SJ WorldNews - шаблон joomla Авто

လောင်စာဆီတင်ရေယာဉ်နှင့် ဓာတုပစ္စည်းတင် ရေယာဉ် တိုက်ခိုက်ခံရမှုကြောင့် တင်းမာမှု ပိုမိုကြီးထွားစေမည့် အိုမန်ပင်လယ်ကွေ့တိုက်ခိုက်မှု

Sunday, 16 June 2019 16:08 Written by  font size decrease font size decrease font size increase font size increase font size

အိုမန်ပင်လယ်ကွေ့၌ ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် လောင်စာဆီတင်ရေယာဉ်နှင့် ဓာတုပစ္စည်းတင်ရေယာဉ် တိုက်ခိုက်ခံရမှုများတွင် အီရန်က နောက်ကွယ်မှ ကြိုးကိုင်လျက်ရှိပြီး ကိုယ်စားစစ်ပွဲ ဆင်နွှဲနေသည့် မည်သည့်အဖွဲ့ အစည်းကမျှ ထိုသို့သော တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်မည်မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတင်းစာရှင်းလင်းပွဲ တစ်ခု၌ စွပ်စွဲပြောဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် ရေယာဉ်များမှာ တော်ပီဒိုဖြင့် ပစ်ခတ်ခံရပြီးနောက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အမေရိကန် အစိုးရသည် ယင်းတိုက်ခိုက်မှုတွင် အီရန်ပါဝင်နေသည် ဟူသော စွပ်စွဲချက်ကို သက်သေပြနိုင်ရန် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ ကင်းလှည့်ရေယာဉ် တစ်စင်းက တိုက်ခိုက်ခံရသည့် ရေယာဉ်တစ်စင်းဖြစ်သည့် ကိုကူကာကော်ရေးဂျက် ရေယာဉ်၏ နံဘေးရှိ မပေါက်ကွဲသေးသည့် မိုင်းများကို ဖယ်ရှားပစ်နေသည့် ဗီဒီယိုပြကွက်တစ်ခုကိုပါ ထုတ်ဖော်ပြသခဲ့သည်။

သို့ရာတွင် ယင်းဗီဒီယိုပြကွက်၌ ဖမ်းယူရိုက်ကူးနိုင်ခဲ့သည့် ပြကွက်များမှာ အရည်အသွေး ကောင်းမွန်ခြင်း မရှိသောကြောင့် ရေယာဉ်ပေါ်တွင် လွှင့်ထူထားသောအလံနှင့် ပုံရိပ်များကို သဲသဲကွဲကွဲ မြင်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် ကိုကူကာကော်ရေး ဂျက်ရေယာဉ်အနီးသို့ ချဉ်းကပ်သွားသည့်ရေယာဉ်မှာ အီရန်ကင်းလှည့် ရေယာဉ်ဖြစ်သည်ဟု အတိအကျပြောဆိုနိုင်ခြင်း မရှိပေ။

တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အမေရိကန်အစိုးရက ကယ်ဆယ်ရေး လုပ်ဆောင်ရန်နှင့် လုံခြုံရေးဆိုင်ရာ အကူအညီများ ပေးအပ်ရန် USS Mason ဖျက်သင်္ဘောကို အခင်းဖြစ်ရာနေရာသို့ ချက်ချင်းစေလွှတ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအား မည်သည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အတိအကျ မသိရသေးသော်လည်း ယင်းတိုက်ခိုက်မှုတွင် အီရန် ပါဝင်ပတ်သက်မှုမရှိဟု အီရန်နိုင်ငံက ငြင်းဆိုခဲ့ပြီး တိုက်ခိုက်မှုအတွင်း ရုရှားနိုင်ငံသားများ အပါအဝင်လူ ၄၄ ဦးကို အီရန်ကယ်ဆယ်ရေး အဖွဲ့က ကယ်ဆယ်နိုင်ခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အိုမန်ပင်လယ်ကွေ့အတွင်းဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် အီရန်ပါဝင်မှု မရှိဟု ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်အဖွဲ့က အတည်ပြု ပြောကြားခဲ့ပြီး အမေရိကန် အစိုးရ၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိဟု ပြောသည်။

အိုမန်ပင်လယ်ကွေ့သည် အရှေ့အလယ်ပိုင်းမှ ကမ္ဘာ့ရေနံဈေးကွက်သို့ ရေနံများ တင်ပို့ရာတွင် အသုံးပြုနေသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၈ သန်းခန့် တင်ဆောင်ဖြတ်သန်းလျက် ရှိသောကြောင့် ကမ္ဘာ့ရေနံဈေးကွက်သို့ ရေကြောင်းမှတစ်ဆင့် တင်ပို့နေသည့် ရေနံပမာဏစုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းခန့် ရှိသည်။

ထို့ကြောင့် အဆိုပါပင်လယ်ကွေ့အတွင်း လောင်စာဆီတင်ရေယာဉ်များ တိုက်ခိုက်ခံရသည်ဟူသော သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ရေနံဈေးနှုန်းများ မြင့်တက်လာသည့်အပြင် အရှေ့အလယ်ပိုင်း ဒေသရှိ စတော့ရှယ်ယာ ဈေးကွက်များလည်း ကျဆင်းခဲ့သည်။ စတော့ရှယ်ယာ ဈေးကွက်များအနက် ဆော်ဒီအာရေဗျ၏ ရှယ်ယာဈေးကွက်မှာ အဆိုးဆုံးထိခိုက်ခဲ့ရပြီး ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားသည်။

