SJ WorldNews - шаблон joomla Авто

လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်ကို ဖြန့်ကြက်ခြင်းဖြင့် အီရန်ကို သတိပေးလိုက်သည့် အမေရိကန်

Wednesday, 08 May 2019 12:17 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ ချုပ်ဆိုထားသည့် နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ပြီး နောက်ပိုင်း အီရန်အပေါ် တင်းကျပ်သော အရေးယူ ပိတ်ဆို့မှုများစွာကို ချမှတ်ခဲ့သည့် အချိန်မှစ၍ အမေရိကန်နှင့် အီရန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ တင်းမာသည်ထက် တင်းမာလာသည်။

ထို့ပြင် ယခင်က အမေရိကန်သည် အီရန်နိုင်ငံမှ ရေနံကို အဓိကထား တင်သွင်းနေသည့် နိုင်ငံတချို့ကို အရေးယူ ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ပေးခဲ့သည်။ သို့သော် အဆိုပါ ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုပေးမည် မဟုတ်ကြောင်း အမေရိကန် အစိုးရက ပြီးခဲ့သည့်လက ကြေညာလိုက်သည်။ ကင်းလွတ်ခွင့်ရသည့် နိုင်ငံများ၌ အမေရိကန်၏ မဟာမိတ်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တူရကီနိုင်ငံအပြင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။

ယခုအခါ ထိုနိုင်ငံကြီး များအနေဖြင့် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကို ရှောင်ရှားရန် အီရန်နိုင်ငံမှ ရေနံတင်သွင်း နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် အီရန်နိုင်ငံတို့၏ တင်းမာမှုများမှာ ပိုမိုမြင့်တက်လာသည်။ ထိုနှစ်နိုင်ငံကြား တင်းမာမှုကြောင့် အရှေ့အလယ်ပိုင်း ဒေသသည်လည်း စစ်ရေးအရ သော်လည်း ကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း ပိုမိုရှုပ်ထွေးသည့် အနေအထားသို့ ရောက်ရှိလာသည်။

ပြီးခဲ့သည့်လက အမေရိကန်က အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမည်စာရင်းသွင်းပြီးနောက် အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန် တပ်ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမည်စာရင်းသွင်းခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို အီရန်အစိုးရနှင့် အီရန်၏ ကိုယ်စားလှယ်များက တိုက်ခိုက်မည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

အဆိုပါ သတင်းများ ထွက်ပေါ်လာမှုကြောင့် အမေရိကန်က အီရန်နိုင်ငံကို သတိပေးသည့် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေး အုပ်တစ်အုပ်နှင့် ဗုံးကြဲတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပြီ ဖြစ်သည်။ စေလွှတ်လိုက်သည့် လေယာဉ်တင်သင်္ဘောမှာ USS Abraham Lincoln ဖြစ်ပြီး မရေရာသော စိန်ခေါ်မှုများနှင့် တင်းမာမှုများကို တုံ့ပြန်ရန် ဖြစ်သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောနှင့်အတူ စေလွှတ်လိုက်သည့် ဗုံးကြဲတပ်ဖွဲ့တွင် မြေပြင်အခြေစိုက် ဗုံးကြဲ လေယာဉ်များနှင့် တိုက်လေယာဉ်များ ပါဝင်ပြီး အာရပ်နိုင်ငံ တစ်ခုခုတွင် အခြေစိုက်မည်ဖြစ်သည်။

အလားတူ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များ သို့မဟုတ် မဟာမိတ်များအပေါ် ပြုလုပ်လာမည့် မည်သည့်တိုက်ခိုက်မှုမျိုးမဆို အမေရိကန်၏ ရက်စက်သော တိုက်ခိုက်မှုများနှင့် တွေ့ကြုံရမည်ဟု အီရန်နိုင်ငံကို ပွင့်ပွင့်လင်းလင်း သတိပေးလိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ နိုင်ငံတော်လုံခြုံရေး အကြံပေး ဂျွန်ဘော်တန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် အီရန်အစိုးရနှင့် စစ်ဖြစ်ရန် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ သို့သော် ဖြစ်ပေါ်လာနိုင်သော မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ထိထိရောက်ရောက် တုံ့ပြန်ရန် အပြည့်အဝ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်လာသူသည် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဖြစ်စေ၊ သမားရိုးကျ အီရန်တပ်မတော်ဖြစ်စေ လက်တုံ့ပြန်မည် ဖြစ်ကြောင်း ဂျွန်ဘော်တန်က ပြောသည်။

