SJ WorldNews - шаблон joomla Авто

မက္ကဆီကိုနှင့် ကနေဒါအပေါ် အခွန်တိုးမြှင့်မှုများ ဖြေလျှော့ပေးလိုက်ပြန်သည့် အမေရိကန်

Tuesday, 21 May 2019 11:40 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်ထပ်မံမြင့်တက်ကာ  အခွန်၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ပြီးနောက် ကနေဒါနှင့် မက္ကဆီကိုတို့လည်း ၎င်းတို့၏    ကုန်စည်များအပေါ် ထပ်မံ တိုးကောက်မည်ကို စိုးရိမ်ခဲ့ကြသည်။ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလက တရုတ်အပါအဝင် ဥရောပနှင့် အမေရိကပါမကျန် ၎င်း၏ နိုင်ငံထဲသို့  တင်သွင်းလာသည့် ကုန်ပစ္စည်းမှန်သမျှကို ထရမ့်က အခွန်ကောက်ခံခဲ့သည်။

ထိုအထဲမှ လွတ်လပ်သော မြောက်အမေရိက သဘောတူစာချုပ်ကိုပါ ဖျက်သိမ်းပြီး ကနေဒါနှင့် မက္ကဆီကိုတို့ ပါလာခြင်းက ပုံမှန်မဟုတ်သည့် လုပ်ရပ်တစ်ခုဖြစ်ကာ ထိုနှစ်နိုင်ငံစလုံးကို အကျပ်ရိုက်စေခဲ့သည်။

မက္ကဆီကိုနှင့် ကနေဒါဆိုသည်မှာ အမေရိကန်နှင့် ကုန်သွယ်ရေးကို အဓိကအားထား နေကြရသည့် နိုင်ငံများဖြစ်ကာ ထရမ့်၏ အခွန်စနစ်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထရမ့်ကလည်း ထိုအတိုင်းဖြစ်စေရန်ပင်  တမင်ရည်ရွယ် ထားပုံရသည်။ 

ယခုတော့ ထိုအခွန်ကောက်ခံမှုပုံစံများကို ထရမ့်က ပုံစံသစ်ပြောင်းကာ USMCA ဟု ခေါ်သည့် လွတ်လပ်သော သဘောတူစာချုပ် တစ်ရပ်ကို ထပ်မံချုပ်ဆိုကာ မက္ကဆီကိုနှင့် ကနေဒါကို ချည်နှောင်လိုက်ပြန်သည်။

လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သစ်ဟု ဆိုသော်လည်း ၁၉၉၆ ခုနှစ်က   သဘောတူခဲ့သည့် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်နှင့် မခြားနားဘဲ  အသွင်ပြောင်းထားသည့် ထရမ့်ဗားရှင်းစာချုပ်ဖြစ်သည်။ ယခု ထရမ့်က USMCA သဘောတူညီချက်ဟုဆိုကာ သံမဏိနှင့် အလူမီနီယံ သွင်းကုန်များ အပေါ်  အခွန် ကောက်ခံမှုကို ကနေဒါနှင့် မက္ကဆီကိုသို့ ပေးအပ်လိုက်ပြန်ပြီဖြစ်သည်။

ကနေဒါနှင့်မက္ကဆီကိုတို့ ထရမ့်ကြောင့် မည်မျှအထိ စိတ်သောကရောက်ခဲ့ကြသလဲ ဆိုလျှင်  ကုန်သွယ်ရေး သဘောတူညီချက်များကိုပင်  တရုတ်အထိ  သွားရောက် တောင်းခံခဲ့ကြသည်။ ကနေဒါဝန်ကြီးချုပ် ထရူးဒေါဆိုလျှင် အလီဘာဘာကုမ္ပဏီ ဥက္ကဋ္ဌ ဂျက်မားနှင့်ပင်   သွားရောက်တွေ့ဆုံပြီး အလတ်စားလုပ်ငန်းများ  ၎င်း၏နိုင်ငံ၌ လာရောက်ချဲ့ထွင်ရန် အထိ  ဆွေးနွေးခဲ့သည်။

ထိုအချိန်တုန်းက မက္ကဆီကိုနှင့် ထရမ့်တံတိုင်းခတ်မည့် ကိစ္စအပါအဝင် ရွေးကောက်ပွဲနှင့် နီးနေသောကြောင့်  ထရမ့်အညာမိသွားခြင်းဖြစ်သည်။ ထို့နောက် အသစ်တက်လာသည့် မက္ကဆီကိုအစိုးရနှင့် အဆင်ပြေစေရန် ကုန်သွယ်ရေး သဘောတူညီချက်သစ်ကို ပေး၍ ယုံကြည်ချက် တည်ဆောက်ခဲ့ရာ ယခုဆိုလျှင် ထရမ့်က မက္ကဆီကိုတို့၏ ကျေးဇူးရှင်ကြီး ပြန်ဖြစ်သွားပြီဖြစ်သည်။ မက္ကဆီကိုနှင့် အမေရိကန်တို့၏ နှစ်စဉ်ကုန်သွယ်ရေး တန်ဖိုးက  အမေရိကန်ဒေါ်လာ  ဘီလီယံ ၆၇ဝ ကျော်အထိ ရှိနေသောကြောင့်ဖြစ်သည်။

