SJ WorldNews - шаблон joomla Авто

ရိုးရာအမွေ ထိန်းသိမ်းစေဖို့ အနုသုခုမ ပညာရပ်များကို အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကြသူများ၏ စကားသံများ

Tuesday, 10 September 2019 11:45 Written by  font size decrease font size decrease font size increase font size increase font size

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ များကို စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲမှ ဆုရရှိသူများနှင့် တာဝန်ရှိသူများ၏ ရိုးရာအမွေ ထိန်းသိမ်းစေရန် အနုသုခုမ ပညာရပ်များအား အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်း (ပြိုင်ပွဲကျင်းပရေး ကော်မတီ အတွင်းရေးမှူး)

- အခုလိုပွဲတစ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးတွေရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့အတူ အစီအမံများ စနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့ရပါတယ်။ကြိုတင်ညှိနှိုင်း အစည်းအဝေးတွေ ပြုလုပ်ပြီး အချင်းချင်း  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်တာဟာ  ပြိုင်ပွဲဝင်တပ်တွေ၊  ပြိုင်ပွဲမှာ   အုပ်ချုပ်မှုကိစ္စတွေ   ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေနဲ့ အကဲဖြတ် ပညာရှင်များ စုပေါင်း ဆောင်ရွက်တဲ့ အားကြောင့်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့   အခုလို  အနုသုခုမ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းတဲ့ပွဲကြီး  အောင်မြင်အောင် ကျင်းပနိုင်ခဲ့လို့  ဝမ်း မြောက်မိကြောင်း ပြောကြားလိုပါတယ်။ ပြိုင်ပွဲဝင်တပ်တွေ အနေနဲ့ ပြိုင်ပွဲဆိုပေမယ့်လည်း  ပြိုင်ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အနုသုခုမပညာ အရည်အသွေး ပိုမိုမြင့်မား တိုးတက်လာစေရေးနဲ့ ဖျော်ဖြေရေး၊ ပြန်ကြားရေးနှင့် စည်းရုံးရေး လုပ်ငန်းများအဆင့်မီ ဆောင်ရွက်နိုင်ရန် ဆိုတဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပပေးတဲ့အတွက်   ရည်ရွယ်ချက်ကောင်းသလို လုပ်ဆောင်ချက်လည်း ကောင်းတယ်လို့ ပြောချင်ပါတယ်။ တပ်မတော်က ကျင်းပတဲ့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး  နိုင်ငံတော်၊  တပ်မတော်နဲ့ ပြိုင်ပွဲဝင်တွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေရတယ်လို့    သုံးသပ်မိပါတယ်။

တပ်မတော်အနေနဲ့ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ  နိုင်ငံတော်အတွက်  လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မှန်သမျှကို ဘက်ပေါင်းစုံကနေ ဦးလည်မသုန် ကျေပွန်အောင် လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ အခုကျင်းပတဲ့ ပြိုင်ပွဲက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ ပညာရပ်တွေကို  ထိန်းသိမ်းတဲ့ပွဲဖြစ်ပြီး အခုဆိုရင် (၁၈)ကြိမ်မြောက်တိုင်အောင် ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်တွေကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ယှဉ်ပြိုင်ကြတဲ့    ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးတွေကိုလည်း အထူးပင် လေးစားမိကြောင်း ပြောကြားလိုပါတယ်။

 

ဗိုလ်မှူးတင်ထူး  (အမှတ်(၂) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ)

