SJ WorldNews - шаблон joomla Авто

ၾသစေၾတးလ် ရွေးကောက်ပွဲ၌ (၃)ကြိမ်မြောက် ထပ်မံ အနိုင်ရရှိသည့် ကွန်ဆာဗေးတစ် ပါတီ

Wednesday, 22 May 2019 10:06 Written by  font size decrease font size decrease font size increase font size increase font size

လက်ရှိ အာရှ၌ ထင်မှတ်မထားသည့် နိုင်ငံရေး အပြောင်းအလဲ တစ်ခုကိုပြရလျှင်     အထင်နှင့်အမြင် ဆန့်ကျင်ဘက် ပြောင်းလဲသွားသော    သြစတြေးလျ  ရွေးကောက်ပွဲကို ပြရမည်ဖြစ်သည်။ အဓိက အတိုက်အခံပါတီနှစ်ခု၏  အားပြိုင်မှုက ကြိုတင်ခန့်မှန်းထား သည့်အတိုင်း ဖြစ်မလာဘဲ လက်ရှိအာဏာရ ပါတီကပင်  မဲအများစုဖြင့် (၃)ကြိမ်မြောက်   ထပ်မံအနိုင်ရရှိသွားသည်။

ဝန်ကြီးချုပ်မောရစ်ဆင်၏ ကွန်ဆာဗေးတစ် ညွန့်ပေါင်းပါတီက အလုပ်သမားပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသောကြောင့် မောရစ်ဆင် ကိုယ်တိုင် အောင်ပွဲ မိန့်ခွန်းကို ပြောကြားခဲ့သည်။အကျိုးဆက်အနေဖြင့် အလုပ်သမားပါတီ၏ ခေါင်းဆောင်ရှော့လ်တန် ပါတီ ခေါင်းဆောင်ရာထူးမှ နုတ်ထွက်သွားပြီး   အနာဂတ်တွင်လည်း  ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

မောရစ်ဆင်၏  ကွန်ဆာဗေးတစ် ညွန့်ပေါင်းပါတီ အနိုင်ရရှိခြင်းမှာ  လေဘာပါတီထက် ပိုမိုကောင်းမွန်သည့် စီးပွားရေးအကွက်များကို ချပြနိုင်ခဲ့သောကြောင့် ဖြစ်ပြီး လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ သဘာဝ ပတ်ဝန်းကျင်နှင့်    နေထိုင်မှုစရိတ်မြင့်မားမှု လျှော့ချရေးတို့ကလည်း အဓိကနေရာမှ ပါဝင်ခဲ့သည်။

သြစတြေးလျ၌  ဝန်ကြီးချုပ်နေရာမှာ အမြဲတစေ အပြောင်းအလဲရှိနေပြီး  အယုံအကြည်မရှိ အဆိုတင်သွင်းကာ ဖြုတ်ချနိုင်သည်အထိ အခွင့်အရေး ပေးထားပြန်သည်။ ၂ဝ၁၇ ခုနှစ်က ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူးသည် ၎င်း၏ရာထူးသက်တမ်း တစ်နှစ်ကျော်သာကြာမြင့်သေး သည့် အချိန်တွင် အယုံအကြည်မရှိ အဆိုဖြင့် နုတ်ထွက်ခဲ့ရသည်။   ယင်းအချက်ကို အသုံးပြုသူက    လက်ရှိ ရွေးကောက်ပွဲတွင် အနိုင်ရသည့် မောရစ်ဆင်ဖြစ်သည်။

မောရစ်ဆင်က တရုတ်လွှမ်းမိုးမှုကို ဆန့်ကျင်သူဖြစ်ပြီး တန်ဘူးက တရုတ်တို့ကို သဘောထား ပျော့ပျောင်းစွာ လက်ခံပေးခဲ့သူဖြစ်သည်။ ထို့ပြင် တန်ဘူး ဝန်ကြီးချုပ်ဖြစ်စဉ်က တရုတ်နှင့် သဘောတူညီချက် ရယူခဲ့သော ဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များကိုလည်း    လက်ရှိဝန်ကြီးချုပ်   မောရစ်ဆင်က ပြန်လည် ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေသည်။အဆိုပါ ကြိုးပမ်းမှုကို ၂ဝ၁၈ ခုနှစ် အစောပိုင်းက မောရစ်ဆင် ကိုယ်တိုင်ပြောကြားခဲ့သည့် အာရှပစိဖိတ်ဒေသ၌ တရုတ်လွှမ်းမိုးမှုကို  တန်ပြန်ရန် လိုသည်ဟူသော  မိန့်ခွန်းကို ထောက်ရှု၍ သိမြင်နိုင်သည်။