ကနေဒါက ထရမ့်၏ အသုံးချခံ နယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့ကာ   ထိုအတွက်ကြောင့် တရုတ်နှင့်ပြဿနာဖြစ်ခဲ့ရသည်။ တရုတ်၏ အကြီးဆုံးနည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေး၏   ဘဏ္ဍာရေး အကြီးအကဲကို အမေရိကန် အလိုတော်အတိုင်း   ဖမ်းဆီးပေးခဲ့ကာ ယခုအချိန်ထိ မပြီးဆုံးနိုင်သေးသည့် တရားရေးရာနှင့် နိုင်ငံခြားရေးရာများကို ဖြေရှင်းနေရဆဲဖြစ်သည်။

ထရမ့်က တရုတ်ကို ကုန်သွယ်ရေး အခွန်တိုးမြှင့်မှုများသာမက  ဈေးကွက် ပိတ်ဆို့မှုများအထိ ပြုလုပ်ပြီး   တရုတ်စီးပွားရေးကို ကန့်သတ်နိုင်ရန်ကြိုးစားလာနေကာ ပြည်တွင်းအမေရိကန် ကုမ္ပဏီများကိုလည်း တရုတ်သို့ မရောင်းချရ တံဆိပ်တပ်ကာ တားဆီးခဲ့သေးသည်။ တရုတ်နှင့်ပတ်သက်လာလျှင် ထရမ့်က  ဆတ်ဆတ်ထိမခံသူဖြစ်သည်။

မကြာသေးမီက  ထောက်လှမ်းရေး အကြီးအကဲဟောင်း တစ်ဦးကို  လျို့ဝှက် အချက်အလက်များ တရုတ်သူလျှိုများထံ ရောင်းချပေးမှုကြောင့် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခဲ့သေးသည်။

တရုတ်တို့က ကုန်သွယ်ရေးနှင့် ဈေးကွက်အရ အမေရိကန်၏ ပိတ်ဆို့မှုများ အပေါ် ပြန်လည်ပေးဆပ်ရမည်ဟု ဆိုထားကာ ထိုနှစ်နိုင်ငံ ကုန်သွယ်ရေး ပဋိပက္ခ ဥရောပဘက်ခြမ်းကို တရုတ်နှင့် ပိုမိုနီးကပ်သွားစေသည်ဟု ဆိုရမည်ဖြစ်သည်။ ပြင်သစ်ဆိုလျှင် မက်ခရွန်ကိုယ်တိုင် အမေရိကန်ကို   ယခုထက်ပိုပြီး ယုံစား၍မရတော့ကြောင်း ပြောကာ ဥရောပ ကိုယ်ပိုင်တပ်မတော်တစ်ခု တည်ဆောက်ရေးကိုပင် တိုက်တွန်းခဲ့သေးသည်။ အဆိုးရွားဆုံး တစ်ချက်က အမေရိကန်၏ အကြီးမားဆုံး ကုန်သွယ်ဖက် အဖွဲ့အစည်းကြီး ဥရောပကိုပင်မချန် တရုတ်နှင့်တန်းတူ ၎င်း၏နိုင်ငံအပေါ် သွင်းကုန်များကို အခွန်တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ယခုတရုတ်တို့က    ဥရောပနှင့် ပိုမိုနီးကပ်လာကာ မြောက်အမေရိကက အမေရိကန်နှင့် ပုံမှန်အတိုင်း ဆက်ဆံရေးပြန်လည် ရရှိသွားပြီဟု ဆိုရမည်ဖြစ်သည်။  သို့သော် တံတိုင်းဆောက်သည့် ထရမ့်ဆုံးဖြတ်ချက်ကို   မက္ကဆီကို အစိုးရသစ်ကလည်း သဘောမတူပေ။  သို့သော်  ထရမ့်နှင့် ဆန့်ကျင်ဘက် မလုပ်ချင်သည့် မက္ကဆီကို အစိုးရသစ်က လိုက်လျောညီထွေနေကာ ကုန်သွယ်ရေးဘက်ကိုပင် ဦးတည်သွားနေပြီး ရွေးကောက်ပွဲ ကတိအတိုင်း  စီးပွားရေးကို  တစိုက်မတ်မတ် မြှင့်တင်လာသည်ဟု ဆိုရမည်ဖြစ်သည်။

