SJ WorldNews - шаблон joomla Авто

အမေရိကန်မပါဘဲ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆီသို့ ဆက်လက်လျှောက်လှမ်းနေသည့် တောင်ကိုရီးယား

Wednesday, 14 November 2018 09:49 Written by  font size decrease font size decrease font size increase font size increase font size

ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတဖြစ်လာသည့်အချိန် ၂ဝ၁၇ ခုနှစ်မှစ၍ လူအများစု အကောင်းမြင်သည့် အရာကိုပြပါဆိုလျှင် မြောက်ကိုရီးယား၏ နျူကလီးယားအရေးကို သံခင်း တမန်ခင်းအရ ဖြေရှင်းရန် ကြိုးစားသည့် အချက်ကိုသာ ပြရမည်ဖြစ်သည်။ ကင်ဂျုံအွန်ကို ထရမ့်ကိုယ်တိုင် တွေ့ဆုံရန် ကြိုတင်လမ်း စဖွင့်ပေးခဲ့ပြီး တစ်နှစ်အတွင်း မြောက်ကိုရီးယား၏ နျူကလီးယားအရေးကို အဖြေရှာနိုင်မည်ဟုပင် ထရမ့်အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာခဲ့ သည် အထိဖြစ်သည်။

သို့သော် ယခု မြောက်ကိုရီးယားနှင့် အမေရိကန်တို့ နျူကလီးယား လမ်းကြောင်းက အရောင် အနည်းငယ်မှိန်လာကာ ထရမ့်ကလည်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ မြောက်ကိုရီးယား ခရီးစဉ်ကို ဖျက်သိမ်းခိုင်းခဲ့ပြီး ကင်ဂျုံအွန်ကလည်း ထရမ့်နှင့်ထပ်မံ တွေ့ဆုံမည့် အစီအစဉ်ကို ထပ်မံ ရွှေ့ဆိုင်းကာ တစ်ဖက်နှင့်တစ်ဖက် ပြန်လည်တင်းမာမှုများ စတင်လာခဲ့သည်။

မြောက်ကိုရီးယားတို့အနေဖြင့် အမေရိကန်ကို မကျေနပ်သည့် အချက်က မကြာသေးမီက ရုရှားက မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားချက်ကို ပယ်ဖျက်ရန် ကြိုးစားခြင်းကို လုံးဝလက်မခံနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေ ကြေညာအပြီး မြောက်ကိုရီးယားတို့ ဘက်ကလည်း ထရမ့်နှင့် တွေ့ဆုံမည့် အစီ အစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ယခင် အမေရိကန် သမ္မတများ လက်ထက်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ရာထူးက ပေါ်ပေါ်ထင်ထင်မရှိဘဲ ယခုထရမ့် လက်ထက်တွင် နစ်ကီဟာလေဆိုသည့် အမျိုး သမီးက နာမည်အကြီးဆုံးထဲတွင် တစ်ယောက် အပါအဝင်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ထရမ့် ကြိုးဆွဲရာကို တစ်လက်မမျှ မလွဲစေရန် လိုက်ကနိုင်သည့် အမျိုးသမီးဖြစ်သည်။ အီရန် အရေးနှင့် ပတ်သက်လာလျှင်လည်း တင်းမာပြတ်သားသည့် စကားလုံးများနှင့် ကိုင်တွယ်သူ၊ အစ္စရေးကို အကာအကွယ်ပေးသည့် နေရာတွင်လည်း ပြောင်ပြောင်တင်းတင်း အကာ အကွယ်ပေးထားသူ၊ ယခုမြောက်ကိုရီးယား အရေးကို နစ်ကီဟာလေ တစ်ယောက် စကား လုံးကြမ်းများဖြင့် ထပ်မံပြောဆို လာပြန်သည်။

ထိုအချက်က အဆင်ပြေနေသည့် မြောက်ကိုရီးယား၏ နျူကလီးယား လမ်းကြောင်းကို သွေဖည်စေမည်ဖြစ်ကာ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေမည်ဖြစ် သည်။ သို့သော် နောက်ပိုင်း အမေရိကန်မပါဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာကာ ငြိမ်းချမ်းရေးကို အရယူရန် ကြိုးစားလာနေသူက တောင်ကိုရီးယားဖြစ်သည်။

သမ္မတပတ်ဂွမ်ဟေး လက်ထက်က မြောက်ကိုရီးယားနှင့် အဆိုးရွားဆုံး တင်းမာမှုများ ရှိခဲ့ သော်လည်း လက်ရှိ မွန်ဂျေးအင် လက်ထက်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံရေးက အကောင်းဆုံးဆိုသည့် အနေအထား တစ်ခုကို ရောက်ရှိလာကာ နှစ်နိုင်ငံ ခေါင်းဆောင်များတွေ့ဆုံမှုကလည်း နှစ်ကြိမ်ပင်ရှိခဲ့ပြီဖြစ်သည်။