ထို့ကြောင့် ပါရှန်ပင်လယ်ကွေ့သို့ ဦးတည်နေသည့် အဆိုပါ ရေကြောင်းဆက်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့သွားမည်ဆိုပါက ဒေသတွင်း၌ ရေနံတင်ပို့မှု လုံးဝရပ်ဆိုင်း သွားစေနိုင်သည့်အပြင် ရေနံဈေးကွက်၌ ရေနံဈေးနှုန်းမှာ လက်ရှိထက် နှစ်ဆခန့် မြင့်တက်လာနိုင်သည်။

ထို့ကြောင့် အိုမန်ပင်လယ်ကွေ့အတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် အသေအပျောက် မရှိသော်လည်း အလွန်အန္တရာယ် ကြီးမားသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများသည် ဒေသတွင်း လွှမ်းမိုးမှုမြင့်တက်လာသည့် အီရန်နှင့်အမေရိကန် ပြည်ထောင်စုကြား တင်းမာမှုမြင့်တက်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် အီရန်က အဆိုပါ တိုက်ခိုက်မှုများတွင် ပါဝင်ဆက်နွှယ်လျက် ရှိသည်ဟု ကျွမ်းကျင်သူ တချို့ကပြောသည်။ အကြောင်းမှာ အမေရိကန်အစိုးရက အီရန်အပေါ်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ဖွယ်ရှိသည်ဟု ဆီးရီးယားဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ပီတာဖို့ကပြောသည်။

တစ်နည်းအားဖြင့် အမေရိကန်က အီရန်ကို တိုက်ခိုက်ပါက ကမ္ဘာ့ရေနံဈေးကွက်တွင် ဖြစ်ပွားသည့် ဈေးနှုန်း မြင့်တက်မှုများအား အရိပ်အမြွက် ပြသနေသည်ကို အီရန်က အမေရိကန်အား သတိပေးခြင်း ဖြစ်သည်ဟု လည်းဆိုနိုင်သည်။ ထို့ပြင် အမေရိကန်အနေဖြင့် ၄င်းတို့၏ ပိတ်ဆို့မှုများဖြင့် အီရန်၏ ရေနံတင်ပို့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းလာပါက ပင်လယ်ကွေ့ဒေသကိုဖြတ်၍ မည်သည့်နိုင်ငံကမျှ ရေနံဈေးကွက်သို့ ရေနံတင်ပို့နိုင်မည် မဟုတ်ကြောင်း သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်ဟု ပီတာဖို့က ဆက်လက်ပြောသည်။

အမေရိကန် အစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အီရန်ကို ချည့်နဲ့စေရန် ယင်းနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟု ပြောကြားခဲ့ပြီး ဒေသတွင်းသို့ စစ်အင်အား ပိုမိုဖြန့်ကြက်ခဲ့သည်။

အီရန်အနေဖြင့်လည်း အမေရိကန် အစိုးရက ဖြန့်ကြက်ထားသည့် စစ်သည်များအား စောင့်ကြည့်နေမည်ဖြစ်ပြီး ခြေလှမ်းမှားသည်နှင့်တစ်ပြိုင်နက် တုံ့ပြန်မည်ဟုပြောသည်။

ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ပြန်ကြည့်မည် ဆိုပါက အရှေ့အလယ်ပိုင်း ဒေသတွင်း ငြိမ်းချမ်းရေး ရရှိစေရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြိုးပမ်းနေစဉ် ဖြစ်ပွားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အိုမန်ပင်လယ်ကွေ့၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် သံသယဖြစ်မိသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သည် ငြိမ်းချမ်းရေးအတွက် ကြားဝင် ဖျန်ဖြေသည့် အနေဖြင့် အီရန်သို့ ရောက်ရှိနေပြီး ခေါင်းဆောင်များနှင့် ဆွေးနွေးနေချိန်တွင် အီရန်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်မည်မဟုတ်ဟု ဇာရစ်က တုံ့ပြန်ပြောကြားသည်။ ထိုသို့ တိုက်ခိုက်ရလောက်အောင် မိုက်မဲမည်မဟုတ်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ မည်သို့ပင်ဆိုစေ ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုသည် အီရန်၏ လက်ချက်ဖြစ်သည်ဟု အမေရိကန်က ထပ်မံစွပ်စွဲထားသောကြောင့် နှစ်နိုင်ငံကြားရှိ တင်းမာမှုများမှာ ပိုမိုကြီးထွားလာမည့် အရိပ်အယောင်များ ထွက်ပေါ်လာသည့် အပြင် အိုမန်ပင်လယ်ကွေ့ကို ဖြတ်သန်း သွားလာနေသည့် လောင်စာဆီတင်ရေယာဉ် များအတွက်ပါ ကြီးမားသည့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ။

Ref: Sputnik,

The Wall Street Journal

Read 28 times
Rate this item
(0 votes)
Last modified on Sunday, 16 June 2019 16:09