SJ WorldNews - шаблон joomla Авто

နျူကလီးယား စွမ်းအင်ကဏ္ဍဖြင့် လွှမ်းမိုးမှု တိုးမြင့်လာသည့် ရုရှား

Saturday, 30 September 2017 13:15 Written by  font size decrease font size decrease font size increase font size increase font size

စွမ်းအင်ကဏ္ဍ ပူးပေါင်းမှုဖြင့်   အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက တစ်ဝန်း လွှမ်းမိုးမှု တိုးချဲ့လာနေသော ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံသည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကတိုက်သို့ပင် တိုးချဲ့လာသည်ကို တွေ့ရသည်။  ယခုအခါ  ရုရှားနိုင်ငံသည် အမေရိကတိုက်ရှိ   ဘရာဇီးနိုင်ငံ၌   နျူကလီးယား စွမ်းအင်စက်ရုံတစ်ရုံ     တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလျက် ရှိသည်။

အဆိုပါ  နျူကလီးယား စွမ်းအင်စက်ရုံ တည်ဆောက်ရေး အစီအစဉ်ကို ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက    ကျင်းပသည့် (၇၂) ကြိမ်မြောက်   အထွေထွေညီလာခံတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး    ဆာဂျီလက် ရော့ဗ်နှင့်   ဘရာဇီးနိုင်ငံခြားရေး ဝန်ကြီး အလွိုင်ဆီနူနက်စ်ဖရေးရာတို့ အသေးစိတ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းဆွေးနွေးမှုသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသည့် ခြေလှမ်းတစ်လှမ်းအဖြစ်  ထွက်ပေါ်လာသည်။ 

ယင်းဆွေးနွေးပွဲ၌ နှစ်နိုင်ငံအဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် အသေး စိတ်အချက်အလက် အပြည့်အစုံကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း ၎င်းတို့နှစ်ဦးသည် ဘရာဇီးရှိ  Angra နျူကလီးယားစက်ရုံ    တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထား သည်။  

Angra နျူကလီးယားစက်ရုံကို ဘရာဇီး နိုင်ငံက လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝ ခန့်က  ဂျာမနီနှင့် ပူးပေါင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် တည်ဆောက်မှု၏  ၆ဝ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီးနောက် ပိုင်း၌ငွေကြေးထောက်ပံ့မှု ပြတ်တောက်သွားခြင်းကြောင့် တည်ဆောက်ရေး စီမံကိန်းမှာလည်း ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ဘရာဇီးနိုင်ငံသည် ယခုအခါ အဆိုပါ နျူကလီးယားစက်ရုံကို အပြီးသတ်တည်ဆောက်ရန် နျူကလီးယား စက်ရုံများ တည်ဆောက်ရာတွင်   အတွေ့အကြုံကောင်းစွာ ရရှိနေသည့်  နိုင်ငံတကာမှ လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံနှင့်   ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိနေသည်။

ယင်းသို့ရှာဖွေရာမှ ဘရာဇီးအာဏာပိုင်များသည်  ရုရှားနိုင်ငံမှ  Rosatom Corp ကုမ္ပဏီကို အထူးသဖြင့်  မျက်စိကျလျက်ရှိသည်။  ကျလည်းကျချင်စရာပေ။  Rosatom  Corp ကုမ္ပဏီသည်   ရုရှားနိုင်ငံပြင်ပ၌  တည်ဆောက်ခဲ့သည့် နျူကလီးယားစက်ရုံ အရေအတွက်အရ ကမ္ဘာပေါ်တွင် ထိပ်တန်း နျူကလီးယား စက်ရုံတည်ဆောက်ရေး ကုမ္ပဏီ ကြီး တစ်ခုအဖြစ် ရပ်တည်နေသည်။

ထို့ပြင် အဆိုပါ ကုမ္ပဏီကြီးသည် တူရကီနိုင်ငံ၏ Akkuyu နျူကလီးယား စက်ရုံကို လည်း ယခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်သွားမည်ဟု မျှော်လင့်ထားသည်။  အဆိုပါ နျူကလီးယား   တည်ဆောက်ရေး စီမံကိန်းတွင်   ရုရှားနိုင်ငံက  အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံရင်းနှီး မြှုပ်နှံသွားမည်ဖြစ်သည်။ ယင်းစက်ရုံသည် တူရကီ၏ ပထမဆုံးသော နျူကလီးယား စွမ်းအင်စက်ရုံဖြစ်လာမည် ဖြစ်ပြီး တစ်နှစ်လျှင် ၃၅ ဘီလီယံ Kilowatt-hours ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ Akkuyu နျူကလီးယား စက်ရုံစီမံကိန်းသည် တူရကီအတွက်  မဟာဗျူဟာမြောက် ဦးစားပေး အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု   တူရကီဝန်ကြီးချုပ်  ဘီနာလီယီဒီရင်က ပြောကြားထားသည်။ ထို့ကြောင့်  တူရကီအနေဖြင့် ၎င်းတို့၏ပထမဆုံးသော နျူကလီးယားစက်ရုံကို ၂ဝ၂၃ ခုနှစ်တွင် ဖွင့်လှစ်လည်ပတ်နိုင်ရန်  ရုရှားနှင့် တက်တက်ကြွကြွ ပူးပေါင်းမည့် အလားအလာများ ထွက်ပေါ်လျက် ရှိသည်ကို တွေ့ရသည်။

ထို့ပြင်  ရုရှားနိုင်ငံသည် ၎င်းတို့နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုကို ပြသသည့်အနေဖြင့်လည်း အီဂျစ်နိုင်ငံ၏ ပထမဆုံးသော   နျူကလီးယား စက်ရုံကြီး တစ်ရုံကို ဒါဘာမြို့၌ တည်ဆောက်သွာမည်ဖြစ်သည်။ ထို့ပြင် အီဂျစ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆန္ဒရှိနေသည်ဟု အီဂျစ်သမ္မတ   အဗ္ဗဒယ်လ်ဖာတာဆီဆီက အတည်ပြုပြောကြားခြင်းကြောင့် ရုရှားနိုင်ငံမှ Rosatom Corp ၏ ဂုဏ်သတင်းမှာ အရှေ့ အလယ်ပိုင်းနှင့်   မြောက်အာဖရိကဒေသ တစ်ဝန်း၌  ကျော်ကြားလာသည်ကို တွေ့ရသည်။ ရုရှားနိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ နျူကလီးယား စက်ရုံကို   ၁၂  နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားရန်  မျှော်လင့်ထားသည်။

ရုရှားနှင့်  ဘရာဇီးနိုင်ငံတို့သည်   နျူကလီးယားစွမ်းအင်ကို    ငြိမ်းချမ်းသော နည်းလမ်းဖြင့်   ဓာတ်ရောင်ခြည်ဖြာနည်းပညာ၊ နျူကလီးယား ဆေးဝါးထုတ်လုပ်ရေး၊ နျူကလီးယား လောင်စာချောင်းများ  ထုတ်လုပ်ခြင်း၊ နျူကလီးယား စွမ်းအင် နည်းပညာကို အသုံးပြုနေသည့်   ကျွမ်းကျင်သူများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ခြင်း စသည့် ကဏ္ဍအများအပြားတွင် အသုံးပြုနိုင်ရေးအတွက်  ပူးပေါင်းမှုကို တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။   ထို့ပြင်   ဘရာဇီးနိုင်ငံသည် Angra နျူကလီးယား စက်ရုံစီမံကိန်းကို   အကောင် အထည် ဖော်ဆောင်ပြီးနောက်ပိုင်းတွင်လည်း နိုင်ငံအတွင်း၌   တခြားစက်ရုံများ ထပ်မံ တည်ဆောက်ရန် စိတ်အားထက်သန်လျက် ရှိသည်။  တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံပိုင်  Gazprom  စွမ်းအင်ကုမ္ပဏီကြီးကလည်း  ဘရာဇီးနိုင်ငံသို့    သဘာဝဓာတ်ငွေ့များ   ထောက်ပံ့ပေးရန်နှင့်  ယင်းနိုင်ငံအတွင်း၌  မြေအောက်ဓာတ်ငွေ့ သိုလှောင်ရုံများတည် ဆောက်ရန် စိတ်ဝင်စားနေသည်။ Gazprom သည်   လက်ရှိတွင်  ရီယိုဒီဂျနေးရိုးမြို့၌ ရုံးခွဲတစ်ခု ဖွင့်လှစ်ထားပြီး စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်  ကြိုးပမ်းလျက်ရှိ သည်။

ရုရှားနိုင်ငံသည် နျူကလီးယားစွမ်းအင် ကဏ္ဍတွင် ထိပ်တန်းအဆင့်ရှိ နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်လျက်ရှိပြီး   ယင်းစွမ်းအင်သည် ရုရှားအတွက် ၎င်းတို့၏ နျူကလီးယား လက်နက်များကို ဘေးအန္တရာယ်ကင်းကင်းဖြင့် သိုလှောင်ထားရှိနိုင်ရေးအတွက် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။လက်ရှိတွင်လည်း ရုရှားသည်နျူကလီးယား စွမ်းအင်ကိုပြိုင်ဘက်နိုင်ငံနှင့်အပြိုင် တိုးမြှင့်ထုတ်လုပ်နေသည်။၎င်း၏ အဓိကပြိုင်ဘက် နိုင်ငံများမှာ   အမေရိကန်ပြည်ထောင်စု၊တရုတ်၊ တောင်ကိုရီးယားနှင့်  ပြင်သစ်တို့ဖြစ်သည်။ Rosatom Corp  သည် လောလောဆယ်တွင် နျူကလီးယား စက်ရုံပေါင်း  ၂၈ ရုံကိုတည်ဆောက်နေပြီး ယင်းတို့အနက် ၁၉ ရုံမှာ ပြည်ပနိုင်ငံများ၌  တည်ဆောက်နေ ခြင်းဖြစ်ပြီး   ယင်းနိုင်ငံများ၌    အိန္ဒိယ၊ တရုတ်၊ ဘီလာရုစ်၊ တူရကီနှင့်  ဗီယက်နမ် တို့ ပါဝင်လျက်ရှိသည်။ ထို့ကြောင့် Rosatom Corp အနေဖြင့် လာမည့် ၁ဝ နှစ်အတွင်း အမေရိကန်ဒေါ်လာ  ၇ဝ ဘီလီယံပမာဏရှိ နျူကလီးယား စက်ရုံများကို တည်ဆောက် သွားရမည်ဖြစ်သည်။   တောင်အမေရိကဒေသသည်  နျူကလီးယား နည်းပညာတွင် တိုးတက်မှုရရှိရေးအတွက် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက  သုံးသပ်ထားခြင်းကြောင့် ယင်းဒေသသည် ရုရှားနိုင်ငံအတွက် ၎င်းတို့၏ စွမ်းအင်ကဏ္ဍဆိုင်ရာ  လွှမ်းမိုးမှုအတွက် နျူကလီးယား စွမ်းအင်နည်းပညာကို အသုံးချရန်  အကောင်းဆုံးသော ဒေသကြီး တစ်ခုဖြစ်လာမည့်   အလားအလာများ ထွက်ပေါ်လျက်ရှိသည်။      

ဇေယျဘုန်း

Read 23 times
Rate this item
(0 votes)
Last modified on Saturday, 30 September 2017 13:19