SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံသည် ထရမ့်၏ နောက်ထပ်ဖွင့်မည့် ကုန်သွယ်ရေး စစ်မျက်နှာပြင် တစ်ခုလား

Wednesday, 29 May 2019 10:28 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ်က စတင်သည့် တရုတ်နှင့် အမေရိကန်တို့ ကုန်သွယ်ရေး စစ်ပွဲအရှိန် ထပ်မံမြင့်တက်နေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  နောက်ထပ် စစ်မျက်နှာပြင် တစ်ခုကို အာရှ၌ ထပ်ဖွင့်လိုက်ပြန်ပြီလားဟု စိုးရိမ် စရာဖြစ် လာသည်။

မေ ၂၅ ရက်က ထရမ့်၏ ဂျပန်ခရီးစဉ်အတွင်း ဂျပန်နှင့်ကုန်သွယ်ရေး မညီမျှမှုကိုဖြေရှင်းမည်ဟု ဆိုထားသောကြောင့် အကယ်၍သာ ဂျပန်နှင့် တစ်စုံတစ်ရာ ညှိနှိုင်းမှု အဆင်မပြေပါက နောက်ထပ်ဖြစ်လာမည့် ကုန်သွယ်ရေး စစ်ပွဲတစ်ခုအဖြစ် ဂျပန်ပြည်တွင်းစီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး ကွာဟမှုတန်ဖိုးက   အမေရိကန်ဒေါ်လာ၃ဝဝ ဘီလီယံကျော်ဖြစ်သည်။ ထိုတန်ဖိုးကို ပထမက ရှီကျင့်ဖျင်က ညီမျှစေရမည်ဟု ကတိပေးသော်လည်း ထရမ့်က ကတိမတည်ဟု ဆိုကာ တရုတ်ပို့ကုန် ၂ဝဝ ဘီလီယံကို ၂၅ ရာခိုင်နှုန်း အခွန်တိုး ကောက်လိုက်ခြင်းဖြစ်သည်။ ယခုလည်း ဂျပန်ကား ကုမ္ပဏီများ၏  ကုန်သွယ်ရေး မညီမျှမှုကို  ထရမ့်က အမြင်မကြည်မလင်ဖြစ်နေသည်။

ထိုအရာကို  ဂျပန်အစိုးရ၏ လုပ်ကွက်အဖြစ် ထရမ့်ကမြင်ပြီး အဓိက အကြောင်းရင်းမှာ အမေရိကန်ကား ကုမ္ပဏီများ တင်ပို့မည့်အခွန်ကို အမြင့်ဆုံး အနေအထားသို့ မြှင့်တင်ထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း အမေရိကန်သို့ ဂျပန်တို့  ကားတင်သွင်းနေသည်က  နှစ်စဉ် သန်းနှင့်ချီရှိသည်။ နှစ်စဉ်  အမေရိကန်ဒေါ်လာ ၅ဝ ဘီလီယံကျော်ဖိုး အထိပင် ဂျပန်ကားများကို အမေရိကန်သို့ သွင်းနေပြီး အမေရိကန်က ဂျပန်သို့ပြန်၍ သွင်းရသည့် ကားအရေအတွက်က ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။

အမေရိကန် ကုမ္ပဏီကြီးများ ဖြစ်သည့် Ford နှင့် GM ကဲ့သို့  ကုမ္ပဏီကြီးများ၏ ဈေးကွက်ပင် ဂျပန်၌ မည်မည်ရရချပြစရာ မရှိပေ။ ထိုအချက်က အဆိုးရွားဆုံးသော အမေရိကန်နှင့် ဂျပန်တို့ကြားမှ ကုန်သွယ်ရေး ကွာဟချက်ဖြစ်သည်။ တိုယိုတာ ကုမ္ပဏီသည် အမေရိကန်သို့ နှစ်စဉ် ကားအစီးရေ ၁ ဒသမ ၅ သန်းတင်ပို့နေကာ အမေရိကန်၌လည်း ရင်းနှီးမြှုပ်နှံမှု ဘီလီယံနှင့်ချီရှိသည်။  အမေရိကန်တို့အတွက်  အလုပ်အကိုင် အခွင့်အလမ်းပေါင်း ငါးသိန်းနီးပါး ဖန်တီးပေးထားသည်။

 တိုယိုတာ၏ သဘောထားက ပြတ်သားသည်။ အမေရိကန်တို့ ကုန်သွယ်ရေး မညီမျှမှုဟု ယူဆလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခွင့်ရှိသည်ဟု ဆိုသည်။ အကယ်၍ ဝန်ကြီးချုပ်ရှင် ဇိုအာဘေး၏  စကားအတိုင်း ဆိုပါက ၂၅ ရာခိုင်နှုန်းသော အခွန်တိုးကောက်မှုက ဂျပန်ဆီသို့မြားဦး လှည့်လာဦးမည်ဖြစ်သည်။ ထိုအချိန်ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်က  ရန်သူတော်ကြီးများ ဖြစ်ကြသည့်  တရုတ်နှင့်ဂျပန်တို့  ပိုမိုနီးကပ် သွားနိုင်သည်။

