SJ WorldNews - шаблон joomla Авто

ဂျုံနှင့် ဓာတ်မတည့် ရောဂါများ

Tuesday, 25 February 2020 13:00 Written by  font size decrease font size decrease font size increase font size increase font size

ဂျုံဖြင့်ပြုလုပ်သော အစားအစာများစားလျှင် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း ခံစားရလေ့ ရှိသောကြောင့် ဂျုံနှင့်မတည့်သော ရောဂါများ အကြောင်းနှင့် စားသုံးသူနဲ့ အစားအစာဓာတ်တည့်၊ မတည့်စမ်းသပ်နည်းအကြောင်း စသည်များကို မြဝတီစာ ဖတ်ပရိသတ်များ သိရှိနိုင်စေရန် ဒေါက်တာခင်မောင်လွင် (FAME)နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ရပါသည်။

မေး။   ။ မင်္ဂလာပါဆရာ။ အချို့သူတွေဟာ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေစားရင် ဗိုက်နာတာ၊ ဝမ်းပျက်တာတွေ ခံစားရလေ့ရှိတော့ အဲဒါဘာ့ကြောင့် ဖြစ်ရတာပါလဲ။ ဂျုံနဲ့ဓာတ်မတည့်တဲ့ ရောဂါဆိုတာရော ဖြစ်တတ်ပါသလားဆရာ။

ဖြေ။   အင်မတန်ကောင်းတဲ့ မေးခွန်းလေးပါ။ ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်မျိုးစုံတွေဖြစ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်မုန့်မျိုးစုံ၊ ခေါက်ဆွဲ အစရှိတဲ့အစားအစာတွေဟာ လူတိုင်းနီးပါး မကြာခဏဆိုသလို စားနေကြတာပါ။ အချို့သူတွေမှာ ခုနကပြောခဲ့တဲ့ဗိုက်နာတာ၊ အစာအိမ်ရောဂါဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ကြုံကြရပေမယ့် ဂျုံမှုန့် သို့မဟုတ် သူ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကြောင့်ဆိုတာ သတိထားမိတဲ့သူ အတော်နည်းပါတယ်။ အခြားအကြောင်းတွေဖြစ်တဲ့ အစာမသန့်လို့တို့၊ ယင်နားစာစားမိလို့တို့ကိုပဲ  ထင်ကြတော့ သူ့ကြောင့်ဖြစ်မှန်း သိပ်မသိကြပါဘူး။   ဂျုံဆိုတာ အာဟာရတန်ဖိုး မြင့်မားပြီး လူတိုင်းစားသင့်တဲ့ သီးနှံထွက်ကုန်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ၁ ရာခိုင်နှုန်းသော သူတွေမှာ ဂျုံစားရင်ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာသုံးခု ရှိပါတယ်။ အဲဒါတွေကတော့-

(၁)  Wheat Allergy လို့ခေါ်တဲ့ ဂျုံမှုန့်နဲ့ဓာတ်မတည့်ခြင်း

(၂) Gluten Sensitivity လို့ခေါ်တဲ့ ဂျုံထဲမှာပါဝင်တဲ့ ဂလူတင်ဆိုတဲ့ ဓာတ်ပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း

(၃) Celiac Disease လို့ ခေါ်တဲ့   ပိုမိုပြင်းထန်တဲ့ အူသိမ်နံရံတွေ ပျက်စီးတဲ့ ရောဂါဆိုပြီး  သုံးမျိုးရှိပါတယ်။

မေး။   ။ ပထမအမျိုးအစားဖြစ်တဲ့   Wheat Allergy အကြောင်းကိုလည်း အနည်းငယ် ရှင်းပြပေးပါ။

