပြဿနာ ပြေလည်စေမယ့် ချက်ချင်းသဘောတူညီမှုထက် ပိုမိုဆိုးရွားတဲ့ ဆွေးနွေးမှုရဲ့ အစ ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
''ပိုပြီးခြေခြေမြစ်မြစ်ရှိတဲ့ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်တဲ့ လုပ်ဆောင်မှု မဖြစ်မနေ လိုအပ်ပါတယ်။ အဓိကအားဖြင့် ရှုပ်ထွေးတဲ့ ပြဿနာရင်းမြစ်တွေဖြစ်တဲ့ ဥာဏမူပိုင်ခွင့် ကာကွယ်ရေး၊ စက်မှုလုပ်ငန်းမူဝါဒများ အစရှိတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။ ကျွန်တော်သိသ လောက်ကတော့ ဒီလိုကြိုတင် ပြင်ဆင်တဲ့ လုပ်ဆောင်မှုတွေက အခုချိန်ထိ မလုပ်ရသေးတာ ကို တွေ့ရပါတယ်'' လို့ တစ်ကမ္ဘာလုံး အရေးဆိုင်ရာ ချီကာဂိုကောင်စီမှ ကမ္ဘာ့စီးပွားရေး သုတေသီ ဖေးလဗီကပြောထားပါတယ်။
ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာ ၇ ရက် မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာဆိုရင် ထရမ့်က သူ့အနေနဲ့ ရှီကျင့်ဖျင်ကွိုG-20 ညီလာခံမှာတွေ့ဆုံဆွေးနွေးသွားမယ်လို့ အသိပေးထားပါ တယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာကို ဆွေးနွေးသွားမယ် ဆိုတာကိုတော့ မှတ်ချက်ပြု ပြောခဲ့ခြင်းမရှိပါဘူး။
အမေရိကန် ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ ဘယ်လောက် အတိုင်း အတာအထိ ကုန်သွယ်ရေး လိုငွေပြနေတယ် ဆိုတာကို အကြိမ်ကြိမ် ရှင်းပြထားပြီးဖြစ်ပါ တယ်။ ထရမ့်က တရုတ် သွင်းကုန်တွေအပေါ် ထပ်ဆောင်း အခွန်ကောက်ခံမှုကလည်း အမေ ရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက လုပ်ဆောင်တဲ့ စုံစမ်းစစ်ဆေးမှု အပေါ်မှာမူတည် နေပါတယ်။ အဲဒီရုံးက တရုတ်နိုင်ငံကို ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူတယ်လို့ စွပ်စွဲ ထားရုံသာမက တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့အဖိုးတန် လှတဲ့ နည်းပညာ အချက်အလက်တွေကို လွှဲပြောင်းပေးရမယ်ဆိုတဲ့ မူဝါဒတွေချမှတ်ပြီး ဥာဏ မူပိုင်ခွင့်တွေကိုပါ ခိုးယူနေတယ်ဆိုပြီး စွပ်စွဲထားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးမှုတွေကို သတိထားပြီး လုပ်ဆောင်နိုင်ပေ မယ့်လည်း ထရမ့်အနေနဲ့ စိတ်တိုင်းကျမှု မရရှိနိုင်ဘူးလို့ ဖေးလဗီက ပြောပါတယ်။ ပြီးခဲ့တဲ့ တရုတ်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ကလည်း အမေရိကန် ထိပ်တန်း တာဝန်ရှိသူ တွေရဲ့ အသုံးအနှုန်းတွေကို ထရမ့်က ပယ်ချခဲ့တဲ့အတွက် ဆွေးနွေးမှုတွေ အားလုံး အရာမထင်ဖြစ်ခဲ့ ပါတယ်။
အကယ်၍ နှစ်နိုင်ငံက ဆွေးနွေးမှုတွေကို စတင်လုပ်ဆောင်မယ်ဆိုရင် ဒီဆွေးနွေးမှုက အချိန် ကာလအားဖြင့် ကြာရှည်နိုင်ပြီး နောက်ဆုံးမှာ အချည်းနှီးသာ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ပြင် လက်ရှိ အမေရိကန် အစိုးရက ချမှတ်ထားတဲ့ တရုတ်သွင်းကုန်တွေ အပေါ်ထပ်ဆောင်း အခွန် ကောက်ခံမှုက အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ပြီး ထရမ့်အနေနဲ့ကလည်း တရုတ်နိုင်ငံ အပေါ် ပိုမိုဖိအားပေးတဲ့ လုပ်ဆောင်မှုတွေ ဆက်လက်ဆောင်ရွက်လာနိုင်တယ်လို့ ကုန်သွယ် ရေးကျွမ်းကျင်သူ အများအပြားက ခန့်မှန်းထားပါတယ်။