တွေ့ဆုံသည့် အချိန်တိုင်းလည်း ဖက်လဲတကင်းနှင့် အဆင်ပြေသည့် အရိပ်အယောင်များကို တွေ့ရကာ တိုးတက် ပြောင်းလဲမှုများက တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ခေါင်းဆောင် များကြား ပိုတွေ့လာရသည်။

ပထမဆုံး စစ်ပွဲအတွင်းက ကွဲကွာနေသော မိသားစုများနှင့် ပြန်လည် ပေါင်းစည်းရေး အစီ အစဉ် ကို အကောင်အထည် ဖော်သည်။ ထို့နောက် နယ်စပ်၌ ပိတ်ထားသည့် ပူးတွဲစက်မှုဇုန် ကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ယခုနောက်ဆုံး အဆင့်အထိ ရောက်လာသည့်ဖြစ်စဉ်က နှစ်နိုင်ငံနယ်စပ်၌ တပ်ဖြန့်ချထားသည့် တပ်များကို ဖျက်သိမ်းရေးဆိုသည့် အစီအစဉ်ဖြစ် သည်။ ထိုအစီအစဉ်ကို သြဂုတ်လက မွန်ဂျေးအင် ပါးစပ်ဖျားက အရိပ်အမြွက် ပြောခဲ့ဖူးပြီး နှစ်လသာ ကြာသည့်အချိန်တွင် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်၌ ၁၉၅ဝ ပြည့်နှစ်နှင့် ၁၉၅၃ ခုနှစ် ကာလများကတည်းက တပ်ဖြန့်ချထား သည့် စခန်းပေါင်း ၃ဝဝ ကျော်ရှိသည်။ တောင်ကိုရီးယားတို့ ဘက်ကလည်း ၁၅ဝ ကျော်၊ မြောက်ကိုရီးယား တို့ဘက်ကလည်း ၁၅ဝ ကျော်ဖြစ်သည်။

ထို့ပြင် မိုင်ပေါင်း ၁၆ဝ ခန့်ရှည်သည့် နှစ်နိုင်ငံ နယ်စပ်၌ ထောင်ထားသည့် မြေမြှုပ်မိုင်းများ ကလည်း သန်းချီရှိနေသည်။ ထိုမိုင်းများကို ရှင်းလင်းရန် တော်ရုံ အချိန်ပေးရုံဖြင့် ရနိုင်မည့် ပုံမပေါ်ပေ။ လက်ရှိတွင် အာဆီယံ၌ အမေရိကန်တို့ တွေ့ကြုံနေရသည့် ပြဿနာက မြေမြှုပ် မိုင်း ပြဿနာဖြစ်သည်။ ဗီယက်နမ် စစ်ပွဲအတွင်းက လာအို၌ အမေရိကန်တို့ မြေမြှုပ်မိုင်း ပေါင်းသိန်းချီ ထောင်ခဲ့ကြသည်။

ထိုမိုင်းများကို ပြန်လည်ရှင်းလင်းရာတွင် လက်ရှိနှစ်ပေါင်း ဆယ်နှင့်ချီ၍ပင် ကြာနေပြီဖြစ်သည်။ သို့သော် ယခုအချိန်ထိ အပြည့်အဝ ပြန်လည် မဖော်ထုတ်နိုင်သေးဘဲ အိုဘားမား လက်ထက် က လာအို အစိုးရကို ထိုမြေမြှုပ်မိုင်းများ ရှင်းလင်းရန် အမေရိကန် ဒေါ်လာသန်း ၃ဝ ပင် ထပ်မံ ပေးခဲ့သည်။

ထိုအဖြစ်အပျက်က တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ အဆင်ပြေသွားလျှင် တောင် ကိုရီးယား၌ အချိန်တော်တော်ကြာအောင် ရှင်းယူရမည့် မြေမြှုပ်မိုင်း ပြဿနာ ဖြစ်သည်။

ယခု အဆိုးရွားဆုံး ရန်သူတော်များ နယ်စပ်တပ်များကို ရုပ်သိမ်းနေပြီ ဆိုသည်နှင့်ပင် အတော် ကို ခရီးရောက်နေပြီဖြစ်သည်။ တောင်ကိုရီးယားတို့ ၂ဝ၁၇ ခုနှစ်အထိ နယ်စပ်၌ ကင်းပုန်းများ နှင့်လက်နက်ကြီးငယ်များကို လျှို့ဝှက်စွာ ချထားကာ ယခုပြန်လည် ဖယ်ရှားရေး စတင်မည် ဖြစ်သည်။

တချို့ ဝေဖန်ရေးသမားများက အမေရိကန်နှင့် နျူကလီးယား အရေး ပြတ်ပြတ်သားသား အကောင်အထည် မပေါ်လာသေးသည့်အချိန် တောင်ကိုရီးယားတို့ဘက်က အလုံးစုံ အလျှော့ ပေးနေမှုကို သဘောမကျပေ။မြွေပွေးကို ခါးပိုက်ပိုက် ထားသည့်ဖြစ်စဉ် အဖြစ် ဝေဖန်သူများ ရှိပြီး အများစုက အကောင်းမြင်ကြသည်ဟု ဆိုရမည်ဖြစ်သည်။ ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်း ရေးဖြစ်စဉ် တိုးတက်မှုက၂၁ ရာစုထဲတွင် တတိယမြောက် ဖြစ်သည်။ ပထမဆုံး ကိုလံဘီယာ ဖြစ်သည်။