- ပြိုင်ပွဲအတွက်ကတော့ အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နဲ့ မျက်လှည့်ပြိုင်ပွဲ အားလုံးကို  ရှေ့တန်းတွေမှာလည်း သွားရောက်ဖျော်ဖြေလို့ ရအောင်၊ ပြိုင်ပွဲမှာ ရိုးရာအနုပညာ အရသာမပျက်အောင် ပြင်ဆင်လာခဲ့တဲ့အပြင်  ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအမျိုးအစား အကုန်လုံးကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြဇာတ်၊ မျက်လှည့်၊ ခေတ်ပေါ်တီးဝိုင်း၊ ယိမ်းသုံးယိမ်းမှာ နှစ်ယိမ်းပထမ ရရှိပြီး အမှတ်ပေါင်း  ၇၆ မှတ်နဲ့ တံခွန်စိုက်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုဆုရရှိအောင်လည်း တပ်ဖွဲ့မှာရှိတဲ့ စစ်သည်၊  စစ်သမီးလေးတွေရဲ့ ပေါင်းစပ် လုပ်ဆောင်မှုတွေကြောင့်နဲ့ နေ့/ညမနား ကြိုးစားအားထုတ်မှုတွေကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။  တပ်မတော်အနေနဲ့  ဒီလိုပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပ ပေးခြင်းအားဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို   အများကြီး ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။

ဒေါ်မြကျင် (မန္တလေး ယဉ်ကျေးမှုတက္ကသိုလ်၊ သဘင်ပါမောက္ခ(အငြိမ်းစား)

- (၁၈)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နဲ့ မျက်လှည့်ပြိုင်ပွဲမှာ အကဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်ရပါတယ်။ အခုဆို တပ်မတော်က ဦးစီးကျင်းပတဲ့ အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊  ပြဇာတ်နဲ့ မျက်လှည့်ပြိုင်ပွဲတွေမှာ တာဝန်ယူဆောင်ရွက်ရတာ ငါးနှစ်ရှိပါပြီ။

ပြိုင်ပွဲတိုင်းမှာလည်း  တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတယ်။ ကတာ၊ ဆိုတာတွေကအစ တိုးတက်မှုတွေ အများကြီးတွေ့လာရပါတယ်။ တပ်မတော်သားတွေနဲ့ စစ်သမီးတိုင်းက ပေးအပ်တဲ့ တာဝန်တွေကို သူ့နေရာနဲ့သူ ကျေပွန်စွာ ထမ်းဆောင်ပြီး ဆောင်ရွက်ကြတဲ့အပြင် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်းဆောင်ရွက်ကြတဲ့ အတွက် အများ ကြီး ဝမ်းသာပီတိဖြစ်မိပါတယ်။ တပ်မတော် ကနေပြီး ဒီလိုပွဲမျိုးတွေ ကျင်းပပေးတာက မြန်မာ့ရိုးရာကို ဘယ်လောက်ထိ ထိန်းသိမ်းတယ်၊ ကာကွယ်တယ်၊ စောင့်ရှောက်တယ် ဆိုတာတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ရိုးရာပျောက်ရင် လူမျိုးပျောက်မယ်ဆိုတဲ့ စကားအတိုင်းပေါ့။ကိုယ့်ရိုးရာကိုတော့ မပျောက်အောင် ထိန်းသိမ်းပေးကြပါလို့ ပြောချင်ပါတယ်။

တပ်ကြပ်ဇော်မြင့် (ပထမဆု အတီးပြိုင်ပွဲ၊ မြန်မာ့ဆိုင်း(တစ်ဦးချင်း)ပတ္တလား)

- ကျွန်တော်ကတော့ အတီးပြိုင်ပွဲ မြန်မာ့ ဆိုင်း(တစ်ဦးချင်း)ပတ္တလားပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့တာပါ။  ပြိုင်ပွဲမဝင်ခင်မှာတော့ ကျွန်တော်တို့တပ်ခွဲရဲ့ သီချင်းကြီး လေ့ကျင့်မှု ပြုလုပ်နေစဉ်ကာလမှာ ပါဝင်တီးခတ်တယ်။ အားရင်အားတဲ့ အချိန်တိုင်း  ပတ္တလားကို တီးခတ် လေ့ကျင့်ပါတယ်။ ယှဉ်ပြိုင်ရတာ အခက်အခဲတော့ ရှိပါတယ်။ ကျွန်တော်တို့တွေက တပ်မတော်သားဆိုတော့ တပ်အလုပ်လည်း မပျက်အောင် နေ့ရောညပါ ဆိုင်းဆရာကြီးတွေထံ သွားရောက်လေ့လာ သင်ယူကြိုးစားရတာပေါ့။ အခုလို  တပ်ဖွဲ့တွင်းပြိုင်ပွဲတွေ လုပ်ပေးတော့ အကျိုးရှိပါတယ်။ 

