SJ WorldNews - шаблон joomla Авто

သမိုင်းတစ်လျှောက် ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်သည့် ကယ်လီဖိုးနီးယားတောမီး

Wednesday, 18 October 2017 13:55 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်၏ အကြီးဆုံးပြည်နယ် တစ်ခုဖြစ်သည့် ကယ်လီဖိုးနီးယား ပြည်နယ်ကို Google တွင် ရိုက်ကြည့် လိုက်မည်ဆိုလျှင် SOS ဆိုသည့် စာလုံးနီကြီးနှင့် ထိပ်ဆုံးက အကူအညီတောင်းခံပြီး သတိပေး

တပ်လှန့်ထားသည်ကို ပထမဆုံး မြင်တွေ့ရမည် ဖြစ်သည်။ အောက်တိုဘာ ၈ ရက်ကတည်းက မြောက်ပိုင်းမှ စတင် လောင်ကျွမ်းခဲ့သော အပြင်းထန်ဆုံး တောမီးဖြစ်သည်။

ပြည်နယ်သမိုင်းတွင် အပြင်းထန်ဆုံး၊ လူအသေအပျောက် အများဆုံးနှင့် အဆိုးရွားဆုံး တောမီး လောင်ကျွမ်းမှု တစ်ခုဖြစ်ကာ တောရွာများ သာမက မြို့များ အထိပင် ကူးစက် လောင်ကျွမ်းသည့် မီးဖြစ်သည်။ ယခုလည်း ထင်မှတ်မထားသည့် လေပြင်းများက တစ်နာရီ ၄၅ မိုင်နှုန်းဖြင့် ထပ်မံ တိုက်ခတ်နေသည်။ လေပြင်းကြောင့် မြောက်ပိုင်းပြည်နယ်ရှိ ဝိုင်ထုတ်လုပ်ရာ ဆန်တာရိုဇာမြို့ဆီသို့ တောမီးများလျင်မြန်စွာ ရောက်ရှိလာကာ ဝိုင်ထုတ်လုပ်သည့် စက်ရုံများအပြင် လူနေအိမ်ပေါင်း သိန်းချီကာ ပျက်စီးခဲ့ရပြီ ဖြစ်သည်။ လောင်စရာ မရှိသည့်အဆုံး သတ္တုများနှင့် ကတ္တရာ များကိုပင် လောင်ကျွမ်းခဲ့ပြီး ယင်း တောမီးကြောင့် လူပေါင်း ၄ဝ နီးပါးသေဆုံးရပြီ ဖြစ်သည်။

လက်ရှိအချိန်ထိ လူပေါင်း၂ဝဝ ကျော် ပျောက်ဆုံးနေကာ နောက်ထပ် အနီးဆုံး၌ ရှိသည့်မြို့များမှ သိန်းချီသော လူများကို ထပ်မံရွှေ့ပြောင်းထားရပြီဖြစ်သည်။ ဝိုင် ထုတ်လုပ်သော စက်ရုံများ လောင်ကျွမ်း ခဲ့ရသည့်အတွက် လူနေအိမ်များ လောင်ကျွမ်းသည်ထက် ပိုမို ဆုံးရှုံးရကာ ဒေါ်လာသန်းရာနှင့်ချီ နစ်နာ ဆုံးရှုံးခဲ့ရသည်။ တောမီးလောင်သည့် အနီးဆုံးမြို့နှင့် ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် ဆန်ဖရန်စစ္စကို ကြား၌ အကွာအဝေး မိုင် ၅ဝ ရှိကာ ထိုနေရာ အရောက်ထိပင် မီးခိုးနှင့်ပြာများ ရောက်ရှိနေပြီဖြစ်သည်။

တစ်ပြိုင်တည်းမှာပင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးကို ပြည်နယ် အစိုးရက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး နိုင်ငံတွင်း အကူအညီများအပြင် ပြည်ပ အကူအညီများကိုပါ လက်ခံနေရပြီဖြစ်သည်။ အရှိန်ပြင်းသည့် တောမီးကို နိုင်ငံတွင်းရှိ မီးသတ်အင်အား တစ်သိန်းတစ်သောင်းကျော်ဖြင့် ငြှိမ်းသတ်နေရပြီး လက်ရှိ အချိန်ထိ တောမီးကို ထိန်းချုပ်၍ မရနိုင်သေးပေ။ မီးလောင်ပြီးသား နေရာများကို ပြန်လည် နေရာချထားရန် သောင်းနှင့်ချီသော လူများ ကို နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးနေပြီး အမျိုးသမီး အများစုမှာ အိမ်ပြန်ရောက်ကြသော်လည်း အငိုနှင့်အစပြုနေရပြီ ဖြစ်သည်။ တောမီးက သတ္တုတစ်စ၊ နှစ်စကျန်သည် အထိပင်လောင်ကျွမ်းခဲ့ပြီး မိမိတို့ ပိုင်ဆိုင်သည့် အရာအားလုံးကို အဆုံးရှုံးကြီးဆုံးရှုံး လိုက်ရပြီဖြစ်သည်။ အိမ်ပြန် ရောက်လာသော်လည်း နေစရာ အိမ်ကမရှိ၊ ဘယ်နေရာက ကိုယ့်အိမ်နေရာဟုပင် မမှတ်မိကြပေ။ ၎င်းတို့အတွက် နေစရာ အိုးအိမ်မဲ့သွားခြင်း ဖြစ်သည်။ သို့သော် စီးပွားရေးအင်အား ကောင်းသည့် အမေရိကန် အစိုးရက ရန်ပုံငွေများ ပံ့ပိုးပေးနေကာ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံခြားမှ အလှူငွေများကိုလည်း သန်းနှင့်ချီကာ လက်ခံရရှိနေပြီဖြစ်သည်။