ထို့ပြင် လက်ရှိ သြစတြေးလျ၌  အသုံးပြုနေသည့် ဆက်သွယ်ရေး ကိရိယာများ အသစ်တပ်ဆင်လျှင် တရုတ်နည်းပညာ ကုမ္ပဏီများထံမှ ဝယ်ယူအသုံးပြုမည် မဟုတ်ဟု ဆိုထားပြန်ကာ  ZTE လျှပ်စစ်ပစ္စည်းများကိုလည်း သြစတြးလျအစိုးရက ပိတ်ပင်လိုက်သည်။   ထိုအချက်က မောရစ်ဆင်၏ တရုတ်သြဇာကို ပယ်ဖျက်နိုင်ရန် ကြိုးပမ်းချက်များဖြစ်သည်။ ယင်းသြစတြေးလျ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရုတ်တို့ မပျော်နိုင်ဖြစ်ခဲ့သည့် သြစတြေးလျ ရွေးကောက်ပွဲဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြ သည်။

တရုတ်တို့က  လေဘာပါတီအနိုင်ရရန်  ထောက်ခံကြကာ  ရွေးကောက်ပွဲ စရိတ်များကိုပင်  သြစတြေးလျရောက် တရုတ်သန်းကြွယ်သူဌေးများက ရန်ပုံငွေ ပံ့ပိုးပေးခဲ့ကြသည်။  သို့သော်  ထိုအရာများက   အချည်းနှီး ဖြစ်သွားကာ ပိုးလမ်းမ စီမံကိန်းကြီးတွင်လည်း သြစတြေးလျကို တရုတ်တို့ဆွဲထည့်၍ မရတော့ပေ။   တရုတ်တို့ မျှော်လင့်ထားသည်မှာ One Belt One  Road  တွင် သြစတြေးလျကို ပါဝင်လာစေရန်ဖြစ်သည်။    သို့သော် ယခုအခါ    ထိုမျှော်လင့်ချက်များ  ပျောက်ကွယ်ခဲ့ရပြီ ဖြစ်သည်။ မောရစ်ဆင်က ယင်းစီမံကိန်းတွင် ပါဝင်ရန်   ငြင်းဆိုလိုက်ပြီး ၎င်းကိုယ်တိုင်  အာရှပစိဖိတ် အပါအဝင် အရှေ့တရုတ် ပင်လယ်ပြင်၌ တရုတ်တို့၏ လုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုလိုက်သည်။

သြစတြေးလျအနေဖြင့် နိုင်ငံရေးအရသာ တရုတ်ကို ငြင်းပယ်လိုက ငြင်းပယ်နိုင်မည်ဖြစ်ပြီး စီးပွားရေးတွင် တရုတ်ကို   ပစ်ပယ်၍ မရသေးပေ။  အဘယ်ကြောင့် ဆိုသော်  တရုတ်က  နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်အဖြစ် ရှိနေသောကြောင့်ဖြစ်သည်။ တစ်ဆက်တည်း မှာပင် သြစတြေးလျတို့၏ 5G ကွန်ရက် တပ်ဆင်မှုများတွင်လည်း  ဟွာဝေးနည်းပညာ ကုမ္ပဏီထုတ်ပစ္စည်းများကို အသုံးပြုတော့မည် မဟုတ်ဟု ကြေညာချက်ထုတ်ပြန် လိုက်သောကြောင့်   ဗြိတိန်ကလည်း   ထိုအတိုင်းပင် ထုတ်ပြန်လိုက်သည်။

ထို့ကြောင့် ဟွာဝေးကုမ္ပဏီ အနေဖြင့် အထိနာပြီးရင်း နာနေရသည်။ အမေရိကန်၌ ထရမ့်က တရုတ်ကုမ္ပဏီ များထံမှ ပစ္စည်းများ ဝယ်ယူလိုလျှင် လိုင်စင်ယူရမည်ဟု ကြေညာလိုက်သောကြောင့်  Google ကလည်း ၎င်းဝန်ဆောင်မှု ပေးထားသည့် ဟွာဝေးစမတ်ဖုန်းများမှ Application များကို ဖြုတ်ချမည်ဟု ဆိုလိုက်ပြန်သည်။ ယင်းအတွက် ဟွာဝေးစမတ်ဖုန်းများမှ Google Map နှင့် Youtube ကဲ့သို့ Application များကို  အသုံးပြုခွင့် ရရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် လက်ရှိနည်းပညာပြိုင်ဆိုင်မှု အားကောင်းလာသည့်ခေတ်တွင် ဟွာဝေးအနေဖြင့် အနည်းငယ် နောက်ကျကျန်တော့မည်ဖြစ်ကာ အမေရိကန်နှင့် တရုတ်၏ နိုင်ငံရေး ဒီရေ အားပြိုင်မှုများကြား အထိနာပြီးရင်း နာနေရတော့သည်။ ဟွာဝေးကုမ္ပဏီ တည်ထောင်သူသည် တရုတ်ထိပ်ပိုင်း   အငြိမ်းစား အရာရှိတစ်ဦးဖြစ်သောကြောင့် အမေရိကန်တို့က ထိုအချက်ကို ထောက်ရှုပြီး ဟွာဝေးက သူလျှိုလုပ်နေသည်ဟု စွပ်စွဲလိုက်ခြင်းဖြစ်သည်။ ထိုစွပ်စွဲချက်များဖြင့် ဟွာဝေးဈေးကွက်များကို ပိတ်ပင်ရန်ကြိုးစားနေသည့် အမေရိကန်တို့၏ လုပ်ရပ်များကလည်း အောင်မြင်သည်။