ခေတ်ဟောင်း၊ ခေတ်ပေါ်သီချင်းတွေ၊ မြန်မာ့ဆိုင်းဝိုင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရာလည်းဖြစ်၊ အချင်းချင်းလည်း ပညာရည်ဖလှယ်ခွင့်ရတော့ များစွာ အကျိုး ရှိပါတယ်။ အနုပညာ အလုပ်တွေကိုလည်း တပ်မတော်ရဲ့ဂုဏ်ကို ဆောင်ရင်း ဆက်လက်ဆောင်ရွက်သွားပါမယ်လို့  ကတိပြုချင်ပါတယ်။

တပ်ကြပ်အောင်ဘိုဝမ်း (ပထမဆု အဆို )ပြိုင်ပွဲ၊ ခေတ်ဟောင်းတေး(အမျိုးသား)

ကျွန်တော်က ခေတ်ဟောင်းသီချင်းနဲ့ အဆိုပြိုင်ပွဲ  ခေတ်ဟောင်းတေး (အမျိုးသား)မှာ ပထမဆုကို ရရှိခဲ့ပါတယ်။ အဆိုပညာကို  တပ်ထဲရောက်မှ လေ့လာဖြစ်ပေမယ့်လည်း နောင်လည်း ဆက်လက် လေ့လာနေမှာပါ။    ဘယ်ပညာမဆို ကုန်တယ်မရှိပါဘူး။အခုလိုပြိုင်ပွဲတွေ ပြုလုပ်ပေးတဲ့အတွက်  ကျွန်တော်တို့တွေရဲ့ အရည်အချင်း၊  အရည်အသွေးတွေ တိုးတက်လာပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာသံစဉ်ကို   ဆက်လက် ထိန်းသိမ်းသွားမှာပါ။   နောင်လည်း   တပ်မတော်ဂုဏ်ကို ဆောင်နိုင်တဲ့  စစ်သည်တစ်ဦးဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ်။

ဒုတိယအရာခံဗိုလ်မြင့်ထွေး (ပထမဆု နန်းတွင်းယိမ်း၊ စိတ်ကြိုက်ယိမ်း)

- ကျွန်တော့်အနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ယိမ်းအကပြိုင်ပွဲများဖြစ်တဲ့ နန်းတွင်းယိမ်း၊ တိုင်းရင်းသားယိမ်း၊ စိတ်ကြိုက်ယိမ်းသုံးမျိုးလုံးကို အားနဲ့အင်နဲ့ နေ့မနားညမအား ကြိုးစားပြီး ဝင်ပြိုင်ခဲ့ပါတယ်။ မျိုးဆက်သစ်တွေလည်းသင်ပေးရင်း ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်တာပါ။ ယခုပြိုင်ပွဲမှာဆုအနေနဲ့က နန်းတွင်းယိမ်းနဲ့ စိတ်ကြိုက်ယိမ်းမှာ ပထမဆု၊ တိုင်းရင်းသားယိမ်းမှာ ဒုတိယဆုနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ(နှစ်ပါးသွား)မှာ ဒုတိယဆု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲကို ပထမအကြိမ် စတင်ကျင်းပကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ နှစ်စဉ်ရခဲ့ပါတယ်။   ကျွန်တော့်အနေနဲ့ ဆရာတွေ သင်ကြားပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ပါတယ်။ လေ့လာ သင်ယူပါတယ်။ အခုလို ကျင်းပပေးတဲ့အတွက် တပ်မတော် အကြီးအကဲတွေနဲ့ ဒိုင်တွေ၊ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နှစ်စဉ်လည်း ကျင်းပပေးစေလိုပါတယ်။

