SJ WorldNews - шаблон joomla Авто

ကမ္ဘာပေါ်မှာ ကလေးငယ်များနေထိုင်ရန်အကောင်းဆုံးနိုင်ငံဖြစ်လာတဲ့ စင်ကာပူ

Thursday, 30 May 2019 12:35 Written by  font size decrease font size decrease font size increase font size increase font size

လူမှုဘဝ

ကမ္ဘာပေါ်တွင် ကလေးငယ်များနေထိုင် ရန်အကောင်းဆုံးနှင့် ဘေးကင်းမှုအရှိဆုံးနိုင်ငံမှာ   စင်ကာပူနိုင်ငံဖြစ်လာသည်။ စင်ကာပူနိုင်ငံသည် ကလေးငယ်များနေထိုင်ရန်အကောင်းဆုံး ၁ဝ နိုင်ငံတွင်ပါဝင်သည့် တောင်ကိုရီးယားနှင့်   အနောက်ဥရောပ ရှစ်နိုင်ငံတို့ကိုကျော်ဖြတ်ကာ နံပါတ် (၁)နေရာ တွင်ရပ်တည်နေခြင်းဖြစ်သည်။

ထို ၁ဝ နိုင်ငံတွင် အာရှတိုက်မှ စင်ကာပူ နှင့်တောင်ကိုရီးယားနိုင်ငံတို့သာပါဝင်သည်။ ကျန်ရှစ်နိုင်ငံမှာ ဆွီဒင်၊ ဖင်လန်၊ နော်ဝေ၊  ဆလိုဗေးနီးယား၊  ဂျာမနီ၊ အိုင်ယာလန်၊  အီတလီနှင့် ဘယ်ဂျီယံတို့ဖြစ်သည်။ နောက်ဆုံး ၁ဝ နိုင်ငံမှာ အာဖရိကတိုက်မှဖြစ်ပြီး ဘာကီနာဖာဆို၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ မာလီ၊ ချတ်၊ နိုင်ဂျာနှင့် ဗဟိုအာဖရိက သမ္မတနိုင်ငံတို့ဖြစ်သည်။

ထိုစာရင်းကို Save The Children အဖွဲ့က နှစ်စဉ်ထုတ်ပြန်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကလေးဘဝအစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါစာရင်းတွင် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၇၆ နိုင်ငံပါဝင်ပြီး ကလေးငယ်များ၏ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝ ရေး၊ အကာအကွယ်ပေးရေး စသည်တို့အပေါ် အမှတ်ပေးသည့်စနစ်ဖြင့် အဆင့်သတ်မှတ် ခြင်းဖြစ်သည်။

ကလေးငယ် သေဆုံးမှု၊ အာဟာရချို့တဲ့မှု၊ ပညာသင်ကြားခွင့်ရရှိမှု၊ ကလေးအလုပ်သမား ခိုင်းစေမှု၊ အရွယ်မတိုင်မီလက် ထပ်မှု၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု၊ ပဋိပက္ခ များကြောင့်ရွှေ့ပြောင်းနေထိုင်ရမှုနှင့် ကလေးလူသတ်မှု   ခေါင်းစဉ် ရှစ်ခု စလုံးအတွက် အမှတ် ၁ဝဝဝ ပေးထားပြီး စင်ကာပူနိုင်ငံက ၉၈၉ မှတ်ရရှိသည်။ ပြီးခဲ့သည့်နှစ်တွင်လည်း စင်ကာပူနိုင်ငံက ဆလိုဗေးနီးယားနိုင်ငံနှင့် အတူ နံပါတ်(၁)နေရာတွင်ရပ်တည်ထားနိုင်သည်။

အစိုးရ၏တရားဝင်စာရင်းဇယားများအရ စင်ကာပူနိုင်ငံ၏ကလေးငယ် သေဆုံးမှုနှုန်းသည် ၂ဝ၁၇ ခုနှစ်တွင် အရှင်မွေး ကလေး အယောက် ၁ဝဝဝ လျှင် ၂ ဒသမ ၈ ရာခိုင်နှုန်းသာရှိသည်။ ကလေးလူသတ်မှုနှုန်းမှာမူ ၂ဝ၁၆ ခုနှစ်တွင် အသက် ၁၉ နှစ်အထိရှိသည့် လူတစ်သိန်းလျှင် သုည ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

ထို့ပြင်   စင်ကာပူနိုင်ငံသား တစ်ဦး၏  ပြည်တွင်းအသား တင်ကုန်ထုတ်လုပ်မှုတန်ဖိုး မှာ အလွန်မြင့်မားသောကြောင့် ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့  အရည် အသွေးမြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တွင် အကောင်းဆုံး ရင်းနှီးမြှုပ်နှံ ထားနိုင်သည်။

ထို့ကြောင့် စင်ကာပူနိုင်ငံ၏ပညာရေးစနစ်က ကမ္ဘာ့အကောင်းဆုံးများထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ  ကလေးငယ်လေးဦးလျှင် တစ်ဦးသည်  လုံခြုံစိတ်ချရမှုနှင့်ကျန်းမာမှု မရှိသော ကလေးဘဝကိုရရှိ ထားဆဲ ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် ၂ဝဝဝ  ပြည့်နှစ်ထုတ်ပြန်ချက်ထက် စာလျှင် ယခုထုတ်ပြန်ချက်တွင် နိုင်ငံပေါင်း ၁၇၃ နိုင်ငံသည် ပဋိပက္ခကြောင့်ရွှေ့ပြောင်း နေထိုင်ရမှုခေါင်းစဉ်မှလွဲ၍ ကျန်ခေါင်းစဉ် များတွင် ရလဒ်များပိုမိုကောင်းမွန်လာသည်ကို တွေ့ရသည်။ ကမ္ဘာတစ်ဝန်း၌  ပဋိပက္ခများ ကြောင့် ရွှေ့ပြောင်း နေထိုင်ရသူ အရေအတွက် ၃ဝ ဒသမ ၅ သန်းရှိပြီး ထိုအထဲတွင် ကလေး ငယ်များလည်းပါဝင်သည်။      

ထက်မြတ်

Ref: The Straits Times

..............

Read 30 times
Rate this item
(0 votes)
Last modified on Thursday, 30 May 2019 12:36