ဖြေ။   လူတွေမှာ ကိုယ်နဲ့မတည့်တဲ့ အစားအစာ၊ ဆေးဝါး၊ အသုံးအဆောင်စသည်ဖြင့်ပေါ့။ ဥပမာ-တချို့ ပုစွန်မတည့်ဘူး။ တချို့ ဘားပလက်တို့၊ ပင်နီဆီလင်တို့၊ ဆာလ်ဖာတို့နဲ့မတည့်ဘူး။ တချို့ ဆံပင်ဆိုးဆေးနဲ့ မတည့်ဘူး အစရှိသဖြင့် မျိုးစုံတွေ့ဖူးကြမှာပါ။ အလားတူပါပဲ။ အချို့သူတွေမှာ ဂျုံနဲ့မတည့်တာ ဖြစ်တတ်ပါတယ်။

ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေစားပြီးရင် မိနစ်ပိုင်းကနေ နာရီပိုင်းအတွင်းမှာ  မတည့်တဲ့ လက္ခဏာတွေ စပြလေ့ရှိပါတယ်။ အချို့လည်း အနည်းငယ်သာ ပြလေ့ရှိပြီး အချို့ကျတော့ ဆိုးရွားတတ်ပါတယ်။ စားတာများရင် နောက်ဆုံးရှော့ဖြစ်ပြီး သေဆုံးတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ အလာဂျီဆိုတာကတော့ အခြားသူတွေအတွက် မည်သို့မှမဖြစ်စေတဲ့ ပစ္စည်းတစ်ခုဟာ မတည့်တဲ့သူရဲ့   ခန္ဓာကိုယ်ထဲကို ဝင်ရောက်ခဲ့ရင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။

မေး။   ။ ဒါဆိုရင်  သာမန်လူတစ်ယောက်အနေနဲ့ ဂျုံနဲ့တည့်၊ မတည့်  ဘယ်လိုများသိနိုင်ပါမလဲ ဆရာ။

ဖြေ။   ဒါကလည်းလွယ်ပါတယ်။ ဥပမာ-ပုစွန်နဲ့မတည့်သူဟာ ပုစွန်စားတိုင်းယားတယ်၊ ဗိုက်နာတယ်ဆိုရင် ပုစွန်နဲ့ မတည့်ဘူးလို့ မှတ်ယူလို့ ရပါတယ်။ ကိုယ်နဲ့ဘယ်အစားအစာတွေ မတည့်လဲဆိုတာကတော့ ဂရုစိုက်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဓာတ်မတည့်တဲ့ လက္ခဏာတစ်ရပ် ရပ်တွေ့ရင် အဲ့မတိုင်ခင်မှာ  ငါဘာတွေများ စားမိသလဲ။ ဘာဆေးတွေများ သောက်မိသလဲဆိုတာ ပြန်စဉ်းစားပြီး ဖော်ထုတ်ရပါမယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ စားပြီးမကြာခင်မှာ-

(၁) ပျို့မယ်၊ အန်မယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်၊ ဗိုလ်နာမယ်။