ဒုတိယတပ်ကြပ်မျိုးမင်းမင်းဇော် (ပထမဆု မျက်လှည့်ပြိုင်ပွဲ)

- မျက်လှည့်ပြိုင်ပွဲမှာ  ပထမဆု ရရှိခဲ့ပါတယ်။ မျက်လှည့်ပညာဆိုတာ အဋ္ဌာရသ ၁၈ မျိုးထဲမှာ ပါပါတယ်။ ရှေးဘုရင်မင်းလက်ထက်က အမွေအနှစ် တစ်ခုဖြစ်တဲ့ အတွက် မျက်လှည့်ပညာက လူတိုင်းရဲ့စိတ်ကို ဖမ်းစားနိုင်အောင် လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် အဖွဲ့လိုက်ဆိုရင် စည်းလုံးမှု အား၊ စုစည်းမှုအားတွေ အများကြီးရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း အဖွဲ့လိုက်စည်းလုံးပြီး ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ   အများကြီး လုပ်ဆောင်လာပြီး ကျွန်တော့်အဖွဲ့သားတွေရဲ့   ကြိုးစားအားထုတ်မှု၊  ယုံကြည်မှု၊  လေ့ကျင့်မှု၊ လေ့လာမှုတွေကြောင့် ရခဲ့တာလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မျက်လှည့်ပညာက နိုင်ငံတကာနဲ့ယှဉ်ရင် အများကြီး ကြိုးစားရဦးမှာပါ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင်လည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ပြိုင်ပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လာရောက် အားပေးချီးမြှင့်တဲ့ အတွက်   များစွာဂုဏ်ယူမိပါတယ်။ အားလည်းရှိတယ်။  ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။

တပ်ကြပ်ကြီး(အစားခန့်) အေးမြသီတာ ပထမဆု အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်းတေး (အမျိုးသမီး)

- ကျွန်မက အဆိုသုံးမျိုးလုံးရော အငြိမ့်နဲ့ နှစ်ပါးသွားမှာပါ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ဆုအနေနဲ့ကတော့ အငြိမ့်ပြိုင်ပွဲ(အဖွဲ့လိုက်)မှာ ဒုတိယဆု၊ အဆိုပြိုင်ပွဲ ခေတ်ဟောင်းတေး (အမျိုးသမီး)ပြိုင်ပွဲမှာ ပထမဆု၊ အဆိုပြိုင်ပွဲ ခေတ်ပေါ်တေး(အမျိုးသမီး)ပြိုင်ပွဲမှာ ပထမဆုနဲ့ အဆိုပြိုင်ပွဲ ကာလပေါ်တေး (အမျိုးသမီး)မှာ   ပထမဆုတွေ ရရှိခဲ့ပါတယ်။  ဒီပြိုင်ပွဲကို  (၁၆)ကြိမ်မြောက်ကတည်းက  ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ဆုတွေအနေနဲ့ (၁၆)ကြိမ်မြောက်မှာ နှစ်ဆု၊ (၁၇)ကြိမ်မြောက်မှာ သုံးဆုနဲ့  အခု (၁၈)ကြိမ်မြောက်မှာ သုံးဆုရရှိခဲ့ပါတယ်။ အနုပညာနဲ့ တတ်စွမ်းသရွေ့ တပ်မတော် ဂုဏ်ဆောင်နိုင်တဲ့  ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

   ကျော်လွင်၊ ဇော်မျိုး(နေပြည်တော်)

Read 15 times
Rate this item
(0 votes)
Last modified on Tuesday, 10 September 2019 12:16