သူပုန်တို့ကို လွှတ်တော်ထဲအထိ အရောက်ပို့၊ ရန်သူချင်း လက်ဆွဲနှုတ်ဆက်ကာ မိတ်ဆွေ အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ထိုအဖြစ်မျိုး ဖြစ်လာရေး တောင်ကိုရီးယားတို့ ဘက်ကလည်း လိုလား နေသည်။ ကိုလံဘီယာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မည်သည့်ကြားနေ နိုင်ငံကမှ ကူညီပေးခြင်း မရှိသကဲ့သို့ ယခုကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးတွင်လည်း အမေရိကန်၏ ကြားဝင်မှုကို မကျေနပ်သည့် သူများလည်း ရှိသည်။

လက်ရှိဖြစ်စဉ်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့က အဆင်ပြေနေသော်လည်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့က တစ်ဖက် တစ်လမ်းဆီကို ပြန်လှည့်နေကြသည်။ ထို အတိုင်းသာ ရှေ့ဆက်သွားလျှင် အဆင်ပြေနေသည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံ ရေးကိုပင် သက်ရောက်လာမည်ကို စိုးရိမ်စရာ ဖြစ်လာသည်။ သို့သော် မွန်ဂျေး အင်က ထရမ့်နှင့် ကင်ဂျုံအွန်တို့ အဆင်မပြေမှုကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ၎င်းတို့ နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးစားပေးကာ ရှေ့ဆက်၍ တစိုက်မတ်မတ် လုပ်ဆောင်နေ သည်။

လက်ရှိ နှစ်နိုင်ငံကြား တိုးတက်လာသည့် အစီအစဉ်များကလည်း အမေရိကန်နှင့် မွန်ဂျေးအင် ကြောင့်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ၎င်းကိုယ်တိုင် ကင်ဂျုံအွန်ကို ယုံကြည်မှုပေးပြီး သံတမန်ရေး ကမ်းလှမ်းမှုများကို စခဲ့သောကြောင့်သာ ယခုဖြစ်စဉ်များက အစပြုလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အပြန်အလှန် ယုံကြည်မှုကို မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့ တည်ဆောက် နေကြ ကာ ငြိမ်းချမ်းရေး အတွက် ထိုအချက်က အဓိက အကျဆုံးအချက်ဖြစ်သည်။ ထို့ကြောင့်သာ မွန်ဂျေးအင်က ကင်ဂျုံအွန်ကို ယုံကြည်ပေးပြီး နယ်စပ်တပ်ဖွဲ့များကိုဖျက် သိမ်းရေးဆွေးနွေးခဲ့ ခြင်း ဖြစ်သည်။ ထရမ့်က ထိုဖြစ်စဉ်ကို သိပ်သဘောကျပုံ မပေါ်ပေ။

ထို့ကြောင့်သာ နစ်ကီဟာလေပါးစပ်က မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ အနည်း ငယ်ကြမ်းတမ်းသော စကားလုံးများ ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မွန်ဂျေးအင်က ယုံကြည်မှုရှိရှိနှင့် ရှေ့ဆက်လျှောက် နေသည်။ အမေရိကန် ဝင်မပါလာလျှင်ဖြစ်စေ၊ ပါလာ လျှင်ဖြစ်စေ ရှေ့ဆက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို မွန်ဂျေးအင် ချထားပုံရသည်။ လက်ရှိ ထရမ့်က ဥရောပတို့ ကိုယ်ပိုင် ကာကွယ်ရေး စစ်တပ်တည်ထောင်ရေး ဆိုသည့်အချက်နှင့် အငြင်းပွားနေကာ မြောက်ကိုရီးယား အရေးကို လတ်တလော သိပ်အလေးထားပုံမရပေ။

သို့သော် သူမပါလည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးက တစ်ဆင့်ချင်း ကောင်းမွန်လာ သည်။ ငြိမ်းချမ်းရေးမှတစ်ဆင့် နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်ဆီသို့ တစ်လှမ်းချင်း သွားမည့်ပုံစံမျိုး မွန်ဂျေးအင် တွေ့နေရသည်။ ထို့ကြောင့် အမေရိကန်မပါဘဲ တောင်ကိုရီးယား တို့ ငြိမ်းချမ်းရေးနှင့် နျူကလီးယား ဖျက်သိမ်းရေးကို မည်မျှအတိုင်းအတာအထိ ခရီးရောက် မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Ref;BBC

Read 103 times
Rate this item
(0 votes)
Last modified on Wednesday, 14 November 2018 09:50