(၂) နှာခေါင်းပိတ်လာမယ်၊ နှာရည်တွေကျလာမယ်၊ နှာချေလာမယ်။

(၃)     ရင်ကျပ်လာမယ်၊ အရင်ကတည်းက  ပန်းနာရင်ကျပ်ရှိတဲ့သူတွေ ပိုသိသာပါတယ်။

(၄) ခေါင်းကိုက်လာမယ်။

(၅) ရုတ်တရက် သွေးပေါင်ချိန်ကျပြီး ရှော့ရနိုင်ပါ

တယ်။

သေချာအောင်   Skin-Prick test လို့ခေါ်တဲ့ အရေးပြားမှာ စမ်းသပ်နိုင်ပါတယ်။ ဂျုံမှုန့်ကို ရေနဲ့ဖျော်လိုက်ရင် ပရိုတင်းတွေဟာ ရေမှာပျော်ဝင်ပြီး ပါလာပါမယ်။ အဲဒီအရည်တွေကို အရေပြားပေါ်တင်ပြီး အပ်ချွန်လေးနဲ့ အရေပြားကို ထိုးဖောက်ပြီး မိနစ် ၂ဝ စောင့်ကြည့်ရပါတယ်။ လက်မောင်း သို့မဟုတ် ကျောကုန်းမှာ လုပ်နိုင်ပါတယ်။ မိနစ် ၂ဝ ကြာလို့မှ ဘာမှမဖြစ်ရင် ဂျုံနဲ့တည့်တာပေါ့။ အရေပြားပေါ်မှာ အနီရောင်အကွက်ကြီးပေါ်လာပြီး ဖောင်းနေရင် ဂျုံနဲ့မတည့်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ နောက်တစ်ချက်က သွေးဖောက်စစ်ဆေးနိုင်ပါတယ်။ သွေးထဲမှာ  Immunoglobulin E antibodies to wheat protein တွေ တက်၊ မတက်တိုင်းရပါတယ်။ သာမန်ရှိသင့်တဲ့ ပမာဏထက်များနေရင် ဂျုံနဲ့မတည့်တဲ့သူလို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

မေး။   ။ ဂျုံနဲ့ဓာတ်မတည့်သူ တစ်ဦးအနေနဲ့ ဘယ်လိုမျိုးကုသမှုတွေ ပေးရပါသလဲဆရာ။

ဖြေ။   လောလောဆယ် အတွက်ကတော့ သက်သာအောင် လုပ်ပေးရပါမယ်။

(၁)  Anti histamine ဆေးတွေပေးရပါတယ်။

(၂) Corticosteroid လိုအပ်ရင် သုံးရပါတယ်။ အထူးသဖြင့် ရင်ကျပ်ရင် သုံးရပါတယ်။

(၃) Adrenaline ကို ရှော့ဖြစ်ရင်သုံးရပါတယ်။

အရေးအကြီးဆုံးကတော့ နောင်ကိုဘယ်တော့မှ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ မစားဖို့ပါ။  နောက်တစ်ခါစားရင် ထပ်ဖြစ်မယ်။  ပိုပြီးတော့လည်း ဆိုးလာနိုင်ပါတယ်။

မေး။   ။ ဒုတိယအကြောင်းဖြစ်တဲ့   Gluten Sensitivity အကြောင်းလည်း ဆက်ရှင်းပြပေးပါ ဆရာ။ ပထမဆုံးအနေနဲ့ ဂလူတင်ဆိုတာ ကျွန်မတို့လို သာမန်ပြည်သူ တစ်ယောက်အနေနဲ့ သိပ်မကြားဖူးတော့ အဲဒီအကြောင်းကို အရင်ရှင်းပြ စေလိုပါတယ်။

ဖြေ။   ကောင်းပါပြီ။ ဂလူတင်အကြောင်းအရင်ဆုံး ရှင်းပြပေးပါမယ်။ ဂလူတင်ဆိုတာကတော့ ဂျုံထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ပေါင်းတစ်ခုဖြစ်ပြီး အဓိကအနေနဲ့ Prolamin  နဲ့ Glutelins ဆိုတဲ့   ပရိုတင်း မော်လီကျူးနှစ်ခု ပါဝင်နေပါတယ်။  ဂလူတင်ဆိုတဲ့ ဝေါဟာရကတော့ လက်တင်ဘာသာက ဆင်းသက်လာတာဖြစ်ပြီး မြန်မာလို ကော် (Glue)လို့ အဓိပ္ပာယ်ရပါတယ်။ စေးထန်းတဲ့သဘောလို့ ဆိုလိုတာပါ။ ဂျုံမှုန့်တွေ စေးနေရခြင်းဟာ သူ့မှာပါဝင်တဲ့ ဂလူတင်တွေကြောင့် ဖြစ်ပါတယ်။ ဂျုံမှာသာမက Rice နဲ့ Barley တွေလည်း ပါဝင် နေပါသေးတယ်။ ဂျုံထဲမှာပါဝင်တဲ့ ပရိုတင်း စုစုပေါင်းက ၁၃ ရာခိုင်နှုန်းရှိပြီး အဲဒီပရိုတင်းတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဂလူတင်တွေ ဖြစ်ပါတယ်။ အမေရိကန်