အီရတ်နှင့်ဆီးရီးယား မြေပေါ်ရှိ အမေရိကန် တပ်ဖွဲ့ဝင်များ အပါအဝင် ပင်လယ်ပြင်ရှိ အမေရိကန် တပ်ဖွဲ့များကိုပါ အီရန်နှင့်အီရန်သြဇာခံ တပ်ဖွဲ့များက တိုက်ခိုက်မည် ဟူသော သတင်းများ ရရှိပြီးနောက် အမေရိကန် အလယ်ပိုင်း ကွပ်ကဲမှုဌာနချုပ်က ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်ထံမှ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်ဖြန့်ကြက်ခွင့်ကို တောင်းခံခဲ့သည်။ အဆိုပါ တောင်းခံမှုကို ပက်ထရစ်ရှာနာဟန်က မေ ၅ ရက်က ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

အီရန်အစိုးရ အနေဖြင့် ရန်စကျူးကျော်မှုများကို ပြန်လည်ရုပ်သိမ်းရန် အမေရိကန် အစိုးရက တောင်းဆိုကြောင်း၊ သို့မဟုတ်ပါက အီရန်အနေဖြင့် ကြီးမားသော တန်ဖိုးကို ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း ပက်ထရစ်ရှာနာဟန်က ၎င်း၏တွစ်တာစာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန် အစိုးရသည် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံတမန်များကို ကာကွယ်ရန် တာဝန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတင်းထောက်များကို ပြောသည်။

အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည့် USS Abraham Lincoln သည် ဗာဂျီးနီးယားပြည်နယ် နော့ဖော့မြို့မှ ဧပြီ ၁ ရက်တွင် ထွက်ခွာလာခြင်း ဖြစ်ပြီး ဆန်ဒီယေးဂိုးဆိပ်ကမ်းသို့ ပြန်မဝင်မီ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်သည် မြေထဲပင်လယ်အတွင်း ရောက်ရှိနေသည်။

အမေရိကန် အစိုးရသည် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်များကို အရှေ့အလယ်ပိုင်းဒေသသို့ အမြဲမပြတ် စေလွှတ်ဖြန့်ကြက်ခဲ့ခြင်း ဖြစ်သည်။ အဓိကအားဖြင့် ပါရှန်းပင်လယ်ကွေ့၌ ဖြန့်ကြက်ခြင်း ဖြစ်သည်။ အီရတ်နှင့် ဆီးရီးယားတို့၌ စစ်ဖြစ်ပွားသည့် အချိန်တွင် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်နှစ်အုပ်အထိ ဖြန့်ကြက်ခဲ့သည်။ နောက်ပိုင်းမှသာ တိုက်ခိုက်ရေးအုပ်တစ်အုပ်အထိ လျှော့ချလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်ကို စေလွှတ်လိုက်ခြင်းသည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းလားဟု လေ့လာသူများကလည်း သုံးသပ်ထားသည်။

ထို့ကြောင့် USS Abraham Lincoln ဦးဆောင်သည့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်လိုက်ခြင်းသည် ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း သို့မဟုတ် အီရန်နိုင်ငံက လုပ်ဆောင်လာနိုင်သည့် တုံ့ပြန်မှုများကို ဟန့်တားသည့် အနေဖြင့် စစ်အင်အားပြခြင်း ဖြစ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မင်းခန့်တင်

Ref: ABC

Read 46 times
Rate this item
(0 votes)
Last modified on Wednesday, 08 May 2019 12:21