SJ WorldNews - шаблон joomla Авто

အီရန်ကိုအရေးယူ ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်လိုက်သည့် အမေရိကန်

Tuesday, 11 June 2019 12:31 Written by  font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ ဥရောပခရီးစဉ်တွင် မိုက်ပွန်ပီယိုက အီရန်နျူကလီးယား သဘောတူညီချက်ကို ဆွစ်ဇာလန် အနေဖြင့် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း လမ်းစဖွင့်ခဲ့သော်လည်း ထရမ့်က အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်လိုက်သည်။

အီရန်၏ အကြီးဆုံး ရေနံလုပ်ငန်းကြီး တစ်ခုဖြစ်သည့် ပါရှန်ပင်လယ်ကွေ့ရေနံဓာတု PGPIC နှင့် လက်အောက်ခံလုပ်ငန်းခွဲ ၃၉ ခုကို အမေရိကန်က အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ ယင်းမှာ အမေရိကန်၏ အီရန်အပေါ် တတိယမြောက်အရေးယူ ပိတ်ဆို့မှုဖြစ်သည်။ အီရန်တို့က အမေရိကန်၏ ပိတ်ဆို့မှုကို စီးပွားရေး အကြမ်းဖက်မှုဟု ခေါင်းစဉ်တပ်လိုက်သော်လည်း အမေရိကန်တို့က အီရန်တော်လှန်ရေး အိမ်စောင့်တပ်ဖွဲ့ နှင့် ဆက်စပ်နေသောကြောင့်ဟု ဆိုသည်။

အီရန်တော်လှန်ရေး အိမ်စောင့်တပ်ဖွဲ့ IGRC ၏ တာလတ်ပစ်ဒုံးကျည် အစိတ်အပိုင်းများ ထုတ်လုပ် သုတေသနပြုမှုများကို အမေရိကန်ဒေါ်လာ ဘီလီယံနှင့် ချီပြီး ပံ့ပိုးပေးနေသူမှာ PGPIC  စီးပွားရေးလုပ်ငန်းကြီး ဖြစ်သည်ဟု အမေရိကန်အစိုးရက ဆိုသည်။

ယခုပိတ်ဆို့မှုမှာ ဥပမာပေးသည့် သဘောသာဖြစ်ပြီး အရေးယူပိတ်ဆို့မှုများ ထပ်မံရောက်ရှိလာဦးမည်ဟု အိမ်ဖြူတော်၏

ကြေညာချက်တွင် ပါဝင်လာသောကြောင့် အီရန်နျူကလီးယား အရေးနှင့်ပတ်သက်ပြီး သဘောတူညီချက် လမ်းစပျောက်နေပြီဖြစ်သည်။

အီရန်ဘက်ကလည်း အမေရိကန်၏ ခြိမ်းခြောက်မှုများကို မည်သည့်အချိန်မှ လက်ခံမည်မဟုတ်ကြောင်း၊ အီရန်အပေါ် လေးစားမှု ထားရှိမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောနေသော်လည်း ယခု ထရမ့်၏လုပ်ရပ်များက တစ်ခုပြီးတစ်ခု ခြိမ်းခြောက်သည့်ပုံစံ ဖြစ်နေသည်။

၂ဝ၁၈ ခုနှစ် သြဂုတ်လက အမေရိကန်ဒေါ်လာ ဝယ်ယူခွင့်၊ ရွှေနှင့်သတ္တုကုန်သွယ်ခွင့်၊ လျှပ်စစ်ပစ္စည်းသယ်ယူ ပို့ဆောင်ခွင့်နှင့် တင်သွင်းခွင့်၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ အမေရိကန်သို့ ဝင်ရောက်လာမှု အပါအဝင်လေကြောင်းလိုင်းများကို ပထမအကြိမ် အရေးယူပိတ်ဆို့ကာ နိုဝင်ဘာလတွင် ဒုတိယအကြိမ် အရေးယူမှု ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် အရေးယူ ပိတ်ဆို့မှုတွင် အီရန်၏ ရေနံနှင့်စွမ်းအင်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်းများအထိ ပါဝင်လာခဲ့သည်။

အီရန်အပေါ် ၂ဝ၁၉ ခုနှစ် နှစ်စပိုင်းကလည်း အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုအနေဖြင့် အရှေ့အလယ်ပိုင်းသို့ နျူကလီးယား ဗုံးကြဲလေယာဉ်များ၊ တိုက်သင်္ဘောအုပ်စုများကို စေလွှတ်ခဲ့သည်။ ယခုလည်း တတိယမြောက် စီးပွားရေးခြိမ်းခြောက်မှု အနေဖြင့် ထပ်မံ ပြုလုပ်လာပြန်ပြီ ဖြစ်သည်။

ထရမ့်က အရေးယူ ပိတ်ဆို့မှုများ ချမှတ်မည်၊ သဘောတူညီချက်မှ နုတ်ထွက်မည် စသော အနုတ်သဘောဆောင်သည့် ကတိကဝတ်များနှင့် ပတ်သက်လျှင် မည်သည့်အချိန်ကမျှ ပျက်ကွက်ဖူးသူ မဟုတ်ပေ။ အီရန်နျူကလီးယား သဘောတူညီချက်၊ ရာသီဥတုပြောင်းလဲမှု သဘောတူညီချက်၊ အခွန်တိုးမြှင့်ကောက်ခံမှု၊ ပစိဖိတ်ဖြတ်ကျော် စီးပွားရေးစီမံကိန်း (TPP) တို့က အီရန်အပေါ် ထရမ့်ပေးခဲ့ဖူးသည့် သင်ခန်းစာများ ဖြစ်သည်။