တရုတ်နှင့်ဂျပန်သာ ပူးပေါင်းသွားလျှင် ဆိုသည့်အတွေးကို တစ်ကြိမ် တွေးကြည့်လျှင်ပင် အမေရိကန်တို့ အတွက် ရင်ခုန်စရာချည်း ဖြစ်သည်။ အမေရိကန် စီးပွားရေးသမားတို့ ကိုယ်တိုင်က ရှေ့လေးငါးနှစ် ကြိုတွေးနေချိန် ဂျပန်တို့က   ရာစုနှစ် တစ်စုစာလောက် ကြိုတွေးပြီးပြီဟု ဝန်ခံထားဖူးသည်။ လက်ရှိ တရုတ်ဆိုသည်မှာလည်း ကမ္ဘာ့စီးပွားရေး၌ ဒုတိယဖြစ်လာသည့်အပြင် ထပ်မံအားကောင်းသည့် အရှိန်ဖြင့် အမေရိကန်ကို ယှဉ်ပြိုင်နေသည်။

ထိုအချိန် တရုတ်နှင့်ဂျပန်သာ ပေါင်းစည်းလိုက်ပါက  အမေရိကန်တို့အတွက်  ကောင်းကွက်များ ဖြစ်လာနိုင်စရာမရှိပေ။  

နာဇီကို အပြုတ်တိုက်ပြီးမှ မဟာမိတ်တို့ အာဏာခွဲဝေကြသကဲ့သို့  အမေရိကန်ကို တိုက်ပြီးမှ တရုတ်နှင့်ဂျပန်တို့ အာဏာခွဲဝေမှု လုပ်နိုင်သည်။ ထိုအချက်ကို အမေရိကန် နိုင်ငံရေး သမားတို့လည်း  စိုးရိမ်နေကြသည်။

ထို့ကြောင့် ထရမ့်၏ ဂျပန်နှင့်ဖြစ်မည့် ကုန်သွယ်ရေးစစ်ပွဲက ပိုမိုပေးဆပ် ရနိုင်ခြေများသည်။ ထို့ပြင် အာရှသို့ အမေရိကန်၏ လွှမ်းမိုးမှုအင်အားကလည်း အနည်းပါးဆုံး ဖြစ်သွားနိုင်သည်။ ဂျပန်က အမေရိကန်နှင့် ဆက်နွှယ်မှုတွင် စီးပွားရေးသာမက စစ်ရေးပါ အဓိက ဆက်စပ်နေသောကြောင့် ဖြစ်သည်။ အာရှ၌ တရုတ်တို့အင်အားကို ထိန်းညှိနိုင်ရေး အိုဘားမား လက်ထက်က ဂျပန်အစိုးရနှင့်  အကောင်းဆုံး ဆက်ဆံရေးရရှိစေရန် ဆောင်ရွက်ခဲ့သည်။

ယခု ထရမ့်လက်ထက်ကျတော့ ထိုအရာများကို ဖျက်ဆီးကာ စီးပွားရေးဘက်ကိုသာ ကြည့်ပြီး စစ်ရေးချိန်ခွင်လျှာဘက် မကြည့်သည့် ပုံစံဖြစ်နေသည်။ ထို့ပြင် အမေရိကန်၏ စီးပွားရေးသြဇာ အာရှ၌ ထပ်မံတိုးစေမည့် ပစိဖိတ်ဖြတ်ကျော် စီးပွားရေး သဘောတူညီမှုကိုလည်း ထရမ့်က နုတ်ထွက်ထားပြန်သည်။

ထိုအချက်ကြောင့် အိုဘားမားက အာရှတွင် အမေရိကန်၏ အင်အားချည့်နဲ့စေမည်ဟု မှတ်ချက်ချခဲ့သည်။

ယခုတော့ ဂျပန်သို့ သတိပေးစကားများနှင့် ထရမ့်ရောက်ရှိနေပြီဖြစ်သည်။  ဂျပန်စီးပွားရေး သမားတို့ကတော့ ဆက်လှုပ်ရှားနေကြကာ ထရမ့်ကတော့ ထိုကုန်သွယ်ရေး မညီမျှမှုကို အမေရိကန်တို့ ပေးထားသောကြောင့် ဂျပန်တို့က အမေရိကန်ကို ချစ်ကြခြင်းဖြစ်မည်ဟု လေပြည်လေးနှင့် နှုတ်ခွန်းဆက်ထားသည်။    ထိုနောက်ကွယ်မှာတော့ ကုန်သွယ်ရေး မညီမျှမှုကို အဖြေရှာမည်ဆိုသည့် စကားလုံးက  ဂျပန်အတွက် သတိပေးစကားလုံးများဖြစ်သည်။