''ဒီကိစ္စကို အမြန်ဆုံး ပြေလည်စေချင်တယ်ဆိုရင် အမေရိကန် အစိုးရဘက်က တောင်းဆိုမှု တွေကို အများအပြား လျှော့ချရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီနေရာမှာ ထွက်ပေါက်တစ်ခု ကိုရှာဖွေနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိ မတွေ့နိုင်သေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ သူတို့ကို တောင်းဆိုနေတဲ့အချက်က သူတို့ နှစ်နိုင်ငံစလုံးအနေနဲ့ စီးပွားရေးကို သိသာ ထင်ရှားစွာ ပြောင်းလဲမှုတွေ လုပ်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် အခုဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားပါမယ်'' လို့ ဘေရိုင်းကပြောပါတယ်။
တချို့ သဘောတူညီချက်တွေ အတွက်ဆိုရင် အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ အနိုင်ရ တာက ထရမ့်အနေနဲ့ သူ့ရဲ့ကုန်သွယ်ရေး မူဝါဒတွေကို ပိုပြီးလွတ်လွတ်လပ်လပ် အကောင် အထည်ဖော်လို့ရပါမယ်။ ကုန်သွယ်ရေး ကဏ္ဍကဆိုရင် ဒီမိုကရက်တစ် အမတ်တွေနဲ့ ပူးပေါင်း ပြီးလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုလို့ သူ့အနေနဲ့ သုံးသပ်ကြောင်း ထရမ့်က နိုဝင်ဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
''ကျွန်တော်တို့ရဲ့ကုမ္ပဏီတွေကို တခြားနိုင်ငံတွေမှာအရှုံးခံနေရတာ မမြင်လိုတော့ပါဘူး။ အခု ချိန်က အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပိုမိုခိုင်မာလာစေဖို့အတွက် ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေ ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်''လို့ ထရမ့်က ပြောပါ တယ်။
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဆိုရင် ကွန်ဂရက်မှာရှိတဲ့ ရီပတ်ဘလစ်ကန် အမတ်တွေက ထရမ့် အစိုးရရဲ့ ပြင်းထန်တဲ့ ကုန်သွယ်ရေး မူဝါဒတချို့အပေါ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူတို့ရဲ့ လွှတ်တော်အမတ်နေရာ ပြန်လည် ရွေးကောက်ခံရဖို့ အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ထရမ့်အတွက် အဓိက ဦးစားပေးရမယ့်အရာက ၂ဝ၂၄ ခုနှစ်အထိ သမ္မတ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ဖြစ်ပါတယ်။
ထရမ့်က နောက်ထပ် သမ္မတ သက်တမ်းအတွက် မဲဆွယ်မှုအနေနဲ့ တရုတ်နိုင်ငံအပေါ် ထား တဲ့ ကုန်သွယ်ရေး မူဝါဒကို ဖြေလျှော့ပေးဖွယ်ရာ မမြင်ပါဘူး။ ဒါ့ပြင် ဒီမိုကရက်တစ်တွေရဲ့ ထောက်ပံ့မှုနဲ့ ဒီလိုကုန်သွယ်ရေး မူဝါဒတွေကို ထပ်မံတင်းကျပ် သွားဖွယ်ရှိတာကြောင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲက လွယ်လွယ်နဲ့ ပြီးဆုံးနိုင်ဦးမယ့် ကိစ္စတစ်ခုမဟုတ် ကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။ ။
Ref: Politico
မင်းခန့်တင်