သို့သော်  ကနေဒါထက်  မက္ကဆီကို အစိုးရ  တရုတ်နှင့် အဆင်ပြေနေသည်က ဟွာဝေး CFO ကဲ့သို့ ကိစ္စမျိုးမဖြစ်သောကြောင့်ဖြစ်သည်။ တကယ်တမ်းဆိုလျှင် အမေရိကန်ကိုယ်တိုင်လည်း ကနေဒါနှင့် မက္ကဆီကိုတို့အပေါ် ပစ်ပယ်၍မရပေ။ ထရီလီယံနှင့် ချီသည့်  ကုန်သွယ်ရေးတန်ဖိုးကို အမေရိကန်တို့ ပစ်ပယ်လိုက်ပါက တရုတ်တို့ ယှဉ်ပြိုင်နေသည့် ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်တို့ အထိနာသွားနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ၎င်းလိုချင်သည့်ပုံစံကို ထရမ့်က တစ်ဖက်လှည့်နှင့် လုပ်ယူသွားခြင်းဖြစ်သည်။ ကြားထဲက  အဓိကခံစားခဲ့ရသည့် နိုင်ငံက ကနေဒါဖြစ်သည်။  အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်သစ်ကို ရသော်လည်း    တရုတ်နှင့် ဆက်ဆံရေး အဆိုးရွားဆုံး ပျက်စီးခဲ့သည်။ ထိုအချက်က နောက်ဆုံး ကနေဒါနိုင်ငံသားတို့ အပေါ် တရုတ်တို့ ပစ်မှတ်ထားခဲ့သည်အထိ ဖြစ်ကာ ကနေဒါအစိုးရက ၎င်း၏နိုင်ငံသားများကို တရုတ်နိုင်ငံ၌ သတိနှင့် နေထိုင်ကြရန်ကိုပါ ကြောညာချက် ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်သည်။

လက်ရှိ တရုတ်တို့ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည့် နိုင်ငံက အမေရိကန်ဖြစ်သည်။  ကမ္ဘာ့စူပါပါဝါ နိုင်ငံတစ်ခုအဖြစ် အမေရိကန်ထက် ကျော်လွန်ရန်အထိ တရုတ်တို့ ရည်မှန်းထားကာ ထိုအထဲမှာ ဟွာဝေးကို ဦးတည်ပြီး ဈေးကွက်ချဲ့ထွင်ရန်လည်းပါဝင်သည်။ ဟွာဝေး၏ အနောက်ကမ္ဘာခြမ်းကို အောင်မြင်မှုက ဗြိတိန်ကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံကပင်   ဟွာဝေးကုမ္ပဏီထုတ် ဆက်သွယ်ရေးပစ္စည်းများကို ဝယ်သုံးသည်အထိဖြစ်သည်။ ထို့ပြင်ဆက်သွယ်ရေး အတွက် တရုတ်ဂြိုဟ်တု ကုမ္ပဏီများကိုပင် ဂြိုဟ်တုအတွဲလိုက် လွှတ်တင်ရန်  ငှားရမ်းခဲ့သေးသည်။

ယခုတော့ အမေရိကန်၏ ဟွာဝေးအပေါ် သူလျှိုစွပ်စွဲမှုများကြောင့် ဟွာဝေး၏ အနောက် ကမ္ဘာခြမ်းမှာ  ပုံရိပ်က  ကျဆင်းလာကာ တရားခံက အမေရိကန်အဖြစ် တရုတ်တို့က စွပ်စွဲထားသည်။ 

သို့သော်  ထရမ့်က ပထမတွင် အများစုကို အခွန်တိုးမြှင့်လိုက်သောကြောင့်  တရုတ်မုန်းတီးရေး ဝါဒီအဖြစ်မှ  လွတ်မြောက်ခဲ့ကာ ယခု တရုတ်ကို ဦးတည်ပြီး သီးသန့်၂၅ ရာခိုင်နှုန်း အခွန်ချမှတ်၊  ကနေဒါနှင့် မက္ကဆီကို လွတ်မြောက်ခွင့်ပေး၊ ဥရောပကို ပုံမှန်အတိုင်း ၁ဝ ရာခိုင်နှုန်းသာ ထားသောကြောင့်  တရုတ်မုန်းတီးရေးသမား တစ်ဦးအဖြစ်   ပိုမိုပေါ်လွင်လာနေကာ  မက္ကဆီကိုနှင့် ကနေဒါတို့အတွက်  ယခုအချိန်တွင် ကျေးဇူးရှင် တစ်ယောက် အဖြစ် ထပ်မံရောက်ရှိ သွားပါကြောင်း တင်ပြလိုက်ရပါသည်။           

Read 32 times
Rate this item
(0 votes)
Last modified on Tuesday, 21 May 2019 11:41