လက်ရှိတွင်  အာရှနှင့် ဥရောပဘက်၌ ဟွာဝေးဆန့်ကျင်ရေး အသံများ ပိုမိုကျယ်လောင်လာပြီး ထိုအသံများက တရုတ်သြဇာမကင်းသည့် သြစတြေးလျအထိပင် ပျံ့နှံ့သွားတော့သည်။  စီးပွားရေးအရ  အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံကို ပိတ်ပင်မှုများ တင်းကျပ်စွာပြုလုပ် ခြင်းက သြစတြေးလျ၏ မည်သူမျှ မလုပ်နိုင်သည့် လုပ်ရပ်ဖြစ်ပြီး    ထိုလုပ်ရပ်များကို   တန်ပြန်သည့်အနေဖြင့် တရုတ်တို့က သြစတြေးလျထံမှ ဝယ်ယူသည့် ကျောက်မီးသွေးများကို ရက် ၄ဝ ကျော်ကြာသည်အထိ ဆိုင်းငံ့ထားလိုက်သည်။

 

သို့သော်လည်း တရုတ်၏ လုပ်ရပ်ကို သြစတြေးလျက  တုန်လှုပ်ခြင်းမရှိဘဲ  တရုတ်တို့နှင့်  စီးပွားရေးက တခြား၊ နိုင်ငံရေးကတခြား သီးခြားဖြစ်စေရန် မောရစ်ဆင် ကိုယ်တိုင်ကြိုးစားနေသည်။   မောရစ်ဆင်၏  အထူးခြားဆုံး လုပ်ရပ်တစ်ခုမှာ  ပြည်တွင်းရေးနှင့် ပတ်သက်ပြီး ပြည်ပအကူအညီ ရယူမှုနှင့် ပြည်ပက ကြားဝင်စွက်ဖက် မှုကို တားမြစ်ရန်ဟူသည့် ဥပဒေပြဋ္ဌာန်း နိုင်သည်အထိ ကြိုးပမ်းလာမှုပင်ဖြစ်သည်။

၂ဝဝ၇ ခုနှစ်မှစ၍  သြစတြေးလျ၌ ပါတီတစ်ခု တည်းက အပြတ်အသတ် အနိုင်ရရှိမှုမျိုးမရှိခဲ့သော်လည်း လေဘာပါတီက သီးခြားရပ်တည်ပြီး လစ်ဘရယ်ပါတီက အမျိုးသားရေး ပါတီနှင့်ပူးပေါင်းကာ   ညွန့်ပေါင်းအဖွဲ့ ဖွဲ့ရသည် အထိဖြစ်လာသည်။ ထို့ကြောင့် သြစတြေးလျ ဝန်ကြီးချုပ်ရာထူးက   မငြိမ်မသက်ဖြစ်ခဲ့ရကာ  ယခုအခါ  မောရစ်ဆင် လက်ထက်  ကွယ်ပျောက်နေသည့် ဝန်ကြီးချုပ်ရာထူး မငြိမ်သက်မှုက ပြန်လည် တည်ငြိမ်စ ပြုလာသည်ဟု ဆိုရမည်ဖြစ်သည်။

မောရစ်ဆင် အဓိက အားထားသည်က လူငယ်ထုကြီး၏ အားဖြစ်သည်။  မောရစ်ဆင်၏   ရွေးကောက်ပွဲကို  အောင်မြင်စေသော မိန့်ခွန်းမှာ  လူငယ်များ  အလုပ်အကိုင် အခွင့်အလမ်းများ မကြာမီရရှိတော့မည်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့် အပြည့်အဝရတော့မည်၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုများကိုလည်း   စိတ်ကြိုက်ဖြစ်စေရမည် ဟူသည့် အချက်များ ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မောရစ်ဆင်က ထူးခြားသည့် ကွန်ဆာဗေးတစ် တစ်ဦးအနေဖြင့် သြစတြေးလျ၌ ဂုဏ်သတင်း ကျော်စောနေပြီဖြစ်ကြောင်း     ရေးသား တင်ပြလိုက်ပါသည်။ 

ရှိန်းထက်

Read 47 times
Rate this item
(0 votes)
Last modified on Wednesday, 22 May 2019 10:08