ဟစ်တလာဦးဆောင်သော နာဇီတို့စစ်ရှုံးခဲ့သည့် အဓိကအချက်ကို ပညာရှင်အများစုက စစ်မျက်နှာပြင်များစွာ  ခွဲဖွင့်ခဲ့သောကြောင့်ဟု ဆိုသည်။ ထိုအတိုင်းဆိုလျှင် ယခုလည်း ထရမ့်က ကုန်သွယ်ရေး စစ်မျက်နှာပြင်များစွာ ဖွင့်နေသည်ဟု ပြောရမည်ဖြစ်သည်။ ပထမဆုံး တရုတ်ဘက်ကိုဖွင့်သည်။

ထို့နောက် ဥရောပဘက်ကို ဖွင့်သည်။ ယခုဂျပန်ဘက်သို့ ရောက်လာသည်။

ဥရောပဆိုသည်မှာ   အမေရိကန်၏ အကြီးမားဆုံး ကုန်သွယ်ရေး အဖွဲ့အစည်းဖြစ်ကာ တငွေ့ငွေ့ လောင်ကျွမ်းနေသည့် ထိုမီးက ဥရောပအဖွဲ့အစည်းကို အမေရိကန်အပေါ် ယုံကြည်မှုပျက်ပြားစေသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင်ပင် ဥရောပတို့ ကိုယ်ပိုင်တပ်မတော် တည်ထောင်ရန် စီစဉ်ထားသည်။  မက်ခရွန်က အမေရိကန်ကို  ယခုထက်ပိုပြီး ယုံစရာမရှိတော့ဟု  ပြတ်ပြတ်သားသား ပြောကာ ဥရောပ အသိုင်းအဝိုင်းကို  တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ထရမ့်နှင့် မက်ခရွန် တွေ့ခဲ့စဉ်ကလည်း အဆင်မပြေခဲ့ပေ။

ယခု ထရမ့်က မဟာမိတ်များကို ပစ်ပယ်ပြီး နယ်ပယ်သစ်များ ရှာဖွေချင်နေသည်။ပထမဆုံးကတော့ ရုရှားဖြစ်သည်။ ဒုတိယက အိန္ဒိယဖြစ်သည်။ ယခု ဂျပန်ကို အကြမ်းနည်းသုံးပြီး အိန္ဒိယကို အနုနည်းသုံးရန်  ထရမ့်အစီအစဉ် ဆွဲနေပုံရသည်။  စနိုးဒန်ပြောသကဲ့သို့ ဂျပန်တို့ကို  ထရမ့်က အိတ်ကပ်ထဲမှ နိုင်ငံအဖြစ် မြင်နေသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ တစ်ဖက်စောင်းနင်း မညီမျှခြင်းများကို      အာဏာသုံး၍ ဆွဲညှိယူနေခြင်းဖြစ်သည်။   သူကိုယ်တိုင် စစ်မျက်နှာပြင်  မည်မျှဖွင့်ထားမှန်း ထရမ့် မသိမဟုတ် သိသည်။ သို့သော်လည်း ၎င်းကို မည်သူမျှပစ်ပယ်၍ မရဟူသည့်အချက်ကို ထရမ့်က  ယုံကြည်မှု ပိုများနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အီရန်ကို ပြန်လည်ဖိနှိပ်ကာ ဆော်ဒီကို  စင်ပေါ်တင်ပေးလိုက်ခြင်း ဖြစ်သည်။ တစ်ဖက်မှာလည်း ဆော်ဒီကိုနှိမ်ရန် အစ္စရေးကိုလည်း အပြည့်အဝ ထောက်ခံ ပေးထားပြန်သည်။သို့သော်လည်း အရှေ့အလယ်ပိုင်းနှင့်   အရှေ့အာရှဘက်ခြမ်းက ဖွံ့ဖြိုးမှုချင်း မတူသကဲ့သို့   ယဉ်ကျေးမှုချင်းလည်း မတူညီပေ။    ထို့ကြောင့်    အရှေ့အလယ်ပိုင်း နည်းဗျူဟာများကဲ့သို့ ထရမ့်က အရှေ့အာရှ၌   သုံးလာလျှင်  အကြီးဆုံး အမှားတစ်ခုဖြစ်နိုင်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။                     

ရှိန်းထက်

Read 15 times
Rate this item
(0 votes)
Last modified on Wednesday, 29 May 2019 10:30

Latest from ကေတု