နိုင်ငံမှာ   သုတေသနပြုလုပ်ချက်အရ   သူတို့နိုင်ငံ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဟာ ဂလူတင်နဲ့ မတည့်တဲ့ သူတွေ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သူတို့ဆီမှာ ဂလူတင်မတည့်တဲ့သူတွေ အန္တရာယ်ကင်းစေဖို့ အစားအစာတွေမှာ ဂလူတင်ပါတယ်၊ မပါဘူးဆိုတာ ဖော်ပြရမယ်ဆိုပြီး FDA က ညွှန်ကြားထားပါတယ်။ ဂလူတင်မပါရင်တော့  Gluten Free  လို့ ရေးထားရင် စားသုံးသူတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်။ ဂလူတင်မတည့်တဲ့ သူတစ်ဦးဟာ   ဂလူတင်ပါဝင်တဲ့ အစားအစာတွေကိုစားမိရင် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

အဓိကအနေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာဖြစ်တဲ့ ပြဿနာတွေဖြစ်ပြီး နောက်တစ်ခုကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းပြင်ပလက္ခဏာတွေ ဖြစ်ပါတယ်။

ဂလူတင်နဲ့ ဓာတ်မတည့်တာကို Gluten Sensitivity သို့မဟုတ်  Non-celiac  gluten  sensitivity လို့ ခေါ်ပါတယ်။

မေး။   ။ ဂလူတင်နဲ့ ဓာတ်မတည့်သူတွေမှာ ဂလူတင်ပါဝင်တဲ့ အစားအစာတွေစားပြီး ဘယ်လောက်ကြာမှ မတည့်တဲ့ လက္ခဏာတွေ စပေါ်လေ့ရှိပါသလဲ ဆရာ။ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကရော ဘာတွေလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။   ။ ဂလူတင်နဲ့ မတည့်သူတွေဟာ ဂလူတင်ပါဝင်တဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေ စားပြီးပြီးချင်း ဖြစ်လေ့ မရှိပါဘူး။ နာရီအတော်ကြာမှ စတင်ဖြစ်လေ့ရှိပါတယ်။ အချို့လည်း နှစ်ရက်ကနေ တစ်ပတ်လောက် ကြာမှဖြစ်လေ့ ရှိပါတယ်။ အဓိကအနေနဲ့ အူနဲ့အစာလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေပေါ် လာတတ်ပါတယ်။ ပျို့ချင်အန်ချင်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်ထဲမှာ လေထိုးလေပွဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်တတ်ပါတယ်။ အချို့ကျတော့ ဝမ်းချုပ်တတ်ပါတယ်။ အချို့အစာအိမ် အချဉ်ပေါက်ပြီး အပေါ်ကို ပြန်တက်လို့   GERD လို့ အတိုကောက်ခေါ်တဲ့   Gastroe sophageal reflux disease တွေ ဖြစ်လာတတ်ပါတယ်။ မြန်မာပြည်မှာအဖြစ် များပါတယ်။ အဲဒီလိုဖြစ်ရင်   ရင်တွေပူလာတတ်ပါတယ်။ ပါးစပ်ထဲမှာ အပူနာတွေထွက်ပြီး ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့သူတွေဟာ ဂလူတင်နဲ့ မတည့်လို့ဖြစ်ကြောင်း မသိတော့ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေကိုစားလိုက်၊ ပြန်ဖြစ်လိုက်၊ ဆေးတွေသောက်လိုက် နည်းနည်းသက်သာသွားလိုက်နဲ့  သံသရာလည်နေတတ်ပါတယ်။ ဂျုံနဲ့ပြုလုပ်တဲ့ အစားအစာတွေကို ရှောင်လိုက်တာနဲ့ နှစ်ပတ်အတွင်း သက်သာသွားလေ့ ရှိပါတယ်။

မေး။   ။ Gluten Sensitive ဖြစ်သူတွေအနေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြင်ပလက္ခဏာတွေကိုလည်း နည်းနည်း ထပ်ရှင်းပြပေးပါဦး ဆရာ။

ဖြေ။   ။ ဟုတ်တာပေါ့။ ခုနကပြောဖို့ ကျန်နေသေးတယ်။ အစာအိမ်နဲ့အူလမ်းကြောင်း ပြင်ပမှာလည်း ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့-

(၁) ဓာတ်မတည့်မှုကြောင့်ဖြစ်ရတဲ့ လက္ခဏာတွေဖြစ်တဲ့ အရေပြားမှာ အဖုအပိမ့်တွေထွက်တာ၊ နှာခေါင်းပိတ်တာ၊  ပန်းနာရင်ကျပ်တာ၊ အရေပြားမှာ နှင်းခူနာဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

(၂)     ရေရှည်ဝမ်းပျက်ဝမ်းလျှောဖြစ်လို့  အာဟာရဓာတ်တွေဆုံးရှုံးလို့ ဖြစ်လာရတဲ့ ပြဿနာတွေကတော့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၊ အားအင်ကုန်ခန်းခြင်း၊ ခြေတွေလက်တွေ ထုံတာကျဉ်တာ၊  ဖောလိတ်ချို့တဲ့ ရောဂါနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ စတာတွေ တွေ့ရလေ့ ရှိပါတယ်။

(၃) သိပ်ကြာလာရင်တော့ ဦးနှောက်နဲ့အာရုံကြောတွေပါ ထိခိုက်လာတဲ့အတွက်  ခေါင်းမကြာမကြာကိုက်တာ၊  ခေါင်းမကြည်ဘဲဖြစ်နေတာကနေ စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတတ်ပါတယ်။ သူ့ထက်ဆိုးရင်  ပိုမိုပြင်းထန်တဲ့ စိတ်ရောဂါတွေ  ဖြစ်လာတတ်ပြီး Gluten Psychosis လို့ ခေါ်ပါတယ်။

မေး။   ။ အခုတတိယပိုင်းအနေနဲ့ ဂျုံစားရင်ဖြစ်လာ နိုင်တယ်ဆိုတဲ့ ဆီးလီယက်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလည်း ဆိုတာရှင်းပြပေးပါ။

ဖြေ။   ဆီးလီယက်ရောဂါကို  Gluten-Sensitive enteropathy  လို့ ခေါ်ပါတယ်။  ဂလူတင်ပါဝင်တဲ့ ဂျုံ၊ ဘာလီ၊ ရိုင်း အစရှိတဲ့ကောက်နှံတွေကို စားရာကနေ ခုခံအားစနစ်ရဲ့တုံ့ပြန်မှုကြောင့် အူနံရံတွေ ပါးလွှာပျက်စီးတဲ့ရောဂါ ဖြစ်ပါတယ်။ ဂလူတင်နဲ့မတည့်တဲ့သူ တစ်ဦးဟာ ဂလူတင်ပါတဲ့ အစားအစာတွေကို စားနေရာက အူနံရံတွေ တဖြည်းဖြည်း ပါးလွှာလာပြီး အာဟာရဓာတ်တွေကို စုပ်ယူနိုင်မှု မရှိတော့ပါဘူး။

အဲဒီအခါမှာ  ရေရှည်ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ ဗိုက်ထဲမှာ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာ၊ လေတွေနဲ့ ပွနေတာတွေ ဖြစ်ပါတယ်။ ကလေးတွေမှာဖြစ်ရင် အာဟာရချို့တဲ့လာပြီး ကြီးထွားမှုကို ထိခိုက်စေပါတယ်။ သွေးအားနည်းရောဂါ ခံစားရပြီး အားအင်ကုန်ခန်းချည့်နဲ့ နေတတ်ပါတယ်။ နောက်ပိုင်း ပိုဆိုးလာရင် ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် သေသေချာချာကုသမှု မခံယူခဲ့ရင်ပေါ့။

မြ၀တီ

Read 26 times
Rate this item
(0 votes)
Last modified on Tuesday, 25 February 2020 13:01