ထရမ့်၏ယူဆချက်မှာ ပျော့ပျောင်းသည့် သဘောထားဖြင့် နျူကလီးယား ပိတ်ပင်မှုမှ အီရန်ကိုလုံးဝ တားဆီးနိုင်မည် မဟုတ်ဟု ထင်မြင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ အမြဲတစေ ချမှတ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အီရန်အစား မဟာမိတ်ဟောင်းများကိုသာ အရှေ့အလယ်ပိုင်း၌ ချုပ်ကိုင်စေခဲ့သည်။

စင်ပြိုင်စစ်ရေး ရန်သူတော် ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့ကို အင်အားမြှင့်တင်ပေးခြင်းက အီရန်ကို ထိရောက်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထရမ့်က ယူဆသည်။

ထို့ကြောင့် အီရန်ကို ပိတ်ဆို့မှုများ ချမှတ်နေသော်လည်း ဆော်ဒီနှင့်အစ္စရေးတို့ကိုမူ အရေးပေးထားသည်။ ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်အတိုင်း ပြန်လှည့်သွားရန် ထရမ့်စိတ်ကူးရှိပုံမရပေ။ ထရမ့်က ၎င်းကိုယ်တိုင် ဖန်တီးသည့် အသစ်အသစ်သော အကြောင်းအရာများကို စိတ်ဝင်စားသူ ဖြစ်သည်။

ဥပမာ-မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကို ကနေဒါမက္ကဆီကို- အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်ဟု ပြောင်းလဲပြီး မြောက်အမေရိက၌ ကုန်သွယ်ရေး ပြုလုပ်နေသည်ကို ကြည့်လျှင် သိနိုင်သည်။ ယခုလည်း P5+1 ဟု နာမည်ကြီးသည့် ကမ္ဘာ့အင်အားကြီးငါးနိုင်ငံနှင့် အီရန်နျူကလီးယား သဘောတူစာချုပ် အမည်ကို ပြောင်းလဲ၍ အမည်သစ်နှင့် စာချုပ်ချုပ်ရန် ဆန္ဒရှိနေသည်။ ထို့ကြောင့် အရေးယူ ပိတ်ဆို့မှုများ ချမှတ်နေစဉ် တစ်ဖက်တွင်လည်း ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ထားသည်ဟု ဆိုထားခြင်း ဖြစ်သည်။

အကယ်၍ နျူကလီးယားဆွေးနွေးပွဲများ လတ်တလောကမ်းလှမ်းမှု ဖြစ်မလာသေးလျှင် မကြာတော့သည့်အချိန်တွင် ထရမ့်၏ အီရန်အပေါ်ပိတ်ဆို့မှုများက ထပ်မံရောက်ရှိလာနိုင်သည်။

လက်ရှိတွင် အမေရိကန်အစိုးရက အီရန်အိမ်စောင့်တပ်မတော်ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းသွင်းလိုက်ပြီး ဆက်စပ်အဖွဲ့အစည်းများကိုပါ ပိတ်ဆို့မှု တွင်တွင်ကျယ်ကျယ် ပြုလုပ်ရန် ကြံစည်နေသည်။

အမေရိကန်အစိုးရ၏ နိုင်ငံခြားအစိုးရ အဖွဲ့အစည်းအပေါ် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ထို့ကြောင့် အီရန်စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းကြီးမှန်သမျှ အချိန်မရွေး အရေးယူပိတ်ဆို့မှုများ ချမှတ်ခံရနိုင်သည်။ ထိုသို့ ချမှတ်ခံရတိုင်းလည်း အီရန်နျူကလီးယား သဘောတူညီချက်က ပို၍ဝေးကွာနေမည် ဖြစ်သည်။ အီရန်ကို ၂ဝ၁၅ ခုနှစ်တွင် အိုဘားမားက နျူကလီးယား သဘောတူညီချက်၌ လိုက်လျောပေးခဲ့သော်လည်း ယခုအခါ ထရမ့်က အကြမ်းနည်းသုံး နေသောကြောင့် အီရန်တို့နှင့် ပို၍ပင်ဝေးကွာတော့မည် ဖြစ်သည်။

ထိုအချိန် ဥရောပသမဂ္ဂက နောက်ဆုံးအချိန်ထိ အီရန်နျူကလီးယား သဘောတူညီချက်ကို ကာကွယ်ထားမည်ဟု ဆိုသည်။

သို့သော်လည်း အီရန်တို့က စိတ်ဝင်စားမှု ပြသခြင်း မရှိတော့ပေ။ အမေရိကန်မရှိဘဲ ဥရောပတို့ အီရန်ကို မည်သည့်ကြီးကြီးမားမား သက်ရောက်မှုမှ မပေးနိုင်သောကြောင့် အီရန်နျူကလီးယား ခေါ်သံများ မကြာမီကျယ်ကျယ်လောင်လောင် ထပ်မံကြားရဦးမည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။ ။

Ref;BBC

Read 24 times
Rate this item
(0 votes)
Last modified on Tuesday, 11 June 2019 12:39