အစိုးရက အကောင်းဆုံးဆောင်ရွက် ပေးနေသော်လည်း ၎င်းတို့၏ မူလအနေအထား တစ်ခုသို့ ပြန်လည်ရရှိရန် အနည်းဆုံး နှစ်နှင့်ချီကာ ကြိုးစားရဦးမည်ဖြစ်သည်။ သို့သော်လည်း လောဘအစွဲကြီးသည့် လူအများစုမှာ အငိုမတိတ်တော့ဘဲ တိတ်သွားသူ တချို့မှာ စိတ်ဖောက်ပြန်တော့မည့် ပုံစံပင် ပေါက်နေတော့သည်။ ပြည်နယ် တစ်ခုလုံးကို ကောင်းကင် ဂြိုဟ်တုဓာတ်ပုံများက ကြည့်လိုက်လျှင် အနီရောင်လွင်ပြင်ကြီး ကဲ့သို့ ဖြစ်နေပြီး လက်ရှိ အချိန်ထိ ဧက ပေါင်း နှစ်သိန်း နှစ်သောင်းကျော်ကို တောမီး လောင်ကျွမ်းထားပြီး ဖြစ်သည်။ နောက်ထပ် ဧကပေါင်း ထောင်သောင်းချီ ထပ်မံလောင်ကျွမ်းရန် ခြိမ်းခြောက် ခံနေရသည့်မြို့များ ရှိနေသေးကာ လက်ရှိအချိန်ထိ ဒေသခံပြည်သူများကို ရွှေ့ပြောင်း ပေးနေရသည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် တောမီးနှင့် မစိမ်းသည့် ပြည်နယ် တစ်ခုဖြစ်ကာ ယခုကဲ့သို့ ဖြစ်လာရန် မည်သူမျှ စိတ်ပင်မကူးခဲ့ဖူးသည့် ဖြစ်ရပ်ဖြစ်သည်။ မိုင်ပေါင်း ၁ဝဝ ကျော်ကို လက်ရှိ အချိန်ထိ လောင်ကျွမ်းနေဆဲ ဖြစ်ကာ အနီးဆုံးသမိုင်းကို ပြန်ကြည့်မည် ဆိုလျှင်၂ဝဝ၉ ခုနှစ် ကယ်လီဖိုးနီးယား တောမီး၊ ၂ဝ၁၅ ခုနှစ် ကယ်လီဖိုးနီးယား တောမီးနှင့် ၂ဝ၁၆ ခုနှစ် ကယ်လီဖိုးနီးယား တောမီးတို့ လောင်ကျွမ်းခဲ့ဖူးသည်။

၂ဝဝ၉ ခုနှစ် ကယ်လီဖိုးနီးယားတောမီး က ဧကပေါင်း လေးသိန်းကျော်ကို လောင် ကျွမ်းခဲ့ကာ ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ် တို့တွင် ဧကပေါင်း ရှစ်သိန်းကျော်နှင့် ငါးသိန်းကျော် လောင်ကျွမ်းခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် လူသေဆုံးမှု အရေအတွက်မှာ ယခု မြောက်ပိုင်းတောမီး နှင့် နှိုင်းယှဉ်လျှင် များစွာကွာဟနေသည်။ သမိုင်းတွင် အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှု ရှိခဲ့သော်လည်း ပျက်စီး ဆုံးရှုံးမှုတန်ဖိုး နှင့် လူသေပျောက်မှု အဆိုးဆုံးမှာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် စတင် လောင်ကျွမ်းသည့် တောမီးကို မည်သို့မျှ မယှဉ်နိုင်ပေ။ ထို့ကြောင့် ကယ်လီဖိုးနီးယား သမိုင်းကြောင်း တစ်လျှောက် အဆိုးရွားဆုံး တောမီးဟု အမည်တပ်နေကြခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် အပူပိုင်း ဒေသဖြစ်ကာ ခြောက်သွေ့ပြီး ပူနွေးသော ဒေသဖြစ်သည်။ ထို့ကြောင့် မီးဘေးအန္တရာယ်ကို နှစ်စဉ် ရင်ဆိုင်နေရသည့် ဒေသဖြစ်ကာ ယခုအချိန်ထိ အမေရိကန် ပြည်သူတို့ ကယ်လီဖိုးနီးယား တောမီး အန္တရာယ်ကို ရင်ဆိုင်ရန် နှစ်စဉ် အခွန် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ပေးဆောင် နေရသည်။ ယခု ထိုအခွန်များကို အသုံးချရတော့မည် ဖြစ်ကာ ဆုံးရှုံးမှု အကြီးမားဆုံး တောမီးကို ကာမိရန် ထိုအခွန်ငွေများက လုံလောက်မည်၊ မလုံလောက်မည်ဆိုသည် မှာ မသေချာကြောင်း တင်ပြလိုက်ရပါသည်။ ။

Ref;BBC

ရှိန်းထက်

Read 17 times
Rate this item
(0 votes)
Last modified on Wednesday, 18